Local News political news

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို ငဖြီးကြီးလို့ စမ်းချောင်းအမတ်က အမည်တပ်၊ ကိုယ့်အလုပ် ကိုယ်မသိရင် မလုပ်နဲ့လို့ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ရန်ကုန်မြို့တော်ဝန်လည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုရရဲ့ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမောင်မောင်စိုးကို လုပ်ငန်းတာဝန်တွေကို မဆောင်ရွက်နိုင်တဲ့ ငဖြီးကြီးလို့ အမည်တပ်လိုက်ပြီး စမ်းချောင်းမဲဆန္ဒရှင်တွေက မြို့တော်ဝန်ကို တရားစွဲမယ်ဆိုရင် သူ့အနေနဲ့ သက်သေလိုက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော်ဝန်အနေနဲ့ ကိုယ့်အလုပ်တာဝန် ကိုယ်မသိရင် မလုပ်သင့်တော့ဘူးလို့လည်း သူက ဆိုပါတယ်။

NLD အစိုးရ အာဏာရရှိလာပြီး ၃ နှစ်သက်တမ်းကျော်လာချိန်မှာ အမတ်တွေနဲ့ အစိုးရတွေကြားမှာ ပွတ်တိုက်မှုတွေ ရှိနေပေမယ့်လည်း ဒီလိုကြီး နာမည်တပ်ပြီး တရားစွဲမယ်ဆိုရင် သက်သေလိုက်ပေးမယ်လို့ ပြောဆိုလိုက်တာကတော့ ထူးထူးခြားခြားဖြစ်နေပါတယ်။

ဘာကြောင့် ရန်ကုန်မြို့တော်ဝန်ကို ငဖြီးကြီးကို စမ်းချောင်းလွှတ်တော်အမတ်က ကင်ပွန်းတပ်ရတာပါလဲ။

စမ်းချောင်းမှာ ဖြစ်တဲ့ စည်ပင်ပြဿနာတွေ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်ထဲမှာရှိတဲ့ ကံ့ကော်လမ်း၊ အိမ်နံပါတ် ၁၂ မှာ မိလ္လာစနစ်ကနေပြီးတော့ မိလ္လာရေတွေ မြောင်းထဲကို စီးဆင်းနေတယ်ဆိုတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တွေက အကြောင်းကြားလို့ စည်ပင်သာယာရေးကော်မတီကို အကြောင်းကြားခဲ့ပေမယ့် ဖြေရှင်းပေးခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၂ ကြိမ်တိုင်တိုင် အာဏာပိုင်တွေနဲ့ လွှတ်တော်အမတ်ဦးဘိုဘိုဦးတို့ တိုင်ပင် ညှိနှိုင်းခဲ့ပေမယ့်လည်း ဖြစ်မလာခဲ့ပါဘူးလို့ ဆိုပါတယ်။

အလားတူပါပဲ။ စမ်းချောင်းမြောင်းထဲမှာ ရေဆိုးတွေကိုထုတ်တဲ့စနစ် မှားယွင်းမှုကြောင့် အောင်ချမ်းသာ ၆ လမ်းဘက်ကို ရေဆိုးတွေကျဆင်းနေတဲ့ကိစ္စ၊ စမ်းချောင်း မင်းလမ်းမှာ မိလ္လာစနစ် ချို့ယွင်းနေလို့ ပြည်သူတွေခက်ခဲနေတဲ့ ကိစ္စတွေမှာလည်း စည်ပင်ကို ဘယ်လိုပင်အကြောင်းကြားခဲ့ပေမယ့်လည်း ဖြေရှင်ပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အလားတူပါပဲ လေလွင့်ခွေးတွေ စမ်းချောင်းမှာ ပေါများနေလို့ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူးလို့ ဆိုပါတယ်။ လမ်းဘေးဈေးသည်၊ ကျူးကျော်ကိစ္စ၊ ဆိုင်တွေ ကျူးကျော်ပြီး ရှေ့တိုး ဆောက်ထားတဲ့ကိစ္စ တွေအားလုံးမှာ စည်ပင်ဘက်က တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဘူးလို့ ဦးဘိုဘိုဦးက ဆိုပါတယ်။

မန္တလေးစည်ပင်ကိုအားကျတယ်

လွှတ်တော်အမတ် ဦးဘိုဘိုဦးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ခုနှစ်နဲ့ နည်းဥပဒေသစ်တွေ ထွက်ရှိပြီးဖြစ်ပေမယ့်လည်း အခုအချိန်အထိ အကောင်အထည်မှုအပိုင်းမှာအားနည်းနေတာဟာ သံသယဖြစ်စရာရှိသလို မန္တလေးစည်ပင်ကို အားကျတယ်လို့ ဆိုပါတယ်။

“မန္တလေးစည်ပင်ယာလုပ်နေတဲ့ဥစ္စာတွေကို အရမ်းအားကျမိတယ်။ ဥပဒေစိုးမိုးရေးဘက်ကို သူတို့လုပ်ဆောင်နေတာ မန္တလေးစည်ပင်သာယာရေးဥပဒေနဲ့အညီ လုပ်ဆောင်နေတာတွေဟာ အင်မတန် အားရစရာကောင်းတယ်။ ကျနော်တို့ ဒီမြို့တော်ဝန်က သူက တာဝန်အရှိဆုံးပဲ။ မြို့တော်ဝန်က စည်ပင်သာယာရေးကော်မတီမှာ သူက အကြီးဆုံးပဲလေ” လို့ ဦးဘိုဘိုဦးက ဆိုပါတယ်။

ရန်ကုန်စည်ပင်ရဲ့ ပေါ့လျော့မှုတွေကြောင့် စမ်းချောင်းလမ်းတွေပေါ်မှာ လေလွင့်ခွေးတွေရှိနေပြီး ကလေးတွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေ အကိုက်ခံနေရတယ်လို့လည်းဆိုပါတယ်။

“လမ်းပေါ်မှာ ခဏခဏအကိုက်ခံနေရတဲ့ခွေးတွေ၊ ခွေးတွေကိုပဲ ကြောက်နေရတယ်၊ လူတွေသွားနေတယ်၊ ကလေးတွေက ကြောက်နေရတယ်။ အမျိုးသမီးလေးတစ်ယောက်ဆို ဟိုတစ်နေ့က လိုက်ဆွဲလို့ ကျနော်တောင် မောင်းထုတ်ပေးခဲ့ရသေးတယ် ခွေးကို။ ကျနော်ကိုယ်တိုင် မောင်းထုတ်ပေးခဲ့ရတယ်” လို့ ဦးဘိုဘိုဦးက ဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန် ဘာလို့ ဖြီးနေသလဲ

အများပြည်သူနဲ့ သက်ဆိုင်တဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေမှာ ဘာလို့ ရန်ကုန်မြို့တော်ဝန် လစ်ဟင်းနေပါသလဲ။ ဦးဘိုဘိုဦးကတော့ ရန်ကုန်မြို့တော်ဝန်ဟာ သူ့မှာ လုပ်ပိုင်ခွင့်မရှိသလိုပုံစံနဲ့ ဖြီးနေတယ်လို့ ဆိုပါတယ်။

“ဒါ စည်ပင်သာယာမှာ တာဝန်အရှိဆုံးပဲ။ စည်ပင်သာယာမှာ တာဝန်အရှိဆုံးမှာ စည်ပင်သာယာမှာ တာဝန်ယူတဲ့လူက သူ့မှာတာဝန်မရှိသလိုလို၊ အပေါ်ကိုပဲ ကြောက်သလိုလို၊ သူ့မှာပဲလုပ်ပိုင်ခွင့်မရှိသလိုလိုဆိုပြီးတော့ လူတွေကို အယုံသွင်းတာ ဒါ ဖြီးတာပဲဗျ၊ ဒါ ဖြီးတာပဲ။ ဒါကြောင့် စည်ပင်သာယာဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပါ၊ အဲဒီလိုဖော်တဲ့နေရာမှာ မြို့တော်ဝန်က အဓိကနေရာကနေ ရှိနေရမယ်ဆိုတာကို မြို့တော်ဝန်သိဖို့ကောင်းတယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန် အနေနဲ့ ကိုယ့်အလုပ်တာဝန်ကိုယ်မသိရင်တော့ မလုပ်သင့်တော့ဘူးလို့ သူက ဆိုပါတယ်။

“ကိုယ့်တာဝန်ကိုယ်မသိဘူးဆိုရင်တော့ ဒီအလုပ်လုပ်မနေနဲ့တော့လေဗျာ။ ကိုယ့်တာဝန်ကိုယ်မသိဘဲနဲ့ ဒီအလုပ်လုပ်နေတယ်ဆိုတာ ဒါ ဖြီးတာပဲဗျ။ ဒါကြောင့် ကျနော် ဖြီးတာလို့ကို သုံးလိုက်တာဗျ။ ဒါတော့ မဟုတ်ဘူးဗျ သိလား။ ဒေါက်တာရဲလွင် ဆိုတာ ကျနော် တစ်ခါမှလည်း မမြင်ဖူးဘူးပါဘူးနော်။ အပြင်မှာလည်း တစ်ခါမှ မဆုံဖူးပါဘူး။ ဒါပေမယ့် ကျနော် မန္တလေးကိုရောက်တဲ့အချိန်မှာ မန္တလေးလမ်းတွေ ဘယ်လိုရှိလဲ၊ မန္တလေးမှာ လမ်းတွေက သန့်ရှင်းပြီး လမ်းတွေဘယ်လိုခင်းနေလဲ၊ မန္တလေးမှာ လူတွေပျော်နေလား၊ အစစအရာရာ အများကြီးကွာတယ်ဗျ၊ အခြေအနေတွေ။ ကျနော်တို့ရန်ကုန်က ယခင်ရန်ကုန်နဲ့ ဘာမှမထူးသေးဘူးဗျ၊ ဘာမှမထူးသေးဘူး” လို့ ဦးဘိုဘိုဦးက ပြောပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးဟာ မြို့တေ်ာဝန် ရာထူးယူပြီး ၃ နှစ်အတွင်း ထိထိရောက်ရောက် ဘာလုပ်ပေးနိုင်ပြီလဲလို့ ဦးဘိုဘိုဦးက မေးခွန်းထုတ်လိုက်ပြီး ပြည်သူတွေ မလုံခြုံတဲ့ဘ၀ ခံစားနေရတာဟာ တာဝန်လစ်ဟင်းပြီး ဖြီးနေတာလို့ ဆိုပါတယ်။

“ ဒီမြို့တော်ဝန် တာဝန်ယူတာ ၃ နှစ်နီးပါးရှိသွားပြီဗျ။ ၃ နှစ်နီးပါးရှိသွားတဲ့အချိန်မှာ ထိထိရောက်ရောက် ဘာများလုပ်ပေးပြီးလဲ။ အခု ကျနော်တို့ပြောနေတဲ့ ဆိုင်တွေကျူးနေတဲ့ကိစ္စ၊ ဘာများလုပ်ပြီးပြီလဲ။ ကျနော်တို့မြို့နယ်မှာ အခု ဆရာမတို့ သွားလို့ရှိရင် မြင်နေရမယ်။ ကျူးနေတဲ့ဆိုင်တွေ လမ်းမပေါ်မှာ၊ မြင်မကောင်းဘူး၊ လူတွေက အကုန်လုံး လမ်းမပေါ် ဆင်းလျှောက်နေရတယ်၊ ကားတွေကြားထဲကနေပြီးတော့။ ဒါ ပြည်သူ့အတွက်ကို Safety ပဲဗျ။ ပြည်သူ့ရဲ့ လုံခြုံမှုမရှိတဲ့ဘဝကို ဖြစ်နေတာ ဒါတွေက ကျနော်တို့ ဆောင်ရွက်ပေးရမှာ။ ၂၀၁၈ ခုနှစ် စည်ပင်သာယာဥပဒေကို ကျနော်တို့ စောင့်ဆိုင်းခဲ့တယ်။ ဘာတွေများ သူဆောင်ရွက် ပေးသလဲ၊ ဘာမှဆောင်ရွက်မပေးဘူး ကျနော်ပြောတာ။ ဒါကြောင့် ကျနော် ဖြီးနေတာလို့ပြောတာဗျ” လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေနဲ့ စမ်းချောင်းလွှတ်တော်အမတ် ဦးဘိုဘိုဦးရဲ့ ပြောကြားချက် တွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးဆီက မှတ်ချက်ရယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း တရားဝင်စာတင်ပြဖို့ပဲ စည်ပင်သာယာဘက်က တုံ့ပြန်ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com