All News interview

“မြစ်ဆုံလုပ်လာရင် တရုတ်ဆန့်ကျင်ရေးတွေလုပ်ပြီးတော့ အခြားသော အနောက်တိုင်းက လိုလားတဲ့ပုံစံမျိုးကလည်း ဝင်လာနိုင်စရာအကြောင်းရှိပါတယ်”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

စာရေးဆရာဒေါက်တာခင်မောင်ညိုနှင့်တွေ့ဆုံခြင်း

ကျောင်းဆရာလည်းဖြစ်ပြီး စာရေးဆရာလည်းဖြစ်သည့် ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုသည် NLD ကို ဝန်းရံ ထောက်ပံ့ပေးနေသည့် ပညာရှင်များထဲ တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွစွာ ပါဝင်သူဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးလှည့်လည်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောနေသူလည်းဖြစ်သည်။ မြစ်ဆုံအရေးကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာခင်မောင်ညိုကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ၂၀၁၁ ခုနှစ် ဒီမြစ်ဆုံကို ရပ်ဆိုင်းမယ် ဆိုပြီးတော့ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ တယ်။ ဦးသိန်းစိန်က ဘာကြောင့်မို့ ဒီ တရုတ်ကလုပ်နေတဲ့ CPI က လုပ်နေတဲ့ မြစ်ဆုံကို ရပ်ဆိုင်းခဲ့ တာလဲ။

ဖြေ ။ ။ တကယ့်တကယ်တော့ အဲဒီအချိန်မှာ မြစ်ဆုံစီမံကိန်းစမယ်ဆိုတော့ ဖြစ်လာကြတယ်။ ပြီးတော့ မြန်မာပြည်ကလည်း အဲဒီအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ အပြီးပေါ့ ဦးသိန်းစိန်တက်လာတော့ ဒီမိုကရေစီ စပြီးတော့ရတဲ့အချိန်လို့ လူတွေက သတ်မှတ်ကြတယ်။ အဲဒီတော့ ဦးသိန်းစိန်အစိုးရကလည်း ဘယ်လောက်ထိ လိုက်လျောမယ်၊ ဘာတွေဖြစ်မလဲပေါ့။ အဲဒါထိုင်ကြည့်တယ်။ ဒီလိုအချိန်မှာ မြစ်ဆုံကြီးက လုပ်တော့မယ်ဆိုတော့ မြစ်ဆုံက ဘယ်လောက်ထိခိုက်မှုရှိလဲ၊ မထိခိုက်ဘူးလဲ ဒါတွေကို လေ့လာတာပေါ့။

လေ့လာတဲ့ ပညာရှင်အဖွဲ့တွေ အများကြီးရှိတယ်။ အဲဒီတော့ ပညာရှင်တွေက ပြောကြတယ်။ မြစ်ဆုံက ပြဿနာကြီးအကြီးကြီးရှိတယ်၊ အဲဒီတော့ ပြဿနာအကြီးကြီးဆိုတာ အဲဒီနေရာမှာ ငလျင်တွေလှုပ်မယ်၊ တကယ်လို့ ငလျင်ကြောနဲ့နီးလို့ ငလျင်လှုပ်ရင် ဒီ သူတို့လုပ်ချင်တဲ့ ရေကာတာကလည်း တသီတတန်းကြီး ဖြစ်နေတယ်။ ၆ ခု၊ ၇ ခုလောက်ရှိတယ်။ အဲဒီ ၆ ခု၊ ၇ ခုက တစ်ခုခုပြိုကျလိုက်ရင် နောက်တစ်ခုကို ဆက်တိုက်ဆက်တိုက် ပြိုကျစရာအကြောင်းရှိတယ်။


အဲဒီတော့ တစ်ခုတည်းတောင်မှ Chance ရှိတယ်ဆိုရင် ၆ ခု၊ ၇ ခုထဲမှာ တစ်ခုလောက်များ ပြိုကျသွားခဲ့ရင် ဘယ်လိုလုပ်မလဲပေါ့။ တစ်ခုက ရေတွေအများကြီးထိန်းထားမယ်၊ အဲဒီတစ်ခုကနေပြီးတော့၊ အပေါ်ဆုံးတစ်ခု ကနေပြီးတော့ နောက်တစ်ခုကို ဆက်ကာဆက်ကာဆိုတော့ Domino Effect တွေ ဝင်လာမယ်။ နောက်တစ်ခုက တရုတ်ပြည် ယန်စီမြစ်မှာရှိတဲ့ Dam တွေလည်း ဒီအတိုင်းပဲ၊ Three Project Dam တို့လည်း ဒီအတိုင်းပဲ။ သူတို့တွေ များလာတဲ့အခါမှာ ရေတွေများလာပြီဆိုရင် ငလျင်ကဖြစ်လာတယ်လို့ တွေ့ရတယ်။ ငလျင်တွေကိုပါ ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆတာပေါ့၊ ဒီ ရေတွေများလာလို့။ အဲဒီတော့ ရေတွေများလာရင် နဂိုက ငလျင်ကြောနဲ့နီးကပ်နေတဲ့ မြစ်ဆုံဟာ ငလျင်ကို ဖြစ်စေမလားပေါ့။ အဲဒီလိုမျိုးလုပ်ဆောင်ရင် ဘာတွေဖြစ်မလဲဆိုတော့ အကုန်လုံး ပညာရှင်တွေက မြန်မာပြည်က ပညာရှင်တွေအကုန်လုံး လေ့လာတဲ့အခါမှာ အမေရိကားမှာဆိုရင် ဆည်ကြောင့် မြို့တစ်မြို့လုံး ကုန်သွားတဲ့ဟာမျိုးရှိတယ်။ ဒါတွေက သင်ခန်းစာတွေပဲဆိုတော့ပြီးတော့ မြန်မာက ဒီအကြောင်းတွေပြောတာပေါ့ဗျာ။ အဲဒီတော့ ဆရာခုနပြောသလိုပေါ့ နှစ်ဖက်တော့ရှိတယ်၊ မကောင်းတဲ့ဘက်ကတော့ ပိုအားကောင်းသွားလားမသိဘူး။


လူတွေကတော့ အကုန်လုံး လှုပ်လှုပ်ရွရွဖြစ်လာတယ်။ မကျေနပ်မှုတွေ များလာတယ်။ နောက်တော့ တရုတ်ကလည်း လာလုပ်မယ်ဆိုတော့ သိတဲ့အတိုင်းပဲ တရုတ်က လုပ်တိုင်းလုပ်တိုင်းမှာ ပြဿနာ နည်းနည်း နည်းနည်းတော့ ရှိတတ်တယ်။ အဲဒီ သူ ပြဿနာနည်းနည်းက မြစ်ကြီးနားတစ်မြို့လုံး ရေမြုပ်သွားနိုင်တဲ့ ပြဿနာ ဖြစ်လာရင် ဘယ့်နှယ်လုပ်မလဲ စသည်ဖြင့် လူတွေက ဒီအကြောင်းအရာတွေ စပြောရင်းနဲ့ မြစ်ဆုံကို ကန့်ကွက်မှုတွေ တဖြည်းဖြည်းချင်းဖြစ်လာကြတယ်။ အဲဒီတော့ ဒီကန့်ကွက်မှုဖြစ်လာတာနဲ့တစ်ပြိုင်နက် အသံကြီးကလည်း ကျယ်လာပြီ၊
တစ်ပြည်လုံးကလည်း အဖွဲ့အစည်းတွေ၊ CSO တွေကလည်း လာကြပြီ၊ ကျန်တဲ့ ရိုးရိုး ပရဟိတအဖွဲ့တွေကလည်း လာကြပြီ၊ ပြောကြပြီ၊ ဆိုကြပြီ၊ မြစ်ဆုံမှာ တစ်ခါတည်း တွေ့ဆုံကြတယ်၊ ဒီအကြောင်းပြောကြတယ်။ နောက်တစ်ခုက မြစ်ဆုံဆိုတာ အင်မတန်လှပတဲ့အရပ်၊ မြစ်ဆုံဟာ အင်မတန်လှပတဲ့အရပ်။

မြန်မာပြည်ရဲ့ အခေါင်အဖျားကနေ တန်ဖိုးထားရတဲ့နေရာဆိုတော့ ဒီနေရာလေးလည်း မပျက်စီးစေချင်ဘူးပေါ့။ ပျက်စီးသွားမှာလည်း အရမ်းစိုးရိမ်တယ်။ ဒီနှစ်ခုကြောင့် လူတွေ ကန့်ကွက်မှုတွေများလာပြီ၊ များလာတော့ တရုတ် CPI ကုမ္ပဏီကလည်း သူတို့ ဘာလုပ်ရမှန်းမသိဘူး၊ ဘယ်လိုဆက်လုပ်ရမယ်၊ အစိုးရအဖွဲ့ကလည်း အသစ်၊ အရင်တုန်းက စစ်အုပ်ချုပ်ရေးလေ၊ စစ်အုပ်ချုပ်ရေးနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တယ်၊ ဦးသိန်းစိန်လက်ထက်မှာ ဒါကြီးကို ဆက်ပြီးတော့ တို့ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ ဦးသိန်းစိန်ကလည်း ဒါ သူ့ရဲ့အခွင့်အရေးပဲဆိုတော့ သူက ဒီဟာတော့ဖြင့် ပြည်သူရဲ့အသံအတိုင်း နားထောင်ပြီးတော့ လုပ်ပါတယ်ဆိုပြီးတော့ မြစ်ဆုံကြီးကို ပိတ်သိမ်းလိုက်ရတာဖြစ်ပါတယ်။ သူ့လက်ထက်မှာတော့ ပိတ်သိမ်းတယ်ဆိုတော့ ဆင်ဝှေ့ရန်ရှောင်တဲ့နည်းနဲ့ သူလုပ်သွားတာဖြစ်ပါတယ်။

မေး ။ ။ အဲဒီကာလက မြစ်ဆုံမလုပ်ဖို့လှုပ်ရှားတဲ့ လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွကြွ ပါခဲ့တယ်နော်။


ဖြေ ။ ။ ဟုတ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း အဲဒီတုန်းက အတိုက်အခံပါတီပေါ့နော်၊ NLD က အတိုက်အခံပါတီ၊ ပြည်သူတွေထိခိုက်မယ့်ဟာတွေ အားလုံးဆိုရင် NLD ကလည်း ပါဝင်တာပဲ။ ကျန်တဲ့နေရာတွေလည်းပါတယ်၊ မြစ်ဆုံတင်မကဘူး၊ ကန်တဲ့နေရာ ဘာလုပ်လုပ် NLD က ပါဝင်ပြီးတော့ သူတို့က ဒီဟာကို မှန်ကန်တဲ့နည်းလမ်းကို သွားအောင်၊ ရောက်အောင် လုပ်မယ်ဆိုတဲ့ဟာ ကိုသာလွန်ဇောင်းထက်ဆိုလိုတာ ကျနော်သိတယ်၊ ဘာလို့လဲဆိုရင် ခုချိန်မှာ သူတို့ ဒီလိုမျိုးလုပ်ဖို့ဟာ သူတို့က အုပ်ချုပ်တဲ့လူဖြစ်သွားတော့ သူတို့ အရမ်းအလုပ်များသွားတယ်၊ သူတို့က ပြည်သူ့အသံကို နားထောင်ဖို့ အချိန်ရှိလား၊ မရှိလားဆိုတာမျိုးလေးတွေကအစ ကျနော်တို့ စဉ်းစားရမှာဖြစ်တယ်။ အဲဒီတော့ ဒီလှုပ်ရှားမှုမှာ ဒီအချိန်မှာတော့ သူတို့ မပါဝင်လာတော့ဘူးဆိုတာ သေချာပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံတုန်းက မြစ်ဆုံစီမံကိန်းရပ်ဖို့ တက်တက်ကြွကြွပါခဲ့တယ်။ ခု အုပ်ချုပ်သူဖြစ်လာတဲ့အချိန်မှာကျတော့ ဒါ သူတို့ကိုယ်တိုင်ကိုယ်က ဒီစီမံကိန်းကို ကော်မရှင်တွေဖွဲ့ထားတာလည်းရှိတယ်၊ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာလည်းရှိတယ်၊ မြစ်ဆုံစာချုပ်ကို ပြည်သူလူထုကို ချပြမယ်ပေါ့။ ဆိုတော့ ဘာကြောင့်မို့လို့ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တဲ့အတိုင်း စာချုပ်ကို ချမပြတာလဲ၊ ပြီးတော့ ဒီမြစ်ဆုံနဲ့ပတ်သက်ပြီးတော့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဘာကြောင့် ပြည်သူကို ပွင့်ပွင့်လင်းလင်း ချမပြတာလဲ။


ဖြေ ။ ။ ဒီစာချုပ်ကို ကျနော်တို့လည်း အကုန်လုံးပေါ့လေ ချပြစေချင်တယ်၊ ပွင့်လင်း မြင်သာမှု ဆိုတာ အဲဒီနေရာမှာ ရှိစေချင်တာပေါ့။ အဲဒီတော့ တရုတ်ဘက်က ပေးတာလား၊ ကျနော်တို့ပဲ မသိတာလား၊ တခြားအကြောင်းကြောင်းတွေကြောင့်လား ဆိုတာ ကျနော်တို့ စဉ်းစားစရာဖြစ်တာပေါ့။


အဲဒီတော့ ဒေါ်စုအနေနဲ့က တွန်းတွန်းထိုးထိုးနဲ့ သူလုပ်ပေးရမယ့်ကိစ္စမျိုးတွေ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ကတော့ အဲဒီလိုမျိုး လုပ်စေချင်တာပေါ့။ ဒါပေမယ့် political diplomatic Relation တွေနဲ့ ပတ်သက်ပြီးတော့ တကယ်တမ်း အစိုးရဖြစ်လာပြီဆိုရင် ထိန်းသိမ်းရတာလေးတွေ ရှိမယ်လို့ထင်ပါတယ်။ အဲ့ဒါကြောင့်လည်း သူက နည်းနည်းလေး အချိန်စောင့်တာလားလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ တရုတ်နိုင်ငံက ဘာကြောင့်မို့ မြစ်ဆုံစီမံကိန်းကို သူတို့ လက်မလျှော့တာလဲ။ ၇ နှစ်လည်းကြာခဲ့ပြီ၊ ဘာကြောင့် သူတို့မှာ ဒီဟာကြီးကို ထပ်ပြီးတော့ တွန်းတွန်း တိုက်တိုက်နဲ့ တစ်ခါ ပြည်သူ့အစိုးရလက်ထက်မှာ ထပ်ပြီးတော့ ဒီဟာကိုလုပ်ဖို့ ကြိုးစားလာတာလဲ။


ဖြေ ။ ။ တရုတ်နိုင်ငံလို့တော့ ပြောလို့မရဘူး၊ CPI လို့ ပြောလို့ရပါတယ်။ CPI ကနေပြီးတော့ ဘာဖြစ်လို့ ဒါတွေကိုဆက်ပြီးလုပ်ချင်လဲပေါ့။ ဒီကုမ္ပဏီတွေကတော့ သူတို့ထုံးစံအတိုင်းပေါ့၊ ဒီအလုပ်တစ်ခုကို သူတို့ပြီးအောင်လုပ်မယ်၊ ဒါတွေလုပ်မယ်၊ သူတို့တာဝန်ချထားတာ သူတို့ပြီးအောင်လုပ်မယ်၊ လုပ်လို့ရတာတွေကို ပြန်ဝင်တိုးပြီး တော့ လုပ်တာပဲ။ ဆီလိုအပေါက်ရှာပြီး လုပ်တဲ့ဟာတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်ထင်ပါတယ်၊ သူကလည်း သူ့လုပ်စရာရှိတာ သူလုပ်မှာပဲ။ ကျနော်တို့ကလည်း ကျနော်တို့ မကျေနပ်ဘူး၊ ကျနော်တို့က ဒါ မသင့်တော်ဘူးဆိုတဲ့ဟာကို ကျနော်တို့ ပြောစရာရှိတာတော့ ဆက်ပြောနေရမှာပဲလို့ ကျနော်တို့ထင်ပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၇ နှစ်က အခြေအနေအတိုင်းပဲ မြစ်ဆုံဟာ အန္တရာယ်ကြီးတယ်လို့ အားလုံးကပြောခဲ့တဲ့ ရပ်တည်ချက်က ဒီအချိန်မှာ ပြည်သူလူထုကရော ၊ ပညာရှင်တွေဘက်ကရော အမြင်ပြောင်းသွားပြီလား။


ဖြေ ။ ။ ဘယ်ပြောင်းလဲပါ့မလဲ၊ ဒီဥစ္စာက ဒီကိစ္စတွေက ကြာလာကြာလာလေ ရာသီဥတုကလည်း ပိုဆိုးလာတယ်၊ ဒီနှစ်ကဆိုရင်လည်း သိတဲ့အတိုင်းပဲ အများကြီးဖြစ်တာပေါ့လေ၊ ခန္တီးမှာဆိုရင် ၁၀၀ ကျော်တယ် ငလျင်ပေါင်းက၊ ခန္တီးနဲ့ မြစ်ဆုံက သိပ်မဝေးဘူး၊ တကယ့်တကယ် ကမ္ဘာ့မြေပုံထဲကြည့်ရင် ကပ်နေတာပဲ။ အဲဒီတော့ ဒီလိုမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့က အများကြီးနစ်နာတယ်လေ။ ဖြစ်စရာအကြောင်းက ပိုပြီးတော့ ကြာလေ ပိုများလာလေပဲ၊ ဒီမြစ်ဆုံစီမံကိန်း ထိခိုက်မယ့်ဟာကတော့ ကျနော်ထင်ပါတယ်၊ သဘာဝပတ်ဝန်းကျင် ပိုထိခိုက်လာမယ်၊ ကျနော်တို့အတွက် ဒုက္ခတွေပိုရောက်လာမယ်လို့ ထင်ပါတယ်။ ၇ နှစ်ကြာရင် ပိုဆိုးလာမယ်လို့ ကျနော်တို့ ယူဆပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ဘာကြောင့်မို့လို့ ပွင့်လင်းမြင်သာမှု နည်းတာလဲ။ အခု တရုတ်ဘက်ကနေပြီးတော့ ကြိုးစားလာတာရှိတယ်၊ ဒါပေမယ့် လက်ရှိ အစိုးရအနေနဲ့ ဒါ ဦးသိန်းစိန်အစိုးရလိုမျိုး ပြတ်ပြတ်သားသား No ဆိုတာမျိုး သူတို့ ဘာကြောင့်မပြောတာလဲ။


ဖြေ ။ ။ ကျနော်တို့က ပထမဆုံး ကော်မရှင်ဖွဲ့တယ်၊ ကော်မရှင်က အစီရင်ခံစာတော့ တင်ပြီးသွားပြီပေါ့။ ဒါပေမယ့် အစီရင်ခံစာလည်း ပြည်သူကိုမချပြဘူးဗျာ။ အဲဒီတော့ ဒါလုပ်သင့်လား၊ မလုပ်သင့်လားလဲ ဘယ်သူမှ သေချာလည်းမသိဘူး။ အဲဒီတော့ အဲဒီတစ်ချက်ကလည်း တော်တော်လေးဆိုပါတယ်။ ကော်မရှင်အစီရင်ခံစာလည်း ကျနော်တို့ပြည်သူတွေ သိချင်တယ်။ ဒါကြီးက လုပ်သင့်လား မလုပ်သင့်လား နော်၊ အဲဒီတော့ ဒီမှာ ပြဿနာတွေနဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ အရင်ဆုံးက ဦးအုန်းမြင့်ပေါ့လေ၊ အဲဒီတုန်းက ဥက္ကဋ္ဌလုပ်တာ။ ဦးအုန်းမြင့်လည်း ကွယ်လွန်သွားပြီ၊ သူမရှိတော့ဘူး၊


အဲဒီတော့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဒါကိုရပ်သင့်တယ်လို့ ပြောရမလား၊ မပြောဘူးလားဆိုတာဟာက နော် ဒါက ကျနော်ထင်ပါတယ်၊ အခြေအနေကောင်းတော့ မဟုတ်သေးဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့ဆီမှာ တရုတ်ပြည်ရဲ့ လွှမ်းမိုးမှုတွေ အများကြီးရှိနေလားလို့ ကျနော်တို့ယူဆနိုင်တယ်ပေါ့။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်က ဒီမြန်မာပြည်မှာ တာဝန်အရှိဆုံးလူဖြစ်နေတော့ သူပြောလိုက်လို့ မှားသွားရင် နောက်ထပ် ပြောလို့ဆိုလို့ မကောင်းတော့ဘူးပေါ့။
အတိုက်အခံတုန်းက သူပြောချင်တာရှိရင် ပြောလို့ရတယ်။ ဒါပေမယ့် ဒီအချိန်မှာ သူပြောလိုက်ရင် ရှေ့တက်ရမလား၊ နောက်ဆုတ်ရမလားဆိုတာဟာ သူက လုပ်ရတာ အရမ်းခက်ပါတယ်။ ဒါကြောင့် ပြောတာဆိုတာဆိုလည်း သူ ချက်ချင်းကတော့ ဘာမှမဆုံးဖြတ်ရဲတာလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ သမ္မတဦးသိန်းစိန်လို လူထုထောက်ခံမှု နည်းတဲ့ စစ်သားတစ်ပိုင်း အရပ်သားခေါင်းဆောင် ပုဂ္ဂိုလ်မျိုးကတောင် ဒါ ရဲရဲတင်းတင်းနဲ့ မြစ်ဆုံကို ရပ်တယ်ဆိုပြီးတော့ ရပ်ခဲ့တယ်ပေါ့လေ၊ စစ်ဗိုလ်ချုပ်လူထွက်က။ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူလူထု ထောက်ခံတဲ့ ဒီခေါင်းဆောင်ကျတော့ ဘာကြောင့် မရပ်ရဲတာလဲ၊ ဦးအောင်မင်းပြောခဲ့သလိုပဲ တရုတ်ကိုကြောက်နေရတယ် ဆိုတဲ့အတိုင်းပဲ တရုတ်ကိုဆက်ကြောက်နေရလို့ ပွင့်ပွင့်လင်းလင်း မပြောရဲတာလား။


ဖြေ ။ ။ ဦးအောင်မင်းအပြောကတော့ တရုတ်ကို ကျနော်တို့ကြောက်နေရပါတယ် ဆိုတဲ့ဟာ စကားကတော့ ကျနော်တို့ ရင်ထဲမှာ တော်တော်ခံစားရပါတယ်။ တကယ့်တကယ်တော့ ကျနော်တို့က ကြောက်တာမဟုတ်ဘဲနဲ့ ကျနော်တို့ဘေးမှာရှိတဲ့ တိုင်းပြည်တွေနဲ့ အဆင်ပြေအောင်မလုပ်ရင် ဘယ်တိုင်းပြည်မှ အဆင်ပြေမှာမဟုတ်ဘူး။


ကျနော်တို့က ကမ္ဘာမှာ အင်မတန်ထူးခြားတဲ့တိုင်းပြည်ပေါ့။ ဒီလိုတိုင်းပြည်မျိုး ကမ္ဘာမှာ ဘယ်သူမှမရှိဘူး။ အင်မတန်မှ ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ် နော်၊ အရှေ့ဘက်က တရုတ်၊ အရှေ့မြောက်ပေါ့၊ အနောက်ဘက်ကဆိုရင် အိန္ဒိယရှိတယ်။ ဒီလိုတိုင်းပြည်မျိုး ဘယ်သူမှမရှိဘူး။ အဲဒီတော့ ကျနော်တို့က ဒါကို အလုပ်လုပ်တိုင်း လုပ်တိုင်းမှာ မှားသွားလို့မရဘူးပေါ့။ မှားသွားရင် ကျနော်တို့ ခံစားရမယ်။


အဲဒီတော့ ဦးသိန်းစိန်လက်ထက်တုန်းက ဦးသိန်းစိန်တို့ကတော့ တို့လုပ်ပြမယ်ဟေ့၊ တို့လုပ်နိုင်တယ်ဟေ့၊ လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ရဲတဲ့စိတ်ဓာတ်ရှိတယ်။ ခု ကျနော်တို့က ဒီမှာက ဖြည်းဖြည်းဆေးဆေးနဲ့လုပ်ရင်လည်း ရနိုင်တယ်၊ အခြေအနေ ကောင်းနိုင်တယ်ဆိုပြီးတော့ ယူဆလို့လားမသိဘူး၊ အေးအေးဆေးဆေးပဲ နော်၊ အတင်းအကျပ်မလုပ်ဘဲနဲ့ ဖြည်းဖြည်းလုပ်မယ်ဆိုတဲ့ဟာမျိုး အဲ့လိုခေါင်းဆောင်မျိုးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ရော၊ ခင်ဗျားတို့ရောကြိုက်တာ ဥပမာ ဒူတာတေးလိုမျိုးပေါ့နော်၊ မူးယစ်ဆေးဝါးရှိရင် တစ်ခါတည်း မူးယစ်ဆေးဝါးလုပ်တဲ့သူတွေ အကုန်လုံးဖယ်ရှင်းပစ်မယ်ဆိုတာမျိုးပေါ့။ အဲ့လိုမျိုးက ကြိုက်တာပေါ့၊ ကျနော်တို့လည်း မြစ်ဆုံ ဟေ့ ရပ်ဟေ့၊ တို့ဆက်မလုပ်ဘူးဟေ့ နော်၊ အဲဒီတော့ ကျန်တဲ့ဟာက နောက်ဆက်တွဲပြဿနာ နောက်မှရှင်းမယ်ဆိုတဲ့ဟာမျိုးကတော့ ပြည်သူကတော့ ပိုသဘောကျမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ခုလက်ရှိ NLD ရဲ့ ထိပ်တန်း CEC ပေါ့၊ ဦးဟံသာမြင့်တို့၊ ဆရာမုံရွာအောင်ရှင်တို့ ရေးခဲ့တဲ့ ဆောင်းပါးတွေက မြစ်ဆုံကို လုပ်ချင်တဲ့သဘောတရားတွေပါတယ်ဆိုပြီး ဝေဖန်တာတွေလည်းရှိနေတော့ အဲဒီဆောင်းပါးတွေ တွေ့မိမယ် ထင်ပါတယ်။


ဖြေ ။ ။ ကျနော်တို့လည်း တွေ့ပါတယ်၊ သူတို့က ဒီ မြွေမသေ တုတ်မကျိုးဆိုတဲ့ ဟာမျိုးတွေ သူတို့ရေးကြတာရှိပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဒါမျိုးကို ရေးတဲ့အခါမှာ အတော်လေးကို သတိထားရမှာပါ၊ ဘာကြောင့်လဲဆို ပြည်သူကမှ မလိုလားတဲ့ဟာကို ပြည်သူ သဘောကျမဟုတ်ရင်တောင်မှ ပြည်သူကို ဆန့်ကျင်တဲ့ပုံစံမျိုးမဖြစ်အောင်တော့ သတိထားရေးသင့်တယ်လို့ ကျနော်အနေနဲ့ တစ်ယောက်ချင်းအနေနဲ့ ယူဆပါတယ်။

မေး ။ ။ တကယ်လို့သာ ဆရာ တရုတ်ဘက်ကလည်း ဖိအားပေးမယ်၊ အစိုးရကလည်း တရုတ်ကို မလွန်ဆန်နိုင်လို့ မြစ်ဆုံကိုလုပ်ခွင့်ပေးလိုက်တယ်ဆိုတဲ့ အခြေအနေဖြစ်သွားရင် ဘာဆက်ဖြစ်နိုင်လဲဆရာ။


ဖြေ ။ ။ ကျနော်ထင်တယ်၊ NLD လည်း မြောင်းထဲရောက်သွားလိမ့်မယ်ထင်တယ်။ ဒေါ်စုလည်း မျက်နှာအများကြီးပျက်စရာရှိတယ်၊ သူလည်း တော်ရုံတန်ရုံနဲ့တော့ နာလန်ထူနိုင်တော့မှာမဟုတ်ဘူး၊ ပြည်သူလူထုကြားမှာလည်း ရေပန်းစားမှုက နည်းလားလိမ့်မယ်လို့ ကျနော်ထင်တယ်၊ သူ့ရဲ့ Hero ပုံရိပ်ကလည်း ကလည်း ပျောက်သွားမှာပေါ့နော်။ တကယ့်တကယ်တော့ ဒီဥစ္စာက မြစ်ဆုံကို ပေးလုပ်လိုက်မယ်ဆိုတဲ့ကိစ္စပေါ့၊ အဲဒါလေးကိုတော့ ကျနော် ဆွေးနွေးသင့်တယ်လို့ ထင်တယ်။

မေး ။ ။ ဆိုတော့ ကျနော်တို့ ပေးမလုပ်ဘူးဆိုရင်၊ ထာဝရရပ်မယ်ဆိုရင် ကျနော်တို့ လျော်ကြေးကိစ္စတွေ အဲ့ဒီလိုမျိုးရှိလာရင်၊ တချို့ကလည်း သန် ၈၀၀ လို့ ပြောကြတယ်ပေါ့။ ဆရာဦးဝင်းမျိုးသူကတော့ ဘာပြောလဲဆိုရင် တစ်ပြည်လုံးကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲခေါ်လိုက်ပြီးတော့ အဲဒီအခါမှာ တစ်ပြည်လုံးက Yes လို့ပြောလို့ရှိရင် တရုတ်ကိုပေးလုပ်လိုက်၊ No လို့ပြောလို့ရှိရင် ရပ်လိုက်၊ လျော်ကြေး ပေးစရာမလိုဘူးပေါ့၊ စာချုပ်တွေမှာ အဲဒီ ပြင်ပအခြေအနေကြောင့် ဖြစ်လာတဲ့ဟာတွေ ကို တာဝန်ခံစရာမလိုဘူးဆိုတဲ့ သဘောတရားက ရှိထားပြီးသား ဆိုတော့ အဲ့ဒီလို ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့ ဒါ No ဆိုရင်ရပ်မယ်၊ လျော်ကြေး လည်းပေးစရာ မလိုတော့ဘူးဆိုတဲ့လမ်းမျိုးရော မရနိုင်ဘူးလား ဆရာ။


ဖြေ ။ ။ ဒီ နိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဒီကိစ္စတွေကလည်း အရေးကြီးတယ်။ ကျနော်တို့က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ခေါ်လိုက်တယ်၊ ကျနော်တို့တိုင်းပြည်မှာလုပ်တယ်၊ ဟိုဟာဖြစ်တယ်ဆိုတဲ့ဟာကတော့ နည်းနည်းရှင်းရှင်းကြီး သိနေကြပါပြီ။


ဘာကြောင့်လဲဆိုရင် ပြောလိုက်တိုင်း ပြောလိုက်တိုင်းမှာ သူတို့က ဒေသခံတွေက ခွင့်ပြုတယ်တို့ဘာတို့ပြောတာ တရုတ်သံအမတ်ကြီးကလည်း အဲ့ဒီလိုပဲ ပြောတယ်လေ။ ဒေသခံတွေက ခွင့်ပြုတယ်ဆိုတာ။ အဲဒီဒေသခံတွေက သူတို့ကပြောချင်တယ်၊ မြစ်ကြီးနားဘက်ကပေါ့၊ မြစ်ဆုံကလူတွေ၊ ဒေသခံတွေ ခွင့်ပြုတယ်လို့။ အဲ့ဒီလို ခွင့်ပြုလို့မရဘူးလေ။ ဧရာဝတီမြစ်ဆိုတာက တစ်ပြည်လုံးပိုင်တာ နော်၊ မြစ်အောက်ရော၊ အခြေရော ဟိုးဧရာဝတီတိုင်းအထိ တောက်လျှောက်စီးဆင်းလာတဲ့မြစ်လေ၊ သူတို့ချည်းပဲ ပိုင်တာမဟုတ်ဘူး။


ကျနော်တို့ အဲဒီမှာသွားလုပ်လိုက်မယ်ဆိုရင် တစ်ပြည်လုံးထိခိုက်မှာ သေချာတယ်။ အဲဒီတော့ တကယ့်တကယ်တော့ ကျနော်တို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတောင် လုပ်စရာမလိုဘူး။ ဒါ ရှင်းရှင်းကြီး။ ဦးထင်ကျော်လက်ထက်တုန်းကလည်း လူ ၂ သောင်းလောက် လက်မှတ်ထိုးပြီး ပေးလိုက်တယ်၊ ဘယ်သူမှ ဘာမှတောင် လုပ်စရာမလိုဘူး၊ အခုလည်း နော် သန်းနဲ့ချီတဲ့လူတွေလက်မှတ် စုချင်လည်း ရတာပဲ။ ဒါတွေက ကျနော်ထင်တယ်၊ သိပ်အများကြီးအရေးမကြီးဘူးထင်တယ်။


အရေးကြီးတာက တရုတ်အစိုးရကို ကျနော်တို့က ဖျောင်းဖြဖို့လိုတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နဲ့ တရုတ်က စီးပွားရေးလုပ်စရာတွေ အများကြီးရှိသေးတယ်၊ နိုင်ငံရေးလုပ်စရာတွေ အများကြီးရှိသေးတယ်။ တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံရေးတွေ အများကြီးရှိသေးတယ်။ တရုတ်သာ ကျနော်တို့နဲ့ပူးပေါင်းလိုက်ရင် သူ့အနေနဲ့ အများကြီးကောင်းသွားစရာရှိတယ်လေ။ One belt, one road တို့ ဟိုဟာတို့က ကျနော်တို့မပူးပေါင်းရင် သူဘာမှလုပ်လို့မရဘူး။

မေး ။ ။ ဒါပေမယ့် သူက မြစ်ဆုံကိုပါ One belt, one road အောက်ကို ထည့်ထားတယ်။ မြစ်ဆုံစီမံကိန်းကနေရတဲ့ လျှပ်စစ်ဓာတ်အားကို One belt, one road ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် သုံးမယ်ဆိုပြီးတော့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါထားတော့ ။

ဖြေ ။ ။ အဲဒီတော့ သူက အဲဒီဟာကို ပြည်သူက ကန့်ကွက်နေရင် သူ ဘယ်လိုလုပ်မလဲ နော်၊ သူက ပြည်သူကကြည်ဖြူမှ သူလုပ်ရမယ့်ဟာတွေ။ One belt, one road ဆိုတဲ့ဟာက ပြည်သူမကြည်ဖြူရင် ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ တရုတ်ကိုမုန်းတီးရေးနဲ့ ကျနော်တို့သွားမယ်ဆိုရင် အမြဲတမ်း သူတို့ရှိသမျှလူတွေကို တိုက်ခိုက်မယ်၊ ပြဿနာတွေလုပ်မယ် သူတို့ အလုပ်လုပ်လို့ရမှာမဟုတ်ဘူး။ သေချာပေါက် ဒီဟာကြီးက တရုတ်စစ်သားတွေလာစောင့်နေဦးတော့ ကိစ္စမရှိဘူး နော်၊ အာဖဂန်မှာလိုမျိုးပေါ့ အမေရိကန်စစ်သားလည်း မနိုင်ဘူး၊ ရုရှားလည်းမနိုင်ဘူး။ ကျနော်ပြောတာ နိုင်တော့နိုင်မယ်၊ တချို့က သူတို့က အင်အားကြီးတာကိုး။


သို့သော် သူ့အနေနဲ့ ဒုက္ခအမြဲရောက်မယ်၊ ဒီဒုက္ခကြားထဲမှာ သူနေမလား၊ ဒါမှမဟုတ် အကုန်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ သွားမလား၊ ဒါလေးတစ်ခုကိုပဲ သူလက်လွှတ်ရမယ်။ လက်လွှတ်ရမယ်ဆိုတော့ ဒီ ရေအားလျှပ်စစ်ကလည်း ဘယ်လောက်အကြာကြီးမှ ရှိတော့မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဟိမဝန္တာကလည်း ရေကလည်း တဖြည်းဖြည်းခန်းလာပြီ၊ ရေတွေကလည်း နည်းနည်း နည်းနည်းလာပြီ။ အဲဒီတော့ ဒါထားပါတော့၊ တခြားနေရာ လုပ်စရာတွေအများကြီးရှိသေးတယ်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားရဖို့ Nuclear Plant တွေလုပ်လို့ရတယ်။ တရုတ်ပြည်မှာ အလုံးပေါင်း ၇၀ လောက်ရှိတာပဲ။ အိန္ဒိယမှာလည်း ရှိတာပဲ။ အဲဒီတော့ Nuclear Plant တွေနဲ့ ကျနော်တို့လုပ်ရင် ဘာမှပြဿနာလည်းမရှိတဲ့ဟာကို ဒီလျှပ်စစ်ဓာတ်က မြစ်ဆုံနားမှ ရမယ်ဆိုတော့ ကျနော်တို့ သဘာဝပတ်ဝန်းကျင်ကိုဖျက်တယ်၊ ကျနော်တို့တိုင်းပြည်ကို ဖျက်တယ်လို့ ပြည်သူတွေအမြဲတမ်းယူဆထားရင် တရုတ်က ကျနော်တို့နဲ့ အမြဲတမ်း ရန်သူလိုဖြစ်သွားရင် ပိုဆိုးသွားမှာပေါ့။ အခုတောင်မှ တရုတ်ကို မြန်မာတွေ အများကြီးက မယုံတဲ့ပြဿနာရှိတယ်။ ဒီမယုံတဲ့ပြဿနာကြောင့်ပဲ မြစ်ဆုံကလည်း ပိုကြီးထွားတယ်လို့ ထင်ပါတယ်။

မေး ။ ။ တကယ်လို့သာ တရုတ်က မင်းတို့မုန်းချင်လည်းမုန်းကွာ၊ ငါတို့ကတော့ ရအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးနဲ့လုပ်ရင် ဆရာပြောတဲ့ ခုန ဒုက္ခအပြင်ကို တရုတ်အပေါ်မှာ ဘယ်လိုဖိအားတွေ ထပ်ရှိနိုင်လဲ။


ဖြေ ။ ။ ကျနော်တို့ကတော့ ဒီ သူတို့ဝင်လာမယ်၊ သူတို့လုပ်မယ်၊ ဒါကြီးလုပ်မယ်ဆိုပြီးတော့ ကျန်တဲ့လူကတော့ တစ်ခုမဟုတ်တစ်ခု လုပ်မှာပဲလေ။ မြန်မာလူမျိုးက သိတဲ့အတိုင်းပဲ၊ ကျနော်တို့က ထူးပေါက်နေတဲ့လူမျိုးပေါ့၊ ဟိုဘက်ကလည်း တရုတ်ရှိတယ်၊ ဒီဘက်လည်း အိန္ဒိယရှိတယ်၊ လူမျိုးဒီလောက်များတဲ့ကြားထဲမှာ ကျနော်တို့ရှင်သန်ဖြစ်အောင် နေတတ်တဲ့လူမျိုး နော်၊ အသက်ရှင်ရပ်တည်နိုင်တယ်၊ ကျနော်တို့ ဆင်းရဲပေမယ့် မငတ်ဘူး၊


ကျနော်တို့က တကယ့်တကယ် ကျန်တဲ့တိုင်းပြည်ထက်ကို ပိုပြီးတော့ အဆင်ပြေတယ်။ အမေရိကားတောင်မှ ကျနော်တို့လောက် ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘူး။ သွားလာတယ်၊ လုပ်ကိုင်တဲ့အခါမှာ အများကြီး ပျော်ပျော်ရွှင်ရွှင်ကြီး အရမ်းရှိတဲ့တိုင်းပြည်နော်၊ အလှူဒါနပေးတဲ့တိုင်းပြည်၊ ဒီလိုတိုင်းပြည်မျိုးမှာ ကျနော်တို့ နေနိုင်အောင်ကြိုးစားခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ အဲဒီတော့ တရုတ်သာ တကယ်လို့ စမ်းကြည့်ပါ၊ သူတို့ဝင်လာရင် ပြဿနာကတော့ သူတို့နဲ့ကျနော်တို့ ပြဿနာအများကြီးဖြစ်နေမှာပဲ။ ပြဿနာအများကြီးဖြစ်ရင် သူတို့လည်းမကောင်းဘူး၊ ကျနော်တို့လည်း မကောင်းဘူး။ အဲဒီတော့ ဒီဟာကြီးက Win-Win Situation ရအောင်လုပ်ဖို့လိုတယ်လို့တော့ ကျနော်ထင်ပါတယ်။

မေး ။ ။ မြစ်ဆုံလာလုပ်လို့ရှိရင် မြစ်ဆုံအကြောင်းပြုပြီးတော့ တရုတ်ဆန့်ကျင်ရေး တစ်ပြည်လုံးမှာ ဖြစ်သွားနိုင်တယ်ပေါ့နော်။


ဖြေ ။ ။ အများကြီးဖြစ်သွားနိုင်တယ်။ တစ်ပြည်လုံးမှာဖြစ်သွားနိုင်တယ်၊ တရုတ်ပြည်မှာရော၊ ကမ္ဘာမှာပါဖြစ်သွားနိုင်တယ်။ အပြင်ကလူတွေလည်း မြစ်ဆုံလုပ်လာရင် တရုတ်ဆန့်ကျင်ရေးတွေလုပ်ပြီးတော့ အခြားသော အနောက်တိုင်းက လိုလားတဲ့ပုံစံမျိုးကလည်း ဝင်လာနိုင်စရာအကြောင်းရှိပါတယ်။

မေး ။ ။ ဆိုတော့ တရုတ်က အဲဒီလိုမျိုးဖြစ်လာလို့ရှိရင် သူက လက်နက်ကိုင် တပ်ဖွဲ့တွေကို Backing ပေးထားတဲ့အခါကျတော့ သူမွေးထားတဲ့ဟာတွေ ရှိတာကိုး၊ အဲဒါတွေကို အကူအညီပေးပြီးတော့ ကျနော်တို့နိုင်ငံကို ဆူပူအောင်၊ မငြိမ်းချမ်းအောင် လုပ်ရင်ရော။


ဖြေ ။ ။ ကျနော်တို့တိုင်းပြည် ဆူပူ မငြိမ်းချမ်းဘူးဆိုရင် သူလည်း ဒီ ကုန်စည်စီးဆင်းတာလည်း သူက လုပ်လို့မရဘူးလေ၊ ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ ဘာတို့ သူ သုံးလို့မရဘူး၊ ဒီ ရေနံပို့ဆောင်တာလည်း သုံးလို့မရဘူး၊ ဒီဘက်ကိုလာပြီးတော့ ယူနန်နယ်ကနေပြီးတော့ ထိုးဖောက်လာပြီးတော့ အလုပ်လုပ်ဖို့ဆိုတာ သူ့အနေနဲ့ အများကြီးခက်သွားမယ်။


အခု အမေရိကန်နဲ့တောင်မှ အဆင်မပြေတဲ့ဟာပဲ။ အဲဒီတော့ အဆင်မပြေဘူးဆိုရင် ကျနော်တို့ ဒီအာရှနိုင်ငံတွေ အများကြီး အားကိုးရမယ်။ ဥပမာအားဖြင့် ကျနော်တို့ဆီက စိုက်ပျိုးရေးပစ္စည်းတွေ၊ စိုက်ပျိုးရေးနိုင်ငံကနေ ရတဲ့ဟာတွေ၊ သူ့ဆီမှာ ဝက်တွေ၊ ကြက်တွေမွေးဖို့ အစာတွေ ကျနော်တို့ဆီကနေ စိုက်ပေးလို့ရတယ်၊ ကျနော်တို့ ကျန်တဲ့လုပ်အားတွေနဲ့ ပေးလို့ရတယ်။ ကျနော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင် သဘာဝတွေက သူတို့ဆီကနေပြီးတော့ အားရင် လာလည်ကြ၊ ကြည့်ကြ၊ ရှုကြ၊ Holiday Resort တွေဖြစ်မယ်၊ တရုတ်ပြည်က နီးနီးလေးဟာကို၊ တရုတ်ပြည်က နှစ်ပေါင်းများစွာလေ ဒီလိုပဲ မြန်မာပြည်လာလိုက်၊ လေ့လာလိုက်ဆိုတော့ အခုဆိုရင် ပိုပြီးတော့လာလို့ကောင်းတာပေါ့။


တစ်နှစ်မှာ သူက သန်း ၇၀၀ လောက်တောင် ခရီးထွက်ကြတာလေ။ မြန်မာပြည်ကို သူတို့လာချင်မှာပေါ့၊ လာလည်းလာချင်မှာပဲ။ ဒီမှာ အေးချမ်းတယ် ဘာညာဆိုရင် သူတို့လာမယ်၊ သူတို့လည်းပျော်ရတယ်၊ ကျနော်တို့တိုင်းပြည်ကြီး ဥယျာဉ်ကြီး သဖွယ်ထားလိုက်ရင် သူတို့က ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ အမြော်အမြင်ပိုကြီးတဲ့ တရုတ်လူမျိုးလို့ ကျနော်တို့ ယူဆနိုင်တာပေါ့ဗျာ။

မေး ။ ။ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ NLD အစိုးရကိုရော ဆရာပေးချင်တဲ့ သတင်းစကားပေါ့နော်၊ နောက်ဆုံးအနေနဲ့ ပြောပေးပါဆရာ။


ဖြေ ။ ။ ပြတ်ပြတ်သားသားပြောရရင်တော့ မြစ်ဆုံနဲ့ပတ်သက်ပြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရော၊ NLD အစိုးရရော မြစ်ဆုံကြီးကိုရပ်ဆိုင်းဖို့ တရုတ်ကိုပြောသင့်တယ်လို့ ထင်ပါတယ်။ လျော်ကြေးပေးဖို့ကိစ္စလည်း ဒါလည်း ပြတ်ပြတ်သားသား ဆွေးနွေးသင့်တယ်၊ ကျနော်တို့ဆီကယူသွားတဲ့ မြေကြီးတွေ၊ ကျနော်တို့ဆီမှာရှိတဲ့ ပုံစံလေးတွေပေါ့၊ အခုချိန်မှာတော့ ကျနော်ထင်တယ် မြစ်ဆုံအပေါ်ဘက်မှာ ၂ နေရာလောက်မှာ သူတို့ ရေကာတာလုပ်ပြီးပြီလို့ သိရတယ်။


၂ နေရာ၊ ၃ နေရာမှာ ရေကာတာလုပ်ပြီးတော့ သူတို့ ဒီစီမံကိန်းတွေ ဆက်လုပ်နေမယ်ဆိုရင် ဒါကြီးကိုလည်း အကုန်လုံးရပ်ဆိုင်းပါ။ ရပ်ပြီးတော့ အခုချိန်ကစပြီးတော့ ညှိနှိုင်းမှုတွေနဲ့ လုပ်ကြပါ၊ ကျနော်တို့ အရင်အစိုးရက၊ စစ်အစိုးရလက်ထက်က လုပ်ထားတဲ့ဟာတွေမို့လို့ ကျနော်တို့က ဟာ ဒါကတော့မဟုတ်ဘူး၊ ဒါကြီးက မမှန်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။ သို့သော် ပြောဖို့မသင့်ဘူးလို့ ကျနော်တို့ထင်လို့ ဟာ တို့နဲ့တော့ မဆိုင်ဘူးကွာ၊ အရင်အစိုးရနဲ့ပဲဆိုင်တယ်လို့ ပြောရကောင်းမလားပေါ့၊


တကယ်လို့သာ ကျနော်တို့က အမေရိကန်လိုမျိုး အင်အားကြီးတဲ့နိုင်ငံဖြစ်ရင် တရုတ်က ကျနော်တို့ကို ဒီလိုမျိုးလုပ်မလား၊ ကျနော်တို့က အားနည်းလို့ သူနှိပ်စက်တာလား၊ ကျနော်တို့ အခွင့်အရေးတွေကို၊ လူ့အခွင့်အရေးတွေကို သူချိုးဖောက်တာလား ဒါတွေအများကြီး စဉ်းစားစရာရှိပါတယ်။ ဒါကြောင့် ကျနော်တို့က ချက်ချင်း မြစ်ဆုံကို ချက်ချင်းရပ်ပါ၊ ရပ်စရာရှိတာရပ်ပါ၊ ပွင့်လင်းမြင်သာစွာ ချပြပါ။ ပြည်သူကို ပြောပြပါ၊ ဒေါ်စုရော၊ NLD အစိုးရအဖွဲ့ရော။ ဒီဟာက NLD အစိုးရနဲ့ ဒေါ်စုပေါ့လေ နော် ထာဝရတည်နေမှာမဟုတ်ဘူးလေ၊ မြန်မာပြည်ကြီးက ထာဝရတည်နေမှာ၊ မြစ်ဆုံကြီးက ထာဝရတည်မှာ၊ ဧရာဝတီက ထာဝရတည်နေမယ့်ဟာပါ။ ထာဝရဆိုတာ ကျနော်တို့ သက်တမ်းတွေ နောက်ထပ် နှစ် သိန်းနဲ့ချီအောင် တည်နေတဲ့ဟာကြီးကို ဒါကြီးကို ကျနော်တို့က ဟာ လက်လွတ်စပယ်လုပ်လိုက်မယ်ဆိုရင် ဒါက မကောင်းပါဘူး။ ဒါကြောင့် ကျနော် Message ပေးချင်တာက NLD ရော၊ ဒေါ်စုရော မြစ်ဆုံကို ရပ်ပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com