All News China Watch Local News

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု မဖြေရှင်းနိုင်လျှင် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု အပြင်းအထန် ထိခိုက်နိုင်ဟု တရုတ်သံအမတ်ကြီးဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

တရုတ်နိုင်ငံက အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမှုကို မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Laing က ပြောဆိုသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မြစ်ကြီးနားသို့ တရုတ်သံအမတ်က သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် ကချင်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် တရုတ်သံအမတ်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်သံအမတ်က တရုတ်- မြန်မာပူးပေါင်းဆောင်ရွက်ရေးတွင် အခက်အခဲတစ်ခုရှိနေပြီး ယင်းအခက်အခဲမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်း ရပ်ဆိုင်းထားသည်မှာ ၇ နှစ်ကြာမြင့်လာပြီဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်း အချိန်ကြာမြင့်စွာ ရပ်ဆိုင်းပြီး ဖြေရှင်းရန် ပျက်ကွက်ပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော တရုတ်လုပ်ငန်းရှင်များ၏ ယုံကြည်မှုကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း၊ အဆိုပါ မြစ်ဆုံစီမံကိန်းမှ ရရှိသော လျှပ်စစ်ဓာတ်အားများသည် တရုတ်- မြန်မာ စီးပွားရေးကော်ရစ်ဒါ တည်ဆောက်ရေးနှင့်ပတ်သက်သည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ မြန်မာနှင့်တရုတ်သည် မြစ်ဆုံအရေးနှင့်ပတ်သက်ပြီး နှစ်ဖက် အနီးကပ် ညှိနှိုင်းနေပြီး နှစ်ဖက်စလုံး လက်ခံနိုင်သည့် သင့်တော်သော ဖြေရှင်းချက် ဆောင်ရွက်နေကြောင်း၊ ကချင်ပြည်သူလူထု၏ထောက်ခံမှုသည် အလွန်အရေးကြီးကြောင်း တရုတ်သံအမတ်က ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ မပေးသော်လည်း စီမံကိန်း ပြန်လည် လုပ်ဆောင်မည့် သဘောထားများတွေ့ရှိရကြောင်း အတိုင်ပင်ခံ၏ မြစ်ကြီးနားလာရောက်သည့် ခရီးစဉ် တွေ့ဆုံခွင့်ရရှိခဲ့သော ကချင်တိုင်းရင်းသားခေါင်းဆောင်တချို့ထံမှ သိရှိရသည်။

ဓာတ်ပုံ- တရုတ်သံအမတ်နှင့် ကချင်ခေါင်းဆောင်တချို့။

Photo Credit- Chinese Embassy in Myanmar

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com