All News Local News

ဘူးသီးတောင် သရက်ပြင်ရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နယ်ခြားစောင့်ရဲအဖွဲ့က ထိန်းသိမ်းထား၊ မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးမှန်းမသိရသေး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်မှ သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၁၅ ဦးက စစ်တပ်က ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားပြီး နယ်ခြားစောင့်ရဲ တပ်ရင်း ၃ စခန်းတွင် ထိန်းသိမ်းထားကြောင်း၊ လတ်တလော ပုဒ်မ မတပ်ဘဲ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရှိထားကြောင်း ရခိုင်ပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဘူးသီးတောင်မြို့နယ်မှ သရက်ပြင်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ရွာမှ လူငယ်တစ်ဦး ၊ ပြင်ချောင်းကျေးရွာမှ ကြာညှိပြင်ကျေးရွာသို့ ကယ်ဆယ်ရေးပစ္စည်းလာရောက်ယူသည့် ရွာသား ၇ ဦး ၊ စက်လှေဖြင့် စပါးလာဝယ်ယူသည့် ကျောက်တော်မြို့နယ် အပေါက်၀ ကျေးရွာမှ ၂ ဦး၊ နေပူခံရွာမှ တစ်ဦးနှင့် ကားလမ်းပေါ်တွင် သွားလာနေသူ ၃ ဦး ၊ စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် ၈ နာရီကနေ ၁၁ နာရီ ကျော်လောက်အထိ သရက်ပင်အုပ်စု အလယ်ချောင်းရွာ မှာ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန် အဲ့ဒီနေရာမှာ တပ်မတော်စစ်ကြောင်း ၊ ရဲ တွေ သရက်ပင်ကို ရောက်လာကြတယ်။ သရက်ပင်အုပ်ချုပ်ရေးမှူး နဲ့ လူငယ်တစ်ယောက် ၊ ပြီးရင် သရက်ပင်ကို စပါးဝယ်ဖို့ ရောက်လာတဲ့ ကျေက်တော်မြို့နယ်က အပေါက်ဝ ကျေးရွာက လူနှစ်ယောက် ၊ နေပူခံကျေးရွာ က တစ်ယောက် ၊ အဲဒီစက်လှေပေါ် ပါလာတာ ၃ ယောက် ၊ ဘူးသီးတောင် မြို့နယ်ဘက်က ပြင်ချောင်းရွာက ၇ ယောက် ၊ သူတို့ ၇ ယောက်က ပြင်ချောင်းရွာမှာ စစ်ဘေးရှောင့် ဒုက္ခသည်စခန်း ရှိတယ်။ အဲဒီစစ်ဘေးရှောင်စခန်းကနေ ကြာညိုပြင် ၊ သရက်ပင်နားက ချောင်းရဲ့တစ်ဘက်ကမ်းမှ ရှိတဲ့ ရွာကို ထောက်ပံ့ရေးပစ္စည်းတွေကို လှေနဲ့ လာထုတ်ကြတာ။ ပြီးရင် ဘူးသီးတောင် ၊ ရသေ့တောင်လမ်းမှ ကပ်လျှက် ကားလမ်းပေါ် သွားနေတဲ့ ကောင်လေးက ၃ ယောက် ၊ ရေကောင်းချောင်းက တစ်ယောက် ၊ တင်ညိုဘက်က တစ်ယောက် ၊ အမည်မသိတဲ့ရွာက တစ်ယောက် ၊ စုစုပေါင်း ၁၅ ယောက်ကို ဖမ်းသွားတယ် “ ဟု ဘူးသီးတောင်မြို့နယ် ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

လတ်တလော အခြေခံဥပဒေအရ လူတစ်ဦးကို ၂၄ နာရီထက် ပိုမိုကျော်လွန်၍ ထိန်းသိမ်းခွင့်မရှိ သဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်မူ ပုဒ်မတပ်နိုင်သဖြင့် စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ ၁၅ ဦးတွင် ပြင်ချောင်းကျေးရွာမှာ ၇ ဦး ပါဝင်ပြီး အဆိုပါကျေးရွာသားများမှာ ကြာညိုပြင်ဘုန်းကြီးကျောင်းသို့ ကယ်ဆယ်ရေးပစ္စည်းသွားရောက်ယူသူများဖြစ်သည်ဟု ကြာညိုပြင်ကျောင်းတိုက်ဆရာတော်က ဆိုသည်။

ကြာညိုပြင် ကျာင်းတိုက် ဆရာတော်က “ သူတို့က ဒီမှာ ပစ္စည်းတွေ ဘာတွေ ရောက်နေတယ်။ ဦးဇင်းတို့ ရွာကလူတွေ လာယူလို့ ဆိုပြီး ၊ ယူတဲ့အချိန်မှတော့ ပစ္စည်းတွေကို လှေပေါ်မှာ တင်တဲ့အခါတော့ စစ်သားတွေက မြင်တယ်။ အဲဒီအချိန်တော့ ဘာမှ မပြောဘူး။ လှေထွက်ခွာပြီးမှာ ဒီကို လာဦးဆိုပြီး ရဲဘက်က်နေ ခေါ်တယ်။ ပြီးတော့ ပစ္စည်းတွေကို ၁ နာရီ လောက်စစ်ဆေးတယ်။ ဘြူးသီးတောင် ခေါ်သွားတယ်ဆိုရင် ရဲကင်းမှာ စုစည်းပြီးထားတယ်လို့ သတင်းကြားတယ်။ တခြား ဘယ်လို့ ဘယ်လို့ဆိုတာတော့ ဘာမျှ အဆက်အသွယ်လို့မရဘူး။ ဖုန်းက ပါသွားတဲ့သူတွေလည်း ရှိတယ် ၊ မပါသွားတဲ့ သူလည်း ရှိတယ်။ ဖမ်းပြီးတော့ ပါသွားတဲ့ နှစ်ယောက် ၊ သူတို့ ဖုန်းကစက်ပိတ်ထားတယ်လို့ “ ဟု ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊အနောက်ပိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts