All News Local News

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခုံရုံးတင်အရေးယူသင့်ဆိုတဲ့ ကုလသံတမန် ပြောဆိုချက် ဂရုစိုက်ရန် မလိုဟု တပ်မတော်တုံ့ပြန်

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟေးလီက ရခိုင်တွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များကို အရေးယူသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ယင်းပြောဆိုမှုကို တပ်မတော်က ဂရုမစိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီက ဘင်္ဂလာဒေ့ရှ်၊ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်ပတ်ပြီးတော့ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံတဲ့ပွဲမှာ တပ်ချုပ်နဲ့ ခေါင်းဆောင်တချို့ကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အရေးယူရမယ်ဆိုပြီး ပြောထားတဲ့အပေါ် ဘယ်လိုသဘောထားမှတ်ချက် ပေးချင်ပါသလဲ။

ဖြေ ။ ။ သူက အရင်ကတည်းက ကျနော်တို့ဆီကို အထူးကိုယ်စားလှယ်အဖြစ်နဲ့ လာခဲ့ရတဲ့အတိုင်း သူက တစ်ဖက်သတ်ပါပဲ။ သူ့ရဲ့ တစ်ဖက်သတ်ဆန်မှုကြောင့်လည်း မြန်မာပြည်ဘက်မှာလည်း ကျနော်တို့ အဆင်မပြေဘူး။ ရခိုင်ဘက်သွားတဲ့ အခါမှာလည်း သူ့ရဲ့ခရီးစဉ်တစ်လျှောက်လည်း ရခိုင်တွေရဲ့ ဆန့်ကျင်မှု၊ ကန့်ကွက်မှု သူအမြဲတမ်း ကြုံနေရတာပဲလေ။ အမြဲတမ်းကြုံနေရတာပဲ။

သူ့ရဲ့ရည်ရွယ်ချက်ကိုက ကျနော်တို့ ဒီ အထူးကိုယ်စားလှယ် လုပ်တုန်းကအတိုင်း ရည်ရွယ်ချက်ကိုက ကုလသမဂ္ဂ ဝန်ထမ်းများရဲ့ တာဝန်တွေပေါ့ဗျာ၊ ပဋိညာဉ်မှာရှိပြီးသားပဲ၊ သူကတော့ ဘက်ညီမျှတမှုရှိရမယ်၊ သူသည် ကိစ္စတစ်ခုမှာ တရားမျှတမှုရှိရမယ်၊ သူသည် ဘယ်တော့ဖြစ်ဖြစ်၊ ဘယ်ကိစ္စဖြစ်ဖြစ် တစ်ဖက်သတ်ဆန်လွန်းတာပေါ့။ ဒါကိုလည်း သူ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း တစ်ဖက်သတ်ဆန်နေဦးမယ်၊ တရားမျှတမှု ကင်းမဲ့နေဦးမယ်လို့ ကျနော်ထင်ပါတယ်ဗျ။

မေး ။ ။ မစ္စယန်ဟေးလီကို မြန်မာအစိုးရကလည်း ဝင်ခွင့်မပြု၊ ကုလသမဂ္ဂဘက်ကလည်း လူမလဲသေးတဲ့အခြေအနေကို ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကုလသမဂ္ဂမှာလည်း သူ့ရဲ့ တရားဝင်ဖိအားတွေရှိသလို တရားမဝင်တဲ့ ဖိအား တွေ ရှိမှာပေါ့။ တရားမဝင်ဖိအားက ပိုပြီးတော့များလိမ့်မယ်နဲ့ တူပါတယ်။ တရားမဝင် တဲ့ဖိအား ပိုများလိမ့်မယ်ဆိုတာ ဒီ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းရပ်တည်မှုတို့၊ ပုဂ္ဂလိက ရပ်တည်မှုတို့ ရပ်တည်နိုင်ဖို့အတွက် တရားမဝင်ဖိအား ပိုများလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူသင့်တယ်လို့ ပြောတဲ့အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနေနဲ့ ပြန်တုံ့ပြန်ဖို့ရှိလားဆရာ။

ဖြေ ။ ။ ကျနော်တို့ အရင်တုန်းက ဒီအဖွဲ့အစည်းတွေက၊ အဖွဲ့အစည်းတွေရော တစ်ဦးချင်းပေါ့လေ၊ တစ်ဦးချင်းကရော တကယ်လို့ မဟုတ်တာတွေပြောရင် ကျနော်တို့ ပြန်ပြီးတုံ့ပြန်တာရှိပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ ပြန်တုံ့ပြန်ဖို့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတဲ့အတိုင်း လိုက်ပြီးတုံ့ပြန်နေလို့ရှိရင် ပိုဆိုးလာတယ်၊ မမှန်တဲ့ဟာကို ပြောရရင်တော့လည်း သိပ်ပြီးတော့ဗျာ ကျနော်တို့ဆီမှာ Effect ဖြစ်စေတာရယ်၊ ပြီးရင် ဒါကြီးကို စိတ်ဝင်တစားနဲ့ လက်ခံနေဖို့ဟာရယ် မရှိပါဘူး။

အဲဒီ စိတ်ဝင်တစားနဲ့လက်ခံနေဖို့က Effect ဖြစ်တဲ့ဟာ မရှိတဲ့ဟာကို လိုက်ပြီးတော့ တုံ့ပြန်နေလို့ရှိရင် ပိုပြီးတော့ ကျနော်တို့အပေါ်မှာ အကျိုးသက်ရောက်တယ်၊ ကျနော်တို့အပေါ်မှာ ကျနော်တို့ရဲ့ခံစားမှု သူ့အပေါ်မှာရှိတယ်လို့ ပိုပြီးဖြစ်လာနိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့်မို့လို့ လောလောဆယ်တော့ တုံ့ပြန်ဖို့မရှိပါဘူး။ မဟုတ်ဘူး၊ မမှန်ဘူးဆိုတာလည်း ကျနော်တို့တင်မကဘဲနဲ့ လက်တွေ့ခံစားနေရတဲ့ ရခိုင်လူမျိုးစုတွေ၊ ရခိုင်ပြည်သူလူထုပါ သိပြီးသားဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ကျတော့ လောလောဆယ်မရှိဘူးဗျ။

မေး ။ ။ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပြောတာကို အရေးစိုက်စရာမလိုတဲ့ သဘောလားခင်ဗျ။


ဖြေ ။ ။ ပြောနေမှာပဲ၊ အဲဒါကိုသွားပြီးတော့မှ ကျနော်တို့က ဂရုစိုက်ကြောင်း ပြနေလို့ရှိရင် ပိုဆိုးလာဖို့ပဲရှိတယ်။ ဘာမှဂရုမစိုက်တာ ပိုပြီးတော့ တုံ့ပြန်ချက်အကောင်းဆုံးလို့ ကျနော်ထင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts