All News China Watch interview

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်ဆိုင်မှုက NLD ရဲ့ မရိုးသားတဲ့ နိုင်ငံရေး လှည့်ကွက်လား

နန့်အိသူ/ရန်ကုန်ခေတ်သစ်

တရုတ်နိုင်ငံက ၇ နှစ်ကျော်ကြာ ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပြန်လည် ကြိုးပမ်းလာပြီး မြန်မာပြည်သူများ၏ ကန့်ကွက်သံများကလည်း တစ်ပြည်လုံး ဆူညံလာနေရာ အစိုးရအနေဖြင့် မြစ်ဆုံအရေး အကျပ်ရိုက်လျက်ရှိသည်။ ထိုအချိန်တွင် အာဏာရ NLD ပါတီက လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ကြိုးပမ်းခြင်းဖြင့် တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်လိုက်သည်။ တပ်မတော်၏ သဘောထားမပါဘဲ မည်သို့မျှ ပြင်ဆင်၍ မရနိုင်ဘဲ တစ်နည်းအားဖြင့် တပ်မတော်နှင့် ညှိနှိုင်းမှုမပြုဘဲ အခြေခံဥပဒေပြင်ဆင်ရေးမှာ လက်တွေ့မကျပေ။ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး အတွက် တောင်းဆိုသံများ ဆူညံလာချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှုသည် မရိုးသားသော နိုင်ငံရေးလှည့်ကွက်အဖြစ် သုံးသပ်မှုများရှိနေသည်။ ရန်ကုန်ခေတ်သစ်က နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်
ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့

NLD ကို ရိုးသားစေချင်တယ်။ အခု သူတို့ လုပ်နေတာတွေက မြစ်ဆုံနဲ့ တိုက်လုပ်နေတယ်။ မရိုးသားဘူးလို့ ထင်တယ်။ ပြီးတော့ ပုဒ်မ ၄၃၆ ကို မပြင်ဘဲ ဘယ်လိုမှ မအောင်မြင်စရာ အကြောင်း မရှိဘူး။ ဒါလည်း သူတို့ သိတယ်။ သိရက်နဲ့ လူပိန်းကြိုက်ပေါ့။ ၂၀၂၀ အတွက် ရည်ရွယ်ပြီး လုပ်တာဆိုရင် ဝမ်းနည်းစရာကောင်းတယ်လို့ ပြောချင်တယ်။ နောက်ပြီး ပုဒ်မ ၄၃၆ က ဘယ်လိုမှ လုပ်လို့မရဘူး။ ပုဒ်မ ၄၃၆ ကို ပြင်နိုင်မှာဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကကောင်းမှာလေ။ ဒီအတိုင်းကြီးကတော့ ဘယ်လို မှ မရနိုင်ဘူး။ တစ်ကမ္ဘာ့လုံးက လက်မြှောက်ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေတယ်လေ။

တပ်မတော်ဘက်ကတော့ လုပ်ထုံးလုပ်နည်း ပြောတာပါ။ သူတို့က တတ်နိုင်တဲ့ အရေးမကြီးတဲ့ဟာတွေကို လိုက်လျောမှာပေါ့။ အရေးကြီးတာတော့ မလိုက်လျောဘူး။ အရေးကြီးတာ လိုက်လျောဖို့က ပုဒ်မ ၄၃၆ က လူထုဆန္ဒခံယူပွဲ လုပ်ရဦးမယ်လေ။ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မယ်ဆိုရင် တစ်ခါ မဲပေးသူရဲ့ တစ်ဝက် ၊ မဲလာမပေးရင် ဘယ်လိုလုပ်မလဲ။ ဘယ်တော့မှ ပြင်လို့ မရဘူး ၊ တစ်သက်လုံး ၊ အဲဒါ ပုဒ်မ ၄၃၆ ကို ပြင်မရဘဲ လုပ်နေတော့ တပ်မတော်ကလည်း မလိုက်လျောဘူးဆိုရင် ဘာမှ မထူးပါဘူး။ ပြည်သူ့လူထုကို လှည့်ဖျားသလို ဖြစ်အောင် မကြိုးစားစေချင်ဘူး။ လှည့်ဖျားသလို ဖြစ်နေတယ်။ ပြင်လို့ကို မရဘူး။ ပုဒ်မ ၄၃၆ ကို မလိုက်လျောရင် ဘယ်လို လုပ်လို့ မရဘူး ။ဖေတော့ မောင်တော့လေးပဲ ရမှာလေ။

စာရေးဆရာ မောင်မောင်စိုး
တိုင်းရင်းသားအရေးကျွမ်းကျင်သူ

ပထမအချက် ပြောရရင်တော့ လောလောဆယ်တော့ စောင့်ကြည့်ဆဲကာလလို့ ပြောရမယ်။ ဒုတိယအချက်နဲ့ ပြောရမယ်ဆိုရင် လက်ရှိ ၂၀၁၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ချင်တယ်ဆိုရင် NLD အနေနဲ့ တပ်မတော်ကို စေ့စပ်ညှိနှိုင်း သဘောတူညီနိုင်မှာ ရနိုင်မှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပုဒ်မ အားလုံးသည် ၇၅ ရာခိုင်နှုန်း ကျော်မှ ပြင်လို့ ရမှာ ဆိုတာကြီးပဲ။ ၇၅ ရာခိုင်နှုန်း မကျော်ဘဲနဲ့ ဘယ်ပုဒ်မမှ ပြင်လို့ မရပါဘူး။ ဒါကြောင့်မို့ ဘယ်လောက် စေ့စပ်ညှိနှိုင်းနိုင်လဲ ၊ ညှိနှိုင်းမှု ပြုလုပ်နိုင်လဲ အပေါ် မူတည်ပါတယ်။ တစ်ဖက်ကလည်း မနေ့က ကန့်ကွက်မှုတွေ ရှိပေမယ့် တပ်ကိုယ်စားလှယ်တစ်ဦး ပြောတာတော့ ဒီဖွဲ့စည်းပုံ ပြင်ဖို့ တပ်ဘက်က မကန့်ကွက်ဘူးဆိုတဲ့အချက် ရှိပါတယ်။ အဲဒီတော့ သူတို့က တချို့အချက်တွေ ပြင်ဖို့ သူတို့ လက်ခံတာ ပြောဆိုထားတာ ရှိတဲ့အတွက်ကြောင့် NLD နဲ့ တပ်မတော်ကြားမှ ဘယ်လောက်ညိနှိုင်းလဲဆိုတာ ဖွဲ့စည်းပုံ ဘယ်လောက်ပြင်နိုင်မလဲဆိုတဲ့အပေါ် သက်ရောက်နေမှာ ထင်ပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် ဘယ်လောက်ညှိနှိုင်းမလဲဆိုတာပဲ။ ညှိနှိုင်းမှု အောင်မြင်ရင် အောင်မြင်နိုင်ပါတယ်။ ညှိနှိုင်းလို့ မရရင်တော့ အောင်မြင်မှု နည်းနိုင်ပါတယ်။ ဒါပေမယ့် တပ်ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ သူတို့ ငြင်းပယ်မထားဘူးလို့ ပြောထားတဲ့အတွက် ဘယ်အချက်တွေမှ ညှိနှိုင်းလို့ရမလဲ ဆိုတာက အဖြေထွက်ပါလိမ့်မယ်။ တပ်မတော် မပါဘဲနဲ့ ဥပဒေအရ ပြင်လို့ မရဘူး။ ဥပဒေအရ ဒီပုဒ်မ (က) ဖြစ်ဖြစ် ၊ (ခ) ဖြစ်ဖြစ် ၊

၇၅ ရာခိုင်နှုန်း ကျော်မှ ပြင်လို့ရမှာ။ ( က) အရ ၇၅ ရာခိုင်နှုန်းကျော်ရမယ့်အပြင် လူထုဆန္ဒခံယူပွဲ ယူရမှာ တစ်ပိုင်း ၊ တချို့ပုဒ်မတွေက ၇၅ ရာခိုင်နှုန်း ကျော်တာတောင် ပြင်လို့ရတာ တစ်ပိုင်း ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါက နှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက်ရရင်တော့ ဒါက ပြင်လို့ရမှာပေါ့။ နှစ်ဖက် ညှိနှိုင်းလို့ မရတဲ့ ပုဒ်မတွေတော့ ပြင်လို့ မရဘူးပေါ့။ အောင်မြင်နိုင်လား ။ မအောင်မြင်နိုင်ဘူးဆိုတာက ဘယ်လောက် ညှိနှိုင်းသဘောတူညီမျှ ရ ၊ မရအပေါ်မှာပဲ မူတည်နေပါတယ်။

ဆလိုင်း အိုက်ဇက်ခင်
ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း

NLD ကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာလည်း ပါတယ်။ ပြီးတော့ ပြည်သူတစ်ရပ်လုံး လိုချင်တဲ့ အရာဆိုတော့ သူက တွန်းမှာပေါ့။ မနေ့ကတော့ နည်းလမ်းစ လုပ်တာပေါ့။ သို့သော်လည်း ဘာရှိလဲဆိုတော့ လုပ်နည်းလုပ်ဟန် ပေါ့။ HOW ကတော့ တော်တော်ဆွေးနွေးညှိနှိုင်းရမယ်။ WHY ကတော့ တူကြတယ်။ ဘာကြောင့် ပြင်မလဲဆိုတာက တူတယ်။ NLD ကော တပ် ၊ ပြည်ခိုင်ဖြိုး ၊ တိုင်းရင်းသားပါတီတွေကော ပြင်မယ်ဆိုတဲ့ကိစ္စကို အားလုံးက မူအနေနဲ့ လက်ခံကြတယ်။ သို့သော် ဘယ်လို့ ပြင်မလဲဆိုတဲ့ ကိစ္စက မဆွေးနွေးရသေးတဲ့ အပိုင်းပေ့ါ ။

မနေ့က ဆွေးနွေးတယ် ဆိုတာက NLD ဘက်က စတွန်းတာက ကော်မတီ ကို အရင်ဖွဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ ဟာ ၊ နောက်ပြီးတော့ တပ်မတော်ဘက်က ပြောတဲ့ဟာက အကြောင်းအရာ အရင်ဆွေးနွေးပြီးမှပဲ နောက်မှကော်မတီ ဖွဲ့မယ်ဆိုတာ ဟာလေ။ အဲဒီတော့ ကော်မတီအရင်ဖွဲ့မလား ၊ အကြောင်းအရာ ဆွေးနွေးကြမလား ဆိုတဲ့ ချဉ်းကပ်ပုံ နှစ်မျိုး တွေ့ရတယ်။ အခုလက်ရှိအနေအထားအရ NLD ဘက်က ပြောတဲ့ ကော်မတီ ဖွဲ့မယ်ဆိုတာက လက်ခံနိုင်စရာ ရှိတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘာတွေ ပြင်မလဲ ကိစ္စဆိုတော့ အကြိုက်အနယ် တွေ့ရမယ်ကိစ္စပဲ ။ တစ်နိုင်ငံလုံး ဆွေးနွေးရမယ်ကိစ္စပဲ ။ အဲဒီတော့ ဘာတွေ ပြင်မလဲ ကိစ္စက အရင်ထည့်တာထက်စာရင် ၊ ဘာတွေ ပြင်ဖို့ ဆွေးနွေးမလဲ ထက်စာရင် ဒီလိုမျိုး ဘာတွေ ပြင်လို့ရမလဲ ဆွေးနွေးလို့ရမယ် တာဝန်ယူပြီးထိုင်ပေးမယ့် ခေါင်းခံပေးရမယ့် ကော်မတီ တစ်ခု အရင်ဖွဲ့ရမယ်ကိစ္စက အရင်စရမယ်ကိစ္စလို့ မြင်တယ်။

တကယ်လို့ ပုဒ်မ ၄၃၆ က ရှိနေမှာပဲ။ နည်းလမ်း ၂ မျိုးက ရှိတာပေါ့။ တစ်နည်းက လွှတ်တော်ထဲက ပြင်တဲ့ဟာ ၊ ဒုတိယ တစ်နည်းက လွှတ်တော်ပြင်ပကနေ ပြင်တာပေါ့။

ဥပမာ – NCA Process ကတော့ ဥပဒေ ပြင်ပကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ချဉ်းကပ်တဲ့ နည်းလမ်း တစ်ခုပေါ့ ။ သို့သော် NCA Process က ငြိမ်းချမ်းရေး Process က အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအနေအထားမှာ တစ်ဆို့နေတဲ့ အနေအထားမျိုး ရှိတာလေ။ အဲဒါကြောင့် လွှတ်တော်အတွင်းကနေ ကြိုးစားတဲ့ နည်းလမ်းကို ပြန်ချဉ်းကပ်တယ်လို့ အဓိပ္ပာယ်ထွက်တယ်။

တကယ်တော့ တပ်မပါဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်လို့မရဘူး။ တပ်ပါလာဖို့ လိုတယ်။ တပ်ပါလာဖို့က လက်ရှိအနေအထားမှ လုပ်ထုံးလုပ်နည်း မှန်တာ ၊ မမှန်တာ ခဏထား ၊ လုပ်ငန်း စလို့ရအောင် လုပ်သင့်တယ်။ လက်ရှိအနေအထားက NLD ရဲ့ ချဉ်းကပ်ပုံက အဲဒီလိုမျိုးလို့ နားလည်တယ်။ လုပ်ထုံးလုပ်နည်း လုပ်မယ်ဆိုတာထက် ဒီလိုပေါ့။ လုပ်ထုံးလုပ်နည်းက ရှိတယ်။ မှန်ကောင်းမှန်နိုင်တယ်။ သို့သော် လုပ်ရခက်မယ်ဆိုတယ်အစား ရှိတဲ့ လုပ်ထုံးလုပ်နည်း ခွင့်ပြုတဲ့ဘက်ကနေ လုပ်ငန်းစလို့ရအောင် ချဉ်းကပ်တာက လက်တွေ့ကျမယ်။ လက်ရှိ NLD ချဉ်းကပ်ပုံက လက်တွေ့ကျတဲ့ ချဉ်းကပ်မှု အနေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ သို့သော်လည်း တပ်မတော်မပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်တဲ့ ကိစ္စကတော့ သိပ်အဆင်မပြေဘူးပေါ့။

ဒေါ်ခွန်ဂျာ
Kachin Peace Network

ကျမအနေနဲ့ နံပါတ် (၁)ကတော့ လူက ရေးဆွဲထားတဲ့ အခြေခံဥပဒေက လူက ပြင်လု့ိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှ လည်း အခြေခံဥပဒေဆိုတာ ပုံသေကားချပ် ကျောက်တုံးလိုဟာမျိုး မရှိဘူး။ US Constitution ဆိုရင် ပထမ ရေးစဉ်က ပါးပါးလေးပဲ ။ အခုနောက်ပိုင်းမှ တဖြည်းဖြည်း ပြင်ရင်း ပြင်ရင်း ပြုပြင် မွမ်းမံသွားတာပဲ ပိုများတယ်လေ ။ မနေ့က အခင်းအကျင်းကို ကြည့်မယ်ဆိုရင် နှစ်မျိုး ပြောနေတယ်လို့ ယူဆရတယ်။ တစ်ဖွဲ့က ကော်မတီ ဖွဲ့တယ်လို့ ကြေညာတယ်။ သူက အဆို တင်တော့ အခြေခံဥပဒေအကြောင်းကို တင်တာ မဟုတ်ဘူး ။ တပ်မတော်ဘက်က ပြောနေတာကလည်း အခြေခံဥပဒေ ဆိုရင် Draft ရေး ၊ ပြုစုပြီးရင် အဲဒါကို ထောက်ခံလို့ရအောင် ၂၅ ရာခိုင်နှုန်း ရဲ့ ထောက်ခံချက်ကို ယူ ၊ ပြီးတဲ့ အခါကျမှာ ပြင်ဆိုတဲ့ ဟာမျိုး ၊ ပြောနေကြတယ်။ အဲဒါဆိုတော့ ငြင်းခုံသံက ဒီမဆိုင်ဘူးလို့ ယူဆတယ်။

ဒါပေမယ့် အဲဒီမှာ ဘာပေါ်သွားလဲဆိုတော့ political design ကတော့ ပေါ်တာပေါ့။ ဥပမာ- မပြင်ချင်တာမို့လို့ အစကတည်းက ကန့်ကွက်နေတယ်လို့ ယူဆတယ်။ ကော်မတီဖွဲ့မယ်ဆိုတဲ့အခါ ၊ ပြင်ချင်တဲ့ ဆန္ဒရှိတာက တပ်မတောကော ၊ NLD ကော ၊ အခြားပါတီတွေကော ပြင်ကြမှာပဲ။ အကုန်ပူးပေါင်းပြီး ပြင်ကြမှာပဲ ဖြစ်တယ်။

ဒီမှာကျတော့ ဘယ်လို အခြေအနေမျိုးမှာ တပ်မတော်က ပြင်ဆင်ချင်တဲ့ စိတ်ကတော့ အဓိကကျတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်ကို အကာအကွယ်အများကြီးပေးထားတယ်လို့ ယူဆတယ်။

အကယ်၍များ ပြင်ဆင်လိုက်မယ်ဆိုရင် သူရဲ့ Role က political ဇောင်းကနေ ဆင်းသွားမှာလား။ နောက်တစ်ခုကျရင် ပြင်ဆင်လိုက်ရင် ဥပမာ- အခုလောလောဆယ် ဖွဲ့စည်းပုံအရ ပြည်ထဲရေးအောက်ထဲ လက်နက်ကိုင် အားလုံးပါဝင်နေတယ်။ တခြားတိုင်းပြည်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution ) အရ ၊ အခြားတိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ ကို ကြည့်မယ်ဆိုရင် အဲဒီလိုမျိုး ခွဲခြားထားတာ ရှိတယ်။

ဥပမာ- ဆိုရင် အိန္ဒိယမှ ဆိုရင် တပ်မတော် နဲ့ ပြည်သူလုံခြုံရေးတပ်ဖွဲ့ ၊ လုံခြုံရေးကဏ္ဍ ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ Institution နှစ်ခုဟာ Ministry တစ်ခုတည်းရဲ့ အောက်မှာ မရှိဘူး။ အဲဒါမျိုး အခြေအနေမျိုးမှာ ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် Check & banalce များလာမှာလား ။ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်က ပြင်ဆင်ချင်တဲ့ စိတ် ပေါ်လာမှာလဲ ၊ ပြင်ဆင်လိုစိတ် ရှိမလဲ ဆိုတာက အရမ်း အခြေခံတယ်။ တကယ်လို့ တပ်မတော်က နိုင်ငံတော်အကျိုးအတွက် လျှော့ပေးမယ်ဆိုရင်တော့ ပြင်ဖြစ်သွားမယ်လို့ ယူဆယ်။ အခုဆိုရင် NLD အနေနဲ့ အများကြီး ပြင်လို့ရအောင် စွန့်စားမှုအများကြီး လုပ်ရမယ်လို့ ယူဆတယ်။

ဒါက တစ်ချိန်ချိန်တော့ ပြင်ရမှာပါ။ ဘာဖြစ်လဲဆိုတော့ ဒီအခြေခံဥပဒေနဲ့ လွန်ရောတင်ရောဆိုရင် ကာလတစ်ခု အတိုင်းအတာမှာ ပြင်ရမှာပါ။ အနည်းနဲ့ အများ ပြင်ရမှာပါ ။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေခံ ဥပဒေအရ ဆိုရင် Risk တွေအများကြီးရှိတယ်။ အခုတပ်မတော်အနေနဲ့ သူ အတွေ့အကြံအရ Legitimacy ပဲပြောပြော ၊ လောလောဆယ်တော့ တရားဝင် တော့ တရားဝင်ပဲ ။ ဂုဏ်သိက္ခာ လို့ ပြောတဲ့အခါ အခုလက်ရှိ အခြေခံဥပဒေနဲ့ ဆိုရင် သူရဲ့ ဂုဏ်သိက္ခာကို ကယ်ဆယ်လို့ မရဘူး။ အဲဒီတော့ ဒီဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံ ၊ ဂုဏ်သိက္ခာရှိတဲ့ Political institution တစ်ခု ၊ ဖြစ်ဖို့အတွက် အခြေခံဥပဒေက ပြင်မှ ရမယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့လည်းအများကြီးသက်ဆိုင်နေတယ်။ တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုအပ်တယ်ဆိုရင် တကယ်တမ်းဆန္ဒရှိတယ်ဆိုရင်တော့ ပြင်ရမယ်အချက်ကို ရောက်သွားကြမှာပါ။

ဒေါက်တာ ခင်ဇော်ဝင်း
နိုင်ငံရေးအကျဉ်းသားဟောင်း

အခြေခံဥပဒေကို ပြင်မယ်ဆိုရင် အခြေခံဥပဒေမှ ပါတဲ့ သူရဲ့ အစီအစဉ် တွေက ရှိတယ်လေ။ အဲ့တာကို လုပ်မယ်ဆိုရင် ဒါက တပ်ကကိုယ်စားလှယ်က ထောက်ပြတာ။အဲဒီလိုလုပ်မယ် ဆိုရင်တော့ သူရဲ့ အခက်အခဲတွေ ရှိတာပေါ့။ မနေ့က လွှတ်တော်မှ လုပ်တာက ပထမဦးဆုံးအဆင့်ပဲ ဒီဟာကို ကော်မတီဖွဲ့ဖို့ လုပ်ရတာပေါ့။

နောက်လာမယ့် အခက်အခဲတွေ ရှိတာတော့ တစ်ပိုင်းပေါ့။ အဲဒီအဆင့်ပဲ ရှိပါသေးတယ်။ ဒီဟာကို ပြင်မယ် ၊ ပြင်ဆင်ဖို့ လုပ်မယ့် ကော်မတီ ဖွဲ့တာပဲ ရှိသေးတယ်။ ဘယ်လို ဘယ်နည်းတွေ လုပ်ပြီးတော့ ဘယ်တော့ လုပ်မလဲဆိုတာတော့ မသိသေးဘူးလေ။ အခု NLD တက်လာတာလည်း ၃ နှစ်အတွင်း ပြည်ေ့တာ့မယ်။ ဒီနှစ်မှာ ဒီဥစ္စာကို မလုပ်ဘူးဆိုရင်လည်း ရှေ့နှစ်ဆိုရင် အရမ်း နောက်ကျသွားပြီ။ အဲဒီတော့ သူအနေနဲ့က ဘယ်လောက်အထိ သူက ရည်မှန်းထားလဲ မသိဘူး ။

ဒါပေမယ့် အချိန်အရတော့ ဒီထက် အချိန်ဆွဲလို့ မရတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူကတိကဝတ်ပေးထားတာက ဒီအခြေခံဥပဒေလည်း ပြင်မယ်လို့ ပြောထားတာလည်း ရှိတယ်။ တခြားဟာတွေ ပြင်စရာတွေလည်း ရှိတာပေါ့။ မြစ်ဆုံ ၊ ငြိမ်းချမ်းရေးတွေပေါ့ ။ သူက ခြေလှမ်းလှမ်းလိုက်တယ်လို့ မြင်ပါတယ်။ အခုလာမည့် ၂၀၁၉ – ၂၀၂၀ မှာ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာက စောင့်ကြည့်နေရမှာပဲ။

NLD အနေနဲ့ ဒီဥစ္စာကိုကော မလုပ်မဖြစ် လုပ်ရမယ် ပုံစံမျိုး လုပ်လိုက်တာပဲ။ အခုချိန်မှာ အကုန်လုံးစုံပြီး ဖြစ်နေတာက တကယ်ဆိုရင် လူတွေက အာရုံစိုက်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အရင် လုပ်ရမယ်လေ ။ အဲဒါပြီးမှ ဆက်ပြီးလှမ်းရမှာပေါ့။ သိပ်ပြီးတော့ ခရီးက မရောက်သေးဘူး။ အနှေးအမြန် တော့ လိုချင်တာပေါ့။ အားလုံးကတော့ ဒီအချိန်ကတော့ ရောက်လာပြီ။ မလုပ်မဖြစ် လုပ်ရတော့မယ် ဆုံးဖြတ်လိုက်ပုံရပါတယ်။

နောက်တစ်ချက် ပြောရမယ်ဆိုရင် ဒီဥစ္စာကို တခြားပုဂ္ဂိုလ်တွေလည်း ပြောဖူးပါတယ်။ဆရာကြီး စာရေးဆရာကျော်ဝင်းဆိုရင် ငြိမ်းချမ်းရေးကို ဖယ်ဒရယ်နဲ့ ခွဲခြားလို့ မရဘူးလေ။ ငြိမ်းချမ်းရေးကို ဖယ်ဒရယ်နဲ့တွဲပြီး ဆောင်ရွက်ရမှာ။ ဆိုတော့ ဒီအခြေခံဥပဒေ ကိုလည်း ဖယ်ဒရယ်ဆန်ဆန် ပြင်မယ် ၊ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကို တွန်းမယ်ဆိုရင် ပိုပြီးတော့ အားကောင်းမယ်ထင်တယ်။ အဲဒါကို NLD ကို သိမှာပါ ။ဒါကိုတော့ သူက တချိန်ချိန်မှာ လုပ်မှာ ။ အဲဒီလိုပဲ မြင်တယ်လေ။ မြစ်ဆုံကလည်း ဖြစ်လာမှာပါ ။

အခုရွေးကောက်ပွဲက လာတော့မယ်။ တချို့နေရာမှ ကမ်ပိန်းက စနေပြီ။ ကချင်ပြည်နယ်၊ မန္တလေးတိုင်းမှာ ဒီရွေးကောက်ပွဲအတွက် ကမ်းပိန်းက စနေပြီ ။ ဒီလိုအချိန်မှာ NLD အာဏာရ အစိုးရနဲ့ ပါတီ အနေနဲ့က အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကလည်း စစ်တပ်နဲ့ နွယ်တဲ့ပါတီတွေက ဒီဥစ္စာကို သဘောမကျဘူး။ ကန့်ကွက်တယ်။

ဒါကို မလုပ်ချင်ဘူးဆိုရင် ဘယ်သူနာမလဲ။ ရွေးကောက်ပွဲအရကြည့်မယ်ဆိုရင် နိုင်ငံရေး အရကြည့်မယ်ဆိုရင် အားသာချက်တစ်ခုက ဖြစ်တာမဖြစ်တာ အပထား ၊ ကြိုးပမ်းနေတာက အရာရောက်တယ်လို့ ထင်တယ်။ ဖွဲ့စည်းပုံပြင်ဖို့က အောင်မြင်မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် အချိန်က ဘယ်ကာလမှ ဖြစ်မလဲ မသိဘူးလေ ။ အခုဟာ က တပ်ဘက်ကလည်း ၂၀၂၀ မတိုင်ခင် ဒီငြိမ်းချမ်းရေးကို သူတို့က အပြီး လုပ်ချင်တယ်တဲ့ ။အဲဒီတော့ ချဉ်းကပ်ပုံချင်းတော့ မတူဘူး။ NLD က ချဉ်းကပ်ပုံနဲ့ တပ်ဘက်က ချဉ်းကပ်ပုံ မတူဘူး။

တပ်ဘက်က တစ်ဖက် အပစ်အခတ်ရပ်စဲရေး ကြေညာတာက ကောင်းပါတယ်။ နောက်ဆက်တွဲဖြစ်လာမယ် ကိစ္စတွေကို တပ်က ပြောရမယ်ဆိုရင် သိပ်ပြီးတော့ ပီပီပြင်ပြင် ကိုင်တွယ်တာ မတွေ့ရဘူး။ ဒီကြားထဲ NLD က နှစ်ခုလုံး လိုလားအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြင်တဲ့အခါကျတော့ ဘာဖြစ်ဖြစ် သူအတွက်ကို ထောက်ခံမှုက ရောက်သွားတာပဲ ။

မနေ့က လွှတ်တော်ထဲမှာ ခွဲတဲ့အခါ ကြည့်မယ်ဆိုရင် တပ်ဘက်က မလိုချင်ဘူး ၊ ဒါကို ကန့်ကွက်တယ်ပြောတဲ့အခါ အသံတွေက ထွက်လာတယ်လေ ။ ဒီတော့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကြည့်မယ်ဆိုရင် ဒီဥစ္စာက ဖြစ်လာမှာပဲ။ ဘယ်လောက်ကြာမလဲဆိုတော့ မသိနိုင်ဘူးလေ။ ဒီဥစ္စာကို ဆက်ပြီးတော့ အရှိန်ဆွဲနေမယ် ၊ ပိတ်ဆို့နေမယ် ၊ တားမြစ်နေမယ် ၊ ကန့်လန်လုပ်နေမယ်ဆိုရင် နိုင်ငံရေး အရတော့ ရှုံးမှာပဲ။ ဘာပဲအကြောင်းပြပြလေ ။ ပြောရမယ်ဆိုရင် ဒီဥစ္စာက ပါးပါးနပ်နပ် နဲ့ နိုင်ငံရေးအားပြိုင်ပွဲတစ်ခု ပေါ်လာတယ်လို့ မြင်မိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com