All News interview

“ဘာသာရေးကိုအသုံးချပြီးတော့ နိုင်ငံရေးလုပ်နေကြတယ်”

အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော်အရှင်ဘဒ္ဒန္တစိန္တိတ နှင့်တွေ့ဆုံခြင်း

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်ရေးဟူသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တန်းတူညီမျှ ညီညွတ်စွာ နေထိုင်ရေး လက်ခံလှုပ်ရှားသည့် ဘာသာရေးခေါင်းဆောင်များအနက် ဗုဒ္ဓဘာသာမှ အာရှအလင်းရောင်ဆရာတော်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။ ရန်ကုန်ခေတ်သစ်က အာရှအလင်းရောင်ဆရာတော်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ အမေရိကန်က ပြောတာ လက်ခံနိုင်ပါသလား။

ဖြေ ။ ။ နိုင်ငံကြီးတွေအနေနဲ့ နိုင်ငံငယ်လေးအပေါ်မှာ ဝေဖန်မှုတွေအပိုင်းက အရမ်း ကိုပြင်း ထန်တယ်လို့ ဘုန်းဘုန်းတို့က မြင်တာပေါ့။ နိုင်ငံ အပြောင်းအလဲတစ်ခု လုပ်တဲ့ နေရာမှာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဒီလိုမျိုး ဘာသာရေးကိုအသုံးချတာမျိုးတွေ၊ လူမျိုးရေး ကို အသုံးချတာမျိုးတွေ ရှိလေ့ရှိထရှိတာကို နိုင်ငံကြီးသားတွေဖြစ်တဲ့ အမေရိကန်တို့လို၊ ဥရောပက နိုင်ငံတွေလိုက သူ မသိစရာအကြောင်းမရှိပါဘူး။ ဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စတစ်ခုပါပဲ။ တကယ်တော့ ဘုန်းဘုန်းတို့နိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ကိစ္စကို သူတို့ပြောလို့ ဘုန်းဘုန်းက ကြားရတာပါ။ တကယ့်တကယ်ကျ ဘုန်းဘုန်းတို့ ဒီ အာရှမှာ မလေးရှား ကိုပဲကြည့်ကြည့် ဘယ်ကိုပဲကြည့်ကြည့်ပေါ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံ တွေမှာ သူတို့သွားပြီးတော့ မကြည့်ကြတာပါ။

ဥပမာဆို ဗီယက်နမ်တို့ဆိုလို့ရှိရင် ဘာသာရေးလွတ်လပ်ခွင့် ဘာတစ်ခုမှမရှိဘူး။ ဒါကျတော့ အဲဒီနိုင်ငံကြီးတွေက ဘာဖြစ်လို့မပြောလဲလို့ ဘုန်းဘုန်းက တွေးကြည့် နေတာပေါ့နော်။ ဘုန်းဘုန်းတို့နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ ပြောတာ ဘုန်းဘုန်း မငြင်းပါဘူး။ ရှိရင်လည်းရှိမှာပါပဲ။ သူတို့ပြောတာ ဟုတ်ရင်လည်း ဟုတ်မှာပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာအဖြစ် တရားဟောခွင့်၊ ကျောင်းဆောက်ခွင့် လွတ်လွတ်လပ်လပ်စည်းရုံးခွင့်ရှိသလို ခရစ်ယာန်တွေမှာလည်း Church ကျောင်းတွေ အများကြီးမဟုတ်ပေမယ့် သူတို့တွေ လွတ်လွတ်လပ်လပ် တည်ဆောက်ခွင့်တွေ ဘုန်းဘုန်းတို့နိုင်ငံမှာ အများကြီးရှိတယ်။

ဗလီလည်း ဒီအတိုင်းပါပဲ၊ ပေးသင့်ပေးထိုက် တာတွေ ပေးထားတာ အများကြီးရှိတယ် ဆိုတာ ဘုန်းဘုန်းတို့ တွေ့ရပါတယ်။ ဒီထက်ပိုပြီးတော့ ရချင်တယ်ဆိုရင်ပေါ့ တိုင်းပြည်ကို ကောင်းမွန်တဲ့ ဒီမိုကရေစီ စနစ်တကျ တည်ဆောက်နိုင်တဲ့ အချိန ်ကျလို့ရှိရင် ဒါတွေက လူ့အခွင့်အရေးနဲ့ ညီညွတ်စွာဖြစ်လာမယ်ဆိုတာကို ဘုန်းဘုန်းက ပြောနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲ လုပ်နေတဲ့အချိန်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေအပေါ်မှာ ဖိအားပေးတယ်လို့ပဲ ဘုန်းဘုန်းက မြင်တယ်လေ။ အဲဒါတော့ ဘုန်းဘုန်းက အမေရိကန်ကိုလည်းပဲ ဘုန်းဘုန်းက လုံး၀ လက်မခံနိုင်ပါဘူး၊ ဒီကိစ္စကြီးကိုလေ။ စိတ်လည်းမကောင်းပါဘူး။ ဒီနိုင်ငံလေးလေ အပြောင်းအလဲလုပ်တာကို တို့ ဝိုင်းပြီးတော့ ဘယ်လိုမျိုး ဖေးမခေါ်မလဲ ဆိုတဲ့စိတ်လေး ကို ဘုန်းဘုန်းက ထားစေချင်ပါတယ်။ သူတို့လည်းပဲ သူတို့နိုင်ငံတစ်ခု ဒီလိုမျိုးရောက် အချိန်တွေဘယ်လောက်ပေးပြီး တည်ဆောက်ခဲ့ရတယ်ဆိုတာကို သူတို့သိပါလိမ့်မယ်။ သူတို့ ဒီလိုအခြေအနေရောက်မှ သူတို့အခြေအနေနဲ့ ဒီနိုင်ငံလေးကို သူတို့အခြေ အနေလိုပုံစံမျိုး လူ့အခွင့်အရေးစံချိန်ချိုးတာကတော့ အတော့်ကို မတရားဘူးလို့ပဲ ဘုန်းဘုန်းက ဖြေချင်ပါတယ်။

မေး ။ ။ ရခိုင်ပြဿနာကြောင့်မို့ ဗုဒ္ဓဘာသာကို အစွန်းရောက် ဘာသာလို့မြင်သွားတဲ့ ဟာကို ဘယ်လိုပြန်ပြီးတော့ အဖတ်ဆယ်ကြမလဲ။

ဖြေ ။ ။ တကယ်တော့ ရခိုင်ကိစ္စ အဖတ်ဆယ်စရာ တစ်ခုမှမရှိပါဘူး။ ဗုဒ္ဓဘာသာနဲ့ ဘာမှလည်းမပတ်သက်ပါဘူး။ ဒါကြီးက သက်သက်ကြီးကို ထိုးနှက်ပြီးတော့ ဗုဒ္ဓဘာသာကိုပြောတာပါ။ တကယ်တော့ ဟိုဘက်က အစွန်းရောက် သမားတွေ ကနေပြီးတော့ စခန်းတွေကိုတိုက်တာကနေ စပြီးတော့ စစ်တပ်နဲ့ဖြစ် တဲ့ပြဿနာပါ။ ဘယ်ဘုန်းကြီးမှ အဲဒီထဲမှာ မပါပါဘူး။ အဲဒါကို ဗုဒ္ဓဘာသာဆိုတာကြီး အသုံးချတာ ကတော့ အင်မတန်ကို ဝမ်းနည်းစရာကောင်းပါတယ်။

မေး ။ ။ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် လုပ်နေတဲ့အပေါ်မှာ ဘယ်လိုမျိုးလုပ်သင့်သလဲ။
ဖြေ ။ ။ မှန်ပါတယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်အောင်လုပ်တဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်ဆိုတာတော့ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူတွေက သိသလို၊ ကမ္ဘာ့နိုင်ငံ အသီးသီးက မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေလည်း သိပါတယ်။ ဒါဟာ စနစ်တကျကို ဘာသာရေးကိုအသုံးချပြီးတော့ နိုင်ငံရေးလုပ်နေကြတယ်လို့ ပြောရမှာပါ။ ဒါကို နိုင်ငံသားအားလုံးက အသိရှိရှိနဲ့ သတိနဲ့ ကိုယ့်နိုင်ငံကို ဒီလိုမျိုး အစွန်းရောက်မှုတွေရဲ့အောက်မှာ မရောက်ဖို့၊ စည်းရုံးမှုအောက်မှာ ပါဝင်မသွားဖို့ မျိုးဆက်သစ်လူငယ်တွေရော၊ လူကြီးသူမတွေရော သတိ ဝီရိယနဲ့ထားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တို့နေထိုင်မယ်၊ သူတို့စည်းရုံးတဲ့အတိုင်း တို့ဘာမှပါစရာမလိုဘူး၊ တို့မှာ သူတို့ပြောတဲ့အတိုင်း ယုံဖို့မလိုဘူး၊ တို့မှာ စဉ်းစားနိုင်တဲ့ အားတွေ ရှိတယ် ဆိုတာမျိုးကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ နိုင်ငံသားတွေအားလုံး လိုအပ်တယ်၊ သတိရှိဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ နိုင်ငံတော်သံဃာမဟာနာယက ပြုပြင်ပြောင်းလဲသင့်တယ်လို့ ဝေဖန်မှုတွေ အပေါ်မှာ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။ ။ အမှန်က အဲဒီလိုဝေဖန်တဲ့ပုဂ္ဂိုလ်တွေက နိုင်ငံတော်သံဃမဟာနာယကရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်လို့ပြောတာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံတော် သံဃမဟာ နာယက စပြီးတော့ဖွဲ့စည်းကတည်းကိုက သံဃနာယကအဆင့်ဆင့်ကို ရွေးချယ်ပြီးတော့ တင်မြှောက်ရမယ်၊ သံဃာ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့မူ ရှိပြီးသားပါ။ အဲဒီမူအတိုင်းဖြစ်အောင် သံဃာက အလုပ်မလုပ်ဘဲနဲ့ နေကြတဲ့ အတွက်ကြောင့် မို့ အလုပ်လုပ်ချင်တဲ့၊ ဒါမှမဟုတ် အလုပ်လုပ်နိုင်တဲ့၊ ဒါမှမဟုတ် မလွှဲသာလို့ တာဝန်ပေးခံရတဲ့ ပုဂ္ဂိုလ်တွေက သံဃနာယကစစ်စစ်ကို တာဝန်ယူနေရတာဖြစ်ပါတယ်။
တကယ်တော့ သံဃာအားလုံးက ကိုရင်လေးကနေစပြီးတော့ ဟိုး ဆရာတော်ကြီး တွေအဆင့်ထိပေါ့ သံဃနာယကအဆင့်ဆင့်က တို့တတွေကိုယ်တိုင်က ရွေးချယ်ပေး ရမှာပါလားဆိုတဲ့အသိ ရှိသွားလို့ရှိရင် ဒါလွယ်လွယ်လေး ပြီးသွားမယ့်ကိစ္စပါ။ ခုဟာ သူတို့ကိုယ်တိုင်က မဲပေးရကောင်းမှန်း မသိဘူး၊ ရွေးချယ်ရကောင်းမှန်းမသိဘူး။ အဲ့ဒီလိုမသိဘဲနဲ့ သူတို့ဘာသာသူတို့ နီးစပ်ရာ လက်သင့်ရာ စားတော်ခေါ်ပြီးတော့ လုပ်နေကြတယ်ဆိုတဲ့အတွေးနဲ့ ဆောင်ရွက်နေကြတာ။ အဲဒီလိုမျိုးဖြစ်အောင်လို့ ဟိုက လုပ်လိုက်တာမို့ သူတို့ကလည်း အဲ့ဒီလိုလုပ်သွားကြတာပါ။ အားလုံးက သံဃာတွေက တညီတညွတ်တည်း ဒီမိုကရေစီကျကျ ရွေးချယ်ခွင့်ရှိပါရဲ့နဲ့ မရွေးချယ်တာကတော့ သံဃာအားလုံးရဲ့တာဝန်ပါ။ သံဃမဟာနာယကရဲ့တာဝန် မဟုတ်ပါဘူးလို့ ဘုန်းဘုန်းက ဖြေချင်ပါတယ်။

သံဃနာယကတော့ မပြောင်းလဲရပါဘူး။ ဒီ သံဃနာကအဖွဲ့ဆိုတာတော့ သူ့ဘာသာသူ ရှိနေရမှာ။ သံဃ့မဟာနာယကနေရာမှာ ရှိနေကြတဲ့ ဆရာတော်ကြီးတွေကတော့ ဒီမိုကရေစီ အရ ရွေးချယ်တင်မြှောက်ပြီးတော့ အပြောင်းအလဲကတော့ လုပ်ရမှာပါ။ ဒါကတော့ ဘယ်အစိုးရနဲ့မှ မဆိုင်ပါဘူး၊ သံဃမဟာနာယကရဲ့ မူနဲ့ပဲ၊ အခြေခံဥပဒေနဲ့ပဲ ဆိုင်ပါတယ်။

မေး ။ ။ ဒီနိုင်ငံမှာ အစွန်းရောက်လုပ်ရပ်တွေလုပ်နေတဲ့ အဖွဲ့အစည်း တွေရှိနေတယ် ဆိုတော့ ဒီအစွန်းရောက်အဖွဲ့တွေကို ထိထိရောက်ရောက် အရေးမယူနိုင်တာ ဘယ်လိုထင်လဲ။

ဖြေ ။ ။ အမှန်ကတော့ ဒီမိုကရေစီ အပြည့်မရသေးလို့ပေါ့။ ဒီမိုကရေစီအပြည့်ရတဲ့ အခါကျတော့ နိုင်ငံ့တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေက သူတို့လုပ်ရမယ့် ဥပဒေစိုးမိုးရေတို့၊ နိုင်ငံတည်ငြိမ်ရေးတို့၊ နယ်စပ်လုံခြုံရေးတို့ စသည်ဖြင့် သူတို့ဆီမှာ လုပ်ပိုင်ခွင့်က အပြည့်မရှိဘူး။ အဲဒီလိုအပြည့်မရှိတဲ့အခါကျတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူလဲတာ သိကြမှာပါ။
တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက တကယ့်တကယ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တာဝန်ပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သူ့တာဝန်ကိုသူ ကျေပွန်အောင် လုပ်ခဲ့မယ်၊ ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင် တိုင်းပြည်ကို မတည်ငြိမ်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်တဲ့ပုဂ္ဂိုလ်တွေ၊ ဘာသာတရားတစ်ခု အပေါ်မှာ စော်ကား တဲ့ပုဂ္ဂိုလ်တွေ အဲဒီပုဂ္ဂိုလ်တွေကို အရေးယူရမှာသည် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်စည်ပင်၊ နယ်စပ်လုံခြုံရေးယူထားတဲ့ တာဝန်ပိုင်း တွေကိုယူထားတဲ့ပုဂ္ဂိုလ်တွေရဲ့ တာဝန်ပဲဆိုတာကို အးလုံးသိပြီးသားတွေပါ။ ဘာမှ ထူးထူး ခြားခြားမဟုတ်ပါဘူး။ ကိုယ့်တာဝန်ကိုယ် ယူသွားကြမ်ယ်ဆိုရင် ဒီကိစ္စတွေ ပေါ်စရာအကြောင်းမရှိဘူး။

မေး ။ ။ လက်ရှိမှာ သာသနာကို ခုတုံးလုပ်တဲ့ MRTV 4 ဆရာတော်နဲ့ သီလရှင်ဝတ်ပြီး ငွေလိမ်တဲ့ မယ်တော်ကြီး နန္ဒမာလာလို ဗုဒ္ဓဘာသာကို နာမည်ဖျက်နေတဲ့ အပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ ။ ။ အဲဒီဟာတွေက ခက်တာကလေ ဆိုရှယ်မီဒီယာမှာပဲ ကောက်ပြီးတင် နေတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်တာတောတာ၊ အမှုတွဲတွေလုပ်ပြီးတော့ ဆောင်ရွက်တာ မရှိဘူး။ ဆိုရှယ်မီဒီယာမှာတော့ တစ်ဖက်က ကလေးမလေးက သူ့ဟာသူ မေးတဲ့လူကရှိတော့ ဖြေတာပေါ့။ သူတို့ဟာ သင်္ကန်းဝတ်နဲ့ ငြိစွန်းခဲ့ပါတယ်လို့ ပြောတယ်ပေါ့နော်။ ဒီလိုပဲ ပြောနေကြတာပေါ့။ ဥပဒေအရအရေးယူဖို့ ကိစ္စဆိုတာ ကလေ အမှုတစ်ခုတည်ဆောက်ပြီးတော့ တိုင်တဲ့လူလည်းရှိရမယ်။ အဲဒီလိုမှသာ ဆောင်ရွက်လို့ရတာလေ။ အခုဟာက တိုင်ကြတာမရှိဘူး။ အဲဒီတော့ သူပြောနေတာ တွေက တကယ်လား၊ လုပ်ကြံပြောနေတာလား ဆိုတာလည်းပဲ ဘယ်လိုလုပ်ယုံလို့ရမှာလဲ။
ဆိုရှယ်မီဒီယာ ဆိုတာကလေ ဘယ်သူကမှ တာဝန်ယူမှုတာဝန်ခံမှုနဲ့ လုပ်နေကြတာမှ မရှိတာ။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့လုပ်နေတဲ့ မီဒီယာမျိုးဆိုရင်တော့ ဟုတ်တာ ပေါ့နော်။ အဲဒီတော့ MRTV-4 ဆရာတော်ကိစ္စကလည်း ဆိုရှယ်မီဒီယာက ပြောတာပဲ ဘုန်းဘုန်းတို့သိရတယ်။ တရားဝင်တိုင်တဲ့သူ၊ ကာယကံရှင်က ဘယ်သူကတိုင်ထား တာလဲ၊ တိုင်ထားတာလည်း ဘုန်းဘုန်းတို့မတွေ့ရဘူး။ တိုင်ထားတာမတွေ့တဲ့အခါ ကျတော့ သူက အတုလား၊ အစစ်လား၊ တကယ်လား၊ အဟုတ်လား၊ မဟုတ်လား ဆိုတာ ဘုန်းဘုန်းတို့ ဘယ်လိုလုပ် ခွဲခြားဝေဖန်နိုင်မှာလဲ။ အဓိကတော့ တိုင်မယ်လူက စနစ်တကျနဲ့ အမှုတွဲ တည်ဆောက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံပြီးတော့ တိုင်ကို တိုင်ရမှာပါ။ ဟုတ်ရင်ပေါ့နော်။ အဲဒီလိုမှမဟုတ်ဘဲ ဆိုရှယ်မီဒီယာကနေ ပြောနေတဲ့စကားတွေက အရပ်စကားနဲ့ပြောမယ်ဆိုရင် သွားပုပ်လေလွင့် ပြောနေတဲ့စကားလို့ ဘုန်းဘုန်းတို့ ဖြေစရာကလွဲရင် ဘာမှမရှိပါဘူး။

မေး ။ ။ အရင်ခေတ်တုန်းက သာသနာသန့်ရှင်းရေးဆိုပြီး လုပ်ခဲ့တာတွေရှိတယ်။ အခုခေတ်မှာရော လိုအပ်နေပြီလား။

ဖြေ ။ ။ ထင်နေလို့ပါ၊ ဘယ်ဘာသာ၊ ဘယ်သာသနာမှ သန့်ရှင်းတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာလို့တုန်းဆို ဘာသာ သာသနာကတော့ သန့်ရှင်းရင် သန့်ရှင်းမှာပေါ့နော်။ ဘာသာ သာသနာထဲဝင်နေကြတာ လူတွေကိုး။ ခရစ်ယာန်ကလည်း သန့်ရှင်းချင်မှ သန့်ရှင်းမှာ လူတွေပဲလေ။ အစ္စလာမ်လည်း သန်ရှင်းချင်မှသန့်ရှင်းမှာ၊ ဗုဒ္ဓဘာသာလည်း သန့်ရှင်းချင်မှ သန့်ရှင်းမှာ။ လူတွေမသန့်ရှင်းတာနဲ့ ဘာသာနဲ့တော့ မပတ်သက်ဘူးထင်ပါတယ်။ လူတွေက လူတွေကိစ္စ၊ ဘာသာက ဘယ်လိုမှညစ်နွမ်းစရာအကြောင်းမရှိပါဘူး။ အဲဒီတော့ ခေတ်အဆက်ဆက်မှာ ဘာသာကတော့ သူ့ဘာသာသူ စင်ကြယ်နေတာပါ။ လူတွေကတော့ အဲဒီအထဲဝင်ပြီး ပါဝင်ပတ်သက်နေကြတော့ လူတွေမသန့်ရှင်းတာနဲ့ ဘာသာကိုတော့ ထိခိုက်စရာ၊ အပြစ်ပြောစရာတော့ မလိုဘူးလို့ ဘုန်းဘုန်းကတော့ သုံးသပ်တယ်။

မေး ။ ။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သာသနာရေးဝန်ကြီးအပေါ်မှာရော ဘယ်လို မှတ်ချက်ပြုချင်ပါလဲ။
ဖြေ ။ ။ သာသနာရေးဝန်ကြီးအနေနဲ့ စကားပြောတဲ့အခါမှာ ဘယ်ဘာသာမှ မထိမခိုက်တဲ့စကားမျိုး သုံးနှုန်းပြီးတော့ ပြောစေချင်ပါတယ်။ စကားကို လွယ်လွယ်ကူကူလေးနဲ့ မပြောစေချင်ပါဘူး။ ဘာသာ သာသနာကို ဦးဆောင်ပြီးတော့၊ တာဝန်ယူပြီးတော့ လုပ်နေတဲ့ သာသနာရေးဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘာသာ အားလုံးရဲ့၊ သာသနာအားလုံးရဲ့ အားကိုး အားထားရာ၊ စောင့်ရှောက် ပေးရာဖြစ်တဲ့၊ တာဝန်ယူရတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပုဂ္ဂိုလ်ကြီးဟာ စကားပြောတဲ့အခါမှာ မည်သည့်ဘာသာကိုမှ ထိခိုက်မှုမရှိအောင်၊ နစ်နာမှုမရှိအောင် လိုပါလိမ့်မယ်။ လုပ်တဲ့နေရာမှာလည်း ဒီတိုင်းပါပဲ။ ဘာသာအားလုံးကို တန်းတူရည်တူထားပြီးတော့ သူ့အနေနဲ့ ဆောင်ရွက်ပေးရပါလိမ့်မယ်။
သူ့ဘာသာသူ personal အရ ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာကျောင်းသွားတာ ဘာမှမဆန်းပေမယ့် ဝန်ကြီးတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့နေရာမှာတော့ ဘာသာတရားအားလုံးကို တန်းတူရည်တူဖြစ်အောင် သူ့အနေနဲ့ ထမ်းဆောင်ဖို့လို လိမ့်မယ်လို့ ဘုန်းဘုန်းကတော့ သူ့ကို မေတ္တာရပ်ခံချင်တာပါပဲ။

မေး ။ ။ လက်ရှိမှာ စာသင်သားသံဃာတော်တွေ နည်းလာတယ်၊ တချို့စာသင်တိုက်တွေမှာလည်း သံဃာတော် စာသင်သားတွေ နည်းလာတယ်၊ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဒါ ဘယ်လိုမှတော့ မမြင်ပါဘူး၊ အဓိကကတော့ ပညာရေး၊ စီးပွားရေး၊ လူတွေရဲ့ အသိဉာဏ်အားတွေက အင်မတန်အားကောင်းလာတဲ့အချိန်မှာ ဗုဒ္ဓဘာသာ မိဘတွေ က သူတို့သားတစ်ယောက်ကို၊ သမီးတစ်ယောက်ကို သာသနာထဲကိုပေါ့နော် အပ်နှင်းဖို့ အတွက် သူတို့အတွက် တော်တော်ခဲယဉ်းလာတယ်။ တချို့ဘုန်းကြီးတွေ၊ တချို့လူတွေက ပြောကြတာပေါ့နော်၊ ဒီ ဖုန်းတွေကြောင့် စသည်ဖြင့် ပြောကြ တာပေါ့နော်၊ မဟုတ်ပါဘူး။
မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကို သာသနာထဲအပ်နှင်းဖို့ရာအတွက် သူတို့မှာ ယုံကြည်မှုမရှိဘူး။ ဘာယုံကြည်မှုမရှိတာလဲ၊ သာသနာထဲရောက်သွားလို့ ငါ့သား သာသနာထဲ မြဲရင်တော်သေးရဲ့၊ မမြဲဘဲနဲ့ လူထွက်လာရင် လူ့လောကထဲမှာ ကိုးလိုးကန့်လန့်ကြီး ဖြစ်လိမ့်မယ်ဆိုတဲ့အတွေးတွေ မိဘတွေမှာရှိကြတယ်။ အဲဒီတော့ သူတို့ကိုယ်တိုင်က သူတို့သားသမီးကို သာသနာထဲအပ်နှင်းမှု နည်းတာလည်း အဓိကကျပါတယ်။
ဟိုတုန်းကတော့ သာသနာထဲကို အပ်နှင်းရတယ်ဆိုတာ ကျေးရွာမှာရှိတဲ့မိဘတွေက သူတို့သားလေးတွေ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့အတွက်၊ အရာရောက်ဖို့အတွက်ဆိုရင် ရွေးချယ်စရာ သာသနာထဲတစ်ခုပဲရှိတယ်။ အခုကျတော့ သူတို့ကလေးတွေကို လူတစ်လုံးသူတစ်လုံးဖြစ်ဖို့အတွက် ပညာရေးကလည်း တော်တော်များများ နေရာတွေမှာ လက်လှမ်းမီသွားတဲ့အခါ သူတို့သားသမီးတွေကို ပညာတတ် တွေဖြစ်စေချင်ကြတဲ့စိတ်ကလည်း အဓိက ပါပါတယ်။ သမီးတို့သိခဲ့တဲ့ မြန်မာနိုင်ငံက တချို့ဘုန်းကြီးတွေပြောတဲ့၊ တချို့လူတွေပြောတဲ့အရာတွေလောက် မဟုတ်ပါဘူး။
အဓိက မိဘတွေအပေါ်မှာပဲ အဓိကပါပဲ။ နောက် ကလေးတွေပေါ့၊ ကလေးတွေက ဒီသာသနာကို စိတ်မဝင်စားကြတော့ဘူးလေ။ သာသနာစိတ်မဝင်စားတော့ မဝတ်ချင် ကြတော့ဘူးပေါ့။ လက်ရှိဝတ်နေကြတယ်ဆိုတာကတော့ သာသနာထဲမှာ ရောက်နေကြတဲ့၊ တော်တော်များများကတော့ ဘယ်က ကလေးတွေ ရောက်တုန်းဆိုတော့ စစ်ဖြစ်ဒေသကနေပြီးတော့ တိုင်းရင်းသားပေါ့နော်၊ ပလောင်တို့၊ ရှမ်းတို့၊ ကရင်တို့ ဒီလိုမျိုးလေးတွေက ဝတ်လာကြတော့ များသယောင်ယောင် ရှိတာပေါ့။ သူတို့လည်းပဲ ငြိမ်းချမ်းသွားရင်တော့ သူတို့လည်းပဲ ဝတ်ချင်မှဝတ်တော့ မှာပေါ့။ ဒါတော့ တိုင်းပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ၊ သာသနာအတွက်ပေါ့နော်။ အဲဒီကိစ္စမျိုးကို မဖြစ်အောင်ဆိုရင် သာသနာ့ဝန်ထမ်း၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနဲ့ ကိုယ့်သာသနာထဲမှာရောက်လာတဲ့ ကလေးတွေကို ကိုယ့်ရဲ့ ဘာသာရေးပညာ သင်ပေးဖို့လိုသလို လောကထဲမှာလည်း လောကအကြောင်း သိကောင်းစရာဖြစ်တဲ့ ဘုန်းဘုန်းတို့ ဘာသာရေးခေါင်းဆောင်တွေပြောတဲ့ အတန်းစာလို့ခေါ်တာပေါ့နော်၊
လောကီစာတွေကိုလည်းပဲ တတ်မြောက်အောင်သင်ပေးဖို့ လိုလိမ့်မယ်။ အဲဒီလိုဆို လို့ရှိရင်တော့ ဘုန်းဘုန်းတို့ သာသနာထဲမှာ သာသနာ့ဝန်ထမ်းတွေ လျှော့သွားစရာ အကြောင်းမရှိနိုင်ဘူး။ ပိုတိုးလာစရာပဲ အကြောင်းရှိတယ်။ ဒါကတော့ ဘုန်းဘုန်း ရဲ့အမြင်တစ်ခုအနေနဲ့ ဖြေတာပါ။ မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေအဖြေနဲ့တော့ လွဲနေလိမ့်မယ်ဆိုတာ ဘုန်းဘုန်းကလည်း သိပါတယ်။

မေး ။ ။ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးပွဲတော်တွေမှာ စပီကာတွေဖွင့်တယ်၊ လော်တွေဖွင့်တယ် ဆိုပြီး ဝေဖန်မှုတွေ တော်တော်လေးဖြစ်သွားသေးတယ်။ အဲဒီအပေါ်မှာ တကယ်တမ်း ဘာသာတရားနဲ့ပတ်သက်ရင် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဘာသာတရားနဲ့တော့ သွားပြောလို့မရဘူး၊ ဒါ ယဉ်ကျေးမှုနဲ့လည်း ဆိုင်တာ ပေါ့နော်။ ယဉ်ကျေးမှုဆိုတာက ဘာသာတရားနဲ့ မပတ်သက်ဘူး။ မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းက တယ်လီဖုန်းလည်းမရှိ၊ တခြား တီဗီတို့ဘာတို့ မရှိခင် ခေတ်တုန်းက အားကိုးအားထာရာဖြစ်တာ၊ လှုံ့ဆော်ရေးဆိုတာ အသံချဲ့စက်တစ်ခုတည်းပဲ ရှိခဲ့တာလေ။ ကျေးရွာတစ်ခုမှာ အသံချဲ့စက်ဖွင့်ပြီဆိုလို့ရှိရင် လူစုတာမျိုးပေါ့နော်။
ဘာသာရေးပွဲတွေ လုပ်ခဲ့တယ်ဆိုတာ ခရစ္စမတ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တော်တော်များများဟာ လူစုဖို့အတွက်ပဲ လုပ်ကြတာပဲ။ လူတွေစုဝေးခွင့် ရအောင် လုပ်ကြတာပါပဲ။ ဒီလိုပါပဲ ဗုဒ္ဓဘာသာ ဘုရားပွဲတွေမှာ ဟိုးယခင်၊ ရှေးယခင်ကတည်းက ဒီလိုမျိုး အော်ကြီးဟစ်ကျယ်နဲ့ စပီကာကြီးတွေဖွင့်၊ အသံချဲ့စက်ကြီးတွေဖွင့်ပြီးတော့ လုပ်ခဲ့ကြတာပါ။ ဟိုတုန်းကတော့ ဒီလိုမျိုး ပြောရကောင်းမှန်းလည်း မသိဘူး။ ပြောချင်လို့ရှိရင်လည်း အွန်လိုင်းလည်းမရှိ၊ ဘာလည်းမရှိတော့ မပြောခဲ့ကြတာပါ။ ဒါ ဟိုတုန်းကလည်း လုပ်နေကြတာ၊ ဖွင့်နေကြတာ၊ ဆူနေကြ၊ ပွက်နေကြတာပါ။ ဒါ ဘာသာတရားနဲ့မဆိုင်ဘူး။ ဒီဟာကြီးက မကောင်းဘူး၊ ဒါကြီးက လူအားလုံးနဲ့ သဟဇာတမဖြစ်ဘူး။ ဒါကြီးကိုတော့ ခေတ်မမီဘူး ဆိုရင်တော့ အားလုံးက သတိရယ်၊ အသိရယ် အားလုံးပြောင်းလဲပြီးတော့ တို့တတွေ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ် ဘယ်သူ့မှမထိခိုက်အောင် ဆိုလို့ရှိရင် တို့ အသံချဲ့စက်တွေ တိုးတိုးဖွင့်ကြမယ်၊

တို့ပွဲလေးလုပ်တဲ့နေရာဝန်းကျင်လောက် ကြားရုံစနစ်နဲ့ လုပ်ကြမယ်၊ အသံချဲ့စက် ဥပဒေတွေ စနစ်တကျ ပြန်ပြီးတော့ အကောင်အထည်ဖော်ကြမယ်၊ ဒီလိုဆိုရင် ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဒီ ဗုဒ္ဓဘာသာ ဘုရားပွဲတွေ၊ တန်ဆောင်တိုင်ပွဲတွေ ဒီလိုမျိုး လက်ညှိုးထိုးပြောနေမယ်ဆိုရင် ပိုပြီးတော့ ဆိုးသွားမှာ။ ဒါက ဒီလိုမျိုးပြောပြီးတော့ ဒီဟာတွေကိုချုပ်ငြိမ်းအောင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ အသိရှိအောင် လုပ်ရမှာပါ။ ဘာသာတရားနဲ့မှ မဆိုင်တာဥစ္စာ။ ဘာသာတရားကို သွားပြီးတော့ လက်ညှိုးထိုးပြောရင် ပိုပြီးတော့ဆိုးသွားမှာပေါ့။
ခက်တာက တစ်ခါတလေကျလို့ရှိရင် လူတွေက လူတွေလုပ်နေတာကို ဘာသာတရား သွားသွားပြီးတော့ လက်ညှိုးထိုးထိုးပြောတာ တော်တော်ခွကျတယ်။ အဲဒီတော့ ပိုပိုပြီးတော့ ပြဿနာတွေက ကြီးကြီးလာတယ်။ ဘာသာတရားနဲ့ ဘာမှမပတ်သက်ဘူး နော်။ ရှေးတုန်းကတည်းက အသံချဲ့စက်ဖွင့်လာတာ ဘုန်းဘုန်းတို့မမွေးခင်ကတည်းက ဖွင့်လာတာ အသံချဲ့စက်က။ အော်ကြီးဟစ်ကျယ်နဲ့ ဖွင့်လာတာ နော်။ အသံချဲ့စက် မပါရင် ဘုရားပွဲလည်းမဖြစ်ဘူး၊ မင်္ဂလာဆောင်လည်း မဖြစ်ဘူး၊ အလှူလည်းမဖြစ်ဘူး။ ဒါ သူ့ယဉ်ကျေးမှုနဲ့သူလုပ်လာတာ။ ဘာသာရေးက ဒီလိုလုပ်ရမယ်လို့ သွန်သင်ထား တာ မဟုတ်ပါဘူး။ ဘာသာရေးနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား သွားပြီးတော့ မပြောပါနဲ့။ ဒါ သူ့ယဉ်ကျေးမှုနဲ့ပတ်သက်တာပါ။
အဲဒီတော့ မီဒီယာတွေမှာလည်း ဒါလေးတွေ၊ အားလုံး သူတို့တွေ အသိရှိအောင် ဒါလေးတွေကတော့ ဘယ်လိုမျိုးလုပ်ရင် ဘယ်သူတွေထိခိုက်တယ်၊ ဘယ်သူတွေ စိတ်ပင်ပန်းတယ်၊ မနာမကျန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဘယ်လိုခက်ခဲတယ်။ ဒီလိုမျိုးလေးတွေနဲ့ သူတို့တတွေ နားလည်အောင်၊ ဪ … ဟုတ်သားပဲ ကိုယ်ချင်းစာ တရားတွေနဲ့ တို့လုပ်မှပါလားဆိုတဲ့ သူ့ဘာသာသူ ပြောင်းလဲလာအောင်၊ အသိစိတ် နဲ့ပြောင်းလဲလာအောင် ဆောင်ရွက်ခြင်းအားဖြင့်သာလျှင် ဒီ အသံချဲ့စက်ကိစ္စဟာ ဆောင်ရွက်လို့ရမှာပါလို့ ဖြေချင်ပါတယ်။

မေး ။ ။ အနှစ်သာရပြည့်ဝတဲ့ ဗုဒ္ဓသာသနာတော်ကြီးဖြစ်ဖို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ။
ဖြေ ။ ။ အနှစ်သာရရှိတဲ့သာသနာက အစိုးရနဲ့မပတ်သက်ပါဘူး၊ အုပ်ချုပ်သူ လူတန်းစား နဲ့က ဘာမှမပတ်သက်ဘူး။ အနှစ်သာရရှိဖို့ဆိုရင် အဲဒီသာသနာ မှာရှိတဲ့ပုဂ္ဂိုလ်တွေက ဆောင်ရွက်ရမှာပါ။
ဆိုရှယ်မီဒီယာဖြစ်ဖြစ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်နေကြတဲ့ မီဒီယာပိုင်းက ပုဂ္ဂိိုလ်တွေ ပဲဖြစ်ဖြစ် သတင်းတစ်ခုကို တင်ပြတဲ့နေရာမှာ နောက်သမိုင်းလည်း ပြန်ပြီးတော့ စဉ်းစား စေချင်တယ်။ ဒါက ဘာသာနဲ့ဆိုင်တာလား၊ ယဉ်ကျေးမှုနဲ့ ဆိုင်တာလား၊ ကွဲပြားပြီးတော့လည်း စဉ်းစားပြီးတော့လည်း ရေးစေချင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ လူပြောသူပြောလေးနဲ့ ကောက်ပြီးရေးလိုက်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ ဒီဟာတွေက ပြဿနာ ရှုပ်ထွေးစေပါတယ်။ ဘုန်းဘုန်းအနေနဲ့ မီဒီယာကို မေတ္တာရပ်ခံ ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အနေအထားက အပြောင်းအလဲလေး သွားနေတဲ့အချိန်အခါမို့ တကယ်လို့ သတင်းတစ်ခုရေးမယ်ဆို ကိုယ့်သတင်းကို ပေါက်ဖို့အတွက်ထက် ငြိမ်းချမ်းမှု အများကြီးရဖို့အတွက် ဦးတည်တဲ့ အရေးအသားမျိုးဖြစ်အောင် ရေးကြပါလို့ ဘုန်းဘုန်းအနေနဲ့ ခြုံပြီးတော့ ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts