All News Local News

ရခိုင်၊ မင်းပြားတွင် အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ဒုတိယမြောက်ပစ်သတ်ခံရသည့် အရပ်သားဖြစ်လာပြီး တရားခံ မမိသေး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ပန်းမြောင်းရွာဟောင်းရပ်ကွက်တွင် ယမန်နေ့ ညပိုင်းက အရပ်သားတစ်ဦးဖြစ်သူ ဦးမောင်အေးသိန်းကို အမည်မသိသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်း ဦးမောင်အေးသိန်းကို သေနတ်သမားတစ်ဦးက နေအိမ်အတွင်းသို့ ဝင်ရောက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ လတ်တလော တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မြေပုံမြို့နယ်တွင်လည်း ဒီဇဘာလ ၂၄ ရက်နေ့က အလားတူ ပစ်သတ်မှုဖြစ်ပွားခဲ့ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်သန်းမောင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ အမှု နှစ်ခုစလုံးတွင် တရားခံများ ဖမ်းမိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“တရားခံတွေက စုံစမ်းနေဆဲပါခင်ဗျ။ မမိသေးပါဘူး။ မင်းပြားရော၊ မြေပုံရောက ပစ်သတ်ခံရတဲ့ အမှုတွေအတွက် စုံစမ်းနေဆဲပါပဲ” ဟု ရဲမှူးကြီးကြည်လင်းက ဆိုသည်။

ယမန်နေ့ညက သေဆုံးသွားသော ဦးမောင်အေးသိန်းသည် သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးခြင်းဖြစ်ပြီး ကျည်ဆန်အပါအဝင် သက်သေခံများကိုရဲတပ်ဖွဲ့က သိမ်းဆည်းထားမိကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts