All News Local News

ဘာသာခြားမို့ ARSA ကို ချေမှုန်းတာလားဟု လက်ညှိုးထိုးစရာ ဖြစ်လာနိုင်သဖြင့် AA ကို ပြတ်ပြတ်သားသား ချေမှုန်းရေး ဒေါ်အောင်ဆန်းစုကြည် မှာကြားဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်တပ်မတော်AA ကို မချေမှုန်းလျင် ARSA ကို ဘာသာခြားမို့လို့ ချေမှုန်းတာလား၊ AA ကို တိုင်းရင်းသားမို့လို့ မချေမှုန်းသလားဟု လက်ညှိုးထိုးစရာ ဖြစ်လာနိုင်သဖြင့် AA ကို ပြတ်ပြတ်သားသား ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ယနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က AA သည် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သာဖြစ်၊ ထိထိရောက်ရောက် လျှင်လျှင် မြန်မြန် ပြတ်ပြတ်သားသား ချေမှုန်းရန် မှာကြားခဲ့သလို မချေမှုန်းလျှင် ARSA ကို ဘာသာခြားမို့လို့ ချေမှုန်းတာလား၊ AA ကို တိုင်းရင်းသားမို့လို့ မချေမှုန်းသလားဟု လက်ညှိုးထိုးစရာ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားချေမှုန်းရန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ရက်စွဲပါ အမှတ် ၁၆၈(၁)၈ ဖြင့် တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ တပ်အင်အား တိုးမြှင့်အသုံးပြုခြင်း၊ တပ်မတော်ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပြီး သောင်းကျန်းသူများ နှိမ်နင်းရေးကို ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုခေါင်းဆောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

AA နှင့် အစိုးရစစ်တပ်တို့အကြား ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲ ၁၅ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တိုက်ပွဲ ၂၆ ကြိမ်၊၂၀၁၇ ခုနှစ်တွင် တိုက်ပွဲ ၅၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တိုက်ပွဲ ၆၁ ကြိမ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၁၆ ရက်နေ့အထိ တိုက်ပွဲ ၈ ကြိမ် AA အလောင်း ၁၃ လောင်း၊ လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ် NLD အစိုးရသစ် အာဏာစယူချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုတွေ့ရစဉ်။ Photo Credit- MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com