All News China Watch Local News

ရန်ကုန်မြို့တော်ခန်းမရှေ့ မြစ်ဆုံစီမံကိန်း ဆန္ဒပြပွဲတွင် တရုတ်နိုင်ငံအလံမီးရှို့ရန် ကြိုးပမ်းခဲ့၊ ကိုဟန်ဝင်းအောင်ကို ရဲများ ဝရုန်းသုန်းကားလိုက်လံဖမ်းဆီးသော်လည်း မမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ မွန်းလွဲ ၃ နာရီက မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် တရုတ်နိုင်ငံတော်အလံကို မီးရှို့ရန် ကြိုးပမ်းခဲ့သော်လည်း အာဏာပိုင်များ ဝင်ရောက် တားဆီးခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။

အဆိုပါ ဆန္ဒပြပွဲတွင် လက်ပံတောင်းအရေးဦးဆောင်လှုပ်ရှားသူ ကိုဟန်ဝင်းအောင် ထွက်ပေါ်လာခဲ့ပြီး မြစ်ဆုံစီမံကိန်းကို လူထုတိုက်ပွဲဖြင့် ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ပြောဆိုပြီး တရုတ်အလံကို ထုတ်ချိန်တွင် အာဏာပိုင်များက ဝင်ရောက်တားဆီးခဲ့သည်။ ယင်းနောက် ကိုဟန်ဝင်းအောင်ကို တက်ကြွလှုပ်ရှားသူများက ဝန်းရံ၍ ခေါ်ဆောင်ချိန်တွင် ရဲများက အင်အားအလုံးအရင်းဖြင့် လိုက်လံဖမ်းဆီးခဲ့သော်လည်း ဖမ်းမမိခဲ့ချေ။

ကိုဟန်ဝင်းအောင်သည် လက်ပံတောင်းအရေး လှုပ်ရှားမှုများတွင် အာဏာပိုင်များက ပုဒ်မများစွာဖြင့်အမှုဖွင့်ခံထားရဆဲဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“သူ့ကို ရဲတွေက အရင်အမှုဟောင်းတွေနဲ့ အမှုဖွင့်ထားတုန်းပဲ။ အခုက မြစ်ဆုံကိစ္စမို့ သူပြန်ထွက်လာတာဆိုတော့ လိုက်ဖမ်းတယ်လို့ ထင်ပါတယ်။ ဒီနေ့လည်းအလံ မီးရှို့ ဖို့ ဒီဇယ်ပုလင်းတောင် ဖွင့်ပြီးပြီ။ ကျနော်တို့ သိထားတာ အဲဒါတွေတော့ အာဂျန်ဒါထဲမှာ မပါဘူး။ သူ့သဘောနဲ့ သူ ကြားပေါက်ဝင်လာတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ဆုံစီမံကိန်း ဆန့်ကျင်သော လှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts