All News Local News

ရခိုင်စုံစမ်းရေးကော်မရှင် ဘင်္ဂလားဒေ့ရှ် ကော့ဘဇား သို့ သွားရန်ဆွေးနွေး၊ လူ့အခွင့် အရေးချိုးဖောက်မှု ဆိုင်ရာ သက်သေသတင်း ပေးပို့နိုင်မှုကာလ ၁ လ ထပ်တိုး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မြန်မာအစိုးရက ဖွဲ့စည်းထားသည့် ရခိုင်အရေး လွတ်လပ်သော စုံစမ်းရေးကော်မရှင်သည် ဘင်္ဂလားဒေ့ရှ် ၊ ကော့ဘဇားသို့ သွားရောက်ရန် ဆွေးနွေးမှုများရှိနေပြီး ရခိုင်ပြည်နယ်သို့လည်း ဒုတိယအကြိမ်သွားရောက်ရန် ဆွေးနွေးမှုများရှိနေကြောင်း သိရှိရသည်။

ရခိုင်လွတ်လပ်သော စုံစမ်းရေးကော်မရှင်က ဇန်နဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ယင်းသို့ ဆွေးနွေးမှုများရှိနေကြောင်း ဖော်ပြထားပြီး ရခိုင်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အချက်အလက်ပေးပို့နိုင်မှု အချိန်ကာ လသက်တမ်းကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားရာမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့သို့ အချိန်ကာလ ၁ လ ထပ်မံ သက်တမ်းတိုးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်လွတ်လပ်သော စုံစမ်းရေးကော်မရှင်သည် ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ငါးကြိမ်မြောက်အဖြစ် လေ့လာ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မောင်တောစုံစမ်းရေးကော်မရှင်မှ ဦးဇော်မြင့်ဖေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ICRC အကြီးအကဲတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ဥက္ကဋ္ဌ၊ ဦးမြသိန်း၊ ဂျပန်နိုင်ငံမှ ကင်ဇိုအိုရှီးမား၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့က အဖွဲ့ဝင် အဖြစ်ပါဝင်နေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com