All News Local News

ရန်ကုန်မြို့တော်ဝန်ကို “ငဖြီးကြီး” ဟု စမ်းချောင်းအမတ် ခေါ်ဆိုမှု တိုင်ကြားစာ မရှိသော်လည်း ပါတီတွင်း ဆွေးနွေးရန်ရှိဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကို စမ်းချောင်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ငဖြီးကြီးဟု အမည်တပ်ခေါ်ဆိုသည့်ကိစ္စသည် ပါတီတွင်းကိစ္စဖြစ်ပြီး ပါတီအနေဖြင့် ယင်းကိစ္စရပ်အပေါ် မည်သည့် သဘောထားမှတ်ချက်ဖြင့် အရေးယူမည်ဆိုသည်ကို တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေး ကြောင်း NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြို့တော်ဝန်ကို ငဖြီးကြီးဟု ခေါ်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားထားသည့် ကိစ္စ တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ပါတီအတွင်း အရေးယူမည်ဆိုသည်ထက် ဆွေးနွေးမှုရှိမည်ဖြစ်ကြောင်း၊ ပါတီတွင်း ကိစ္စဖြစ်၍ ထုတ်ပြန်ရန်လည်း မရှိကြောင်း၊ စစ်ဆေးချက်ပေါ်မူတည်၍ ဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။

“အခုထိတော့ တိုင်စာလည်းမတွေ့ရသေးဘူး။ တင်၊ မတင်လည်း မသိသေးဘူး။ အဲဒီအပေါ် စစ်ဆေးပေါ်ပေါက်ချက်တွေမူတည်ပြီး လုပ်သွားမှာပါ။ ပါတီတွင်းကိစ္စဖြစ်တော့ ထုတ်ပြန်ဖို့တော့ သိပ်မရှိဘူး။ ဆွေးနွေးတာတော့ရှိမယ်။ ကျနော်တို့ဘာမှ ဆုံးဖြတ်ချက်ထားတာမရှိသေးပါဘူး” ဟု ဒေါက်တာမျိုးညွန့် က ပြောသည်။

စမ်းချောင်းမြို့နယ်တွင် စည်ပင်သာယာရေးကိစ္စ များ ဆောင်ရွက်ပေးရန် တင်ပြမှုကို တစ်စုံတစ်ရာ တုံ့ပြန် လုပ်ဆောင်မှု မရှိသဖြင့် စမ်းချောင်းမြို့နယ်အမတ် ဦးဘိုဘိုဦးက မြို့တော်ဝန်ကို ငဖြီးကြီးဟု အမည်တပ်ခဲ့ပြီး ယင်းသို့ အမည်တပ်ပြီးနောက် စည်ပင်က စမ်းချောင်းမြို့နယ်တွင် သက်ဆိုင်သော စည်ပင်သာယာရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း စမ်းချောင်းဒေသခံများက ဆိုသည်။

“အခုတော့ မနက်ဆို စမ်းချောင်းထဲမှာ စည်ပင်တွေ အုပ်လိုက်ကြီးပဲ။ ဆိုင်တွေ ရှေ့ထုတ်တာတွေဖယ်ခိုင်း၊ ပျံကျဈေးသည်တွေ ရှင်းတာတွေတော့ တွေ့တယ်။ ရေမြောင်း၊ အမှိုက်တွေလည်း သိမ်းတာတွေ့တယ်။ အမှန်က ဒါက ပုံမှန် စည်ပင်က နေ့တိုင်းလုပ်ရမှာ။ အခုက ငဖြီးလို့ အခေါ်ခံရမှ လုပ်သလို ဖြစ်နေတယ်။ ပျံကျဈေးသည်တွေကတော့ ဖမ်းတဲ့အချိန်တော့ ရှင်းသွားတယ်။ ပြီးရင် ပြန်ရောက်လာတာပဲ” ဟု စမ်းချောင်းဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် စမ်းချောင်းအမတ် ဦးဘိုဘိုဦးတို့ ၂ ဦးစလုံးမှာ NLD ပါတီဝင်များဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com