All News Local News

မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိဟု တရုတ်သံရုံးထုတ်ပြန်ချက် လိမ်လည်ခြင်းဖြစ်၊ ကချင် ၃ ပါတီပူးပေါင်းကော်မတီက မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရန် ကြေညာချက်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်သူများက ဆန့်ကျင်ကန့်ကွက်မှုမရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Laing က ပြောဆိုမှုသည် လိမ်လည်လှည့်ဖြားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဦးဖောင်ယူဘရန်းလီက ပြောသည်။

“ကျနော်တို့ ကချင်ပြည်သူတွေက ဒီစီမံကိန်းကို ဟိုးအရင်ကတည်းက ဆန့်ကျင်တယ်။ အခုလည်း ဆန့်ကျင်တယ်။ အရင်ကလည်း ဆန့်ကျင်တယ်။ နောင်လည်း ဆန့်ကျင်တယ်။ မလုပ်သင့်ဘူးလို့လည်း ပြောထားပြီးသား။ အခု တရုတ်သံရုံး ထုတ်ပြန်ချက်က မပြောတာကို ပြောသလို လုပ်ထားတော့ ဒါ လိမ်လည်တာပဲ” ဟု ဦးဖောင်ယူဘရန်းလီက ပြောသည်။

အလားတူ ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ စည်းလုံး ညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် (UDPKS)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေး ဦးဆောင်ကော်မတီက မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကြောင်း သဘောထားကြေညာချက် ယနေ့ ထုတ်ပြန်သည်။

ယင်းကြေညာချက်တွင် မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရ ရပ်ဆိုင်းထားရန် မူဝါဒ သဘောထားရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် စက်မှုဇုန်စီမံကိန်းများနှင့်ပတ်သက်၍ စစ်မှန်သော ငြိမ်းချမ်းရေးရရှိမှသာလျှင် စီမံဆောင်ရွက်သွားရန် ဟူသော အချက် ၃ ချက်ပါဝင်သည်။

“မြစ်ဆုံစီမံကိန်းကို ကျနော်တို့ သဘောတူတယ်လို့မပြောခဲ့ဘူး။ အမြဲတမ်းဆန့်ကျင်တယ်ဆိုတာလည်း ပြောခဲ့တယ်။ ဆန့်ကျင်ကန့်ကွက်မှုမရှိဘူးဆိုတာမဟုတ်ဘူး။ တကယ်လို့ ဆန့်ကျင်ကန့်ကွက်သူမရှိဘူးဆိုရင် ဘယ်သူလဲဆိုတာ သေသေချာချာ ထုတ်ပြန်ပါ။ ကျနော်တို့က ဒီစီမံကိန်းရပ်ဆိုင်းရမယ်လို့ သဘောထား အမြဲတမ်းရှိတယ်” ဟု ဒေါက်တာတူးဂျာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com