All News Local News

ဖွဲ့စည်းပုံ ပြင်ရေး NLD အမတ်တွေနဲ့ ကန့်ကွက်သူ ဗိုလ်မှူးချုပ် မောင်မောင် အပြန်အလှန်အချေတင် ဘယ်လိုပြောကြလဲ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဇန်နဝါရီလ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် NLD အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရေး အရေးကြီးအဆို တင်သွင်းရာ တပ်မတော်သား လွှတ်တော်များက မတ်တတ်ရပ် ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ပြီး မဲမပေးမှုများဆောင်ရွက်ခဲ့သည်။ သို့သော်လည်း အရေးကြီးအဆိုမှာ အောင်မြင်သွားခဲ့ရာ ထိုနေ့က NLD အမတ်များနှင့် တပ်မတော်သား အမတ် အကြား အပြန်အလှန် ပြောဆိုမှုများကို ပြန်လည် တင်ပြအပ်ပါသည်။

ဦးအောင်ကြည်ညွန့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NLD)

ကျနော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့် တဲ့အခါမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ညီညွတ်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ ရှေ့နောက် မညီညွတ်ဘဲ ကွဲလွဲနေတဲ့ ပြဋ္ဌာန်းချက်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့် အတား ဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အဟန့် အတားဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေ၊ အပြန်အလှန်ထိန်းကျောင်းရမယ့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၃ ရပ်အား တစ်ဖက်စောင်းနင်းဖြစ်စေတတ်တဲ့ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံသားများရဲ့ တန်းတူညီမျှကို အကာအကွယ်ပေးနိုင်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်များနဲ့ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နိုင်တဲ့ ပြဋ္ဌာန်းချက်များ ရှိနေသေးတာကို လေ့လာစိစစ်တွေ့ရှိရပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းကိုလည်း လေ့လာတွေ့ရှိ ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စပ်လျဉ်းပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ၂၀၁၃ ခုနှစ် ပြည်နယ်နဲ့ တိုင်းဒေသကြီးများအားလုံးပါဝင်တဲ့ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရယူခဲ့တဲ့အခါတုန်းက ၉၇ ရာခိုင်နှုန်းသောပြည်သူများဟာ ပြင်ဆင်ပြောင်းလဲလိုကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဟာ တိုင်းရင်းသား ပြည်သူများရဲ့ ဆန္ဒသဘောထားကို အဓိကအခြေခံအချက်အဖြစ် ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့သဘောထားကို လျစ်လျူရှုပြီးတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး ဆိုတာလည်းပဲ အမှန်တရားတစ်ခု ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံးကာကွယ်စောင့်ရှောက်ရေး ကတော့ လက်ရှိဖြစ်ပေါ်ရောက်ရှိနေတဲ့ နိုင်ငံတော်ရဲ့ မျက်မှောက်အခြေအနေနဲ့ နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မျှော်မှန်းတဲ့ အနာဂတ်နိုင်ငံတော်ပုံဖော်ရေးကို ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် အထောက်အကူပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်မှန်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ကြီး ဟာ အဓိကတာဝန်ဖြစ်ပါတယ်။

ပြည်တွင်းမှာ ထာဝရငြိမ်းချမ်းရေးရရှိရန်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများအတွက် ၂၁ ရာစုပင်လုံညီလာခံကြီးမှာ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ခုလိုအချိန်အခါမျိုးမှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁) မှာလည်း အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမယ်လို့ သဘော တူထားခဲ့ပြီးလည်းဖြစ်ပါတယ်။

အဆိုပါသဘောတူညီချက်နဲ့ လိုက်လျောညီထွေစွာ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းများကို ချောမွေ့စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ပါတယ်။

ခု လတ်တလောအခြေအနေအားဖြင့်ဆိုရင် လူမှုမီဒီယာ သတင်းကွန်ရက်တွေမှာ တွေ့ရှိနေရ တဲ့အတိုင်းပဲ အချို့မြို့ကြီးများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနဲ့ စပ်ဆိုင်တဲ့ စတစ်ကာကပ်ပိန်းလိုဟာမျိုးတွေ စတင်ပြီးတော့ လှုပ်ရှားနေတာမျိုးတွေ သိရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အင်မတန်မှအရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးက မသိကျိုးကျွန်ပြုနေလို့ မသင့်လျော်ဘူးလို့ လေးစားစွာ တင်ပြအပ်ပါတယ်။ အဲဒီအပြင် ကျနော်ဒီကနေတင်ပြတဲ့အဆိုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်း နေတာမဟုတ်ပါဘူး။

ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို စနစ်တကျနဲ့ လျှင်လျှင် မြန်မြန် နဲ့ ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အင်မတန်မှာ စနစ်ကျပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ ကော်မတီ တစ်ရပ်ကိုတော့ဖြင့် ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးက အရေးတကြီး ဖွဲ့စည်းပေးဖို့ရန် လိုအပ်နေပြီဖြစ်တဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်။

အဲဒီလို ကျနော်တင်ပြတဲ့အဆိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂) ပုဒ်မ (၄၃၃၊ ၄၃၄၊ ၄၃၅) တို့မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်များနဲ့ စပ်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ အခု ကျနော်တင်ပြနေတဲ့ တင်ပြချက်ဟာ ဖွဲ့စည်းပုံ တွေကို ပြင်ဆင်ရေးအတွက် မူကြမ်းကိုတင်ပြနေတာ မဟုတ်ဘဲနဲ့ ဒါကို အကောင် အထည်ဖော်ဖို့လိုအပ်တဲ့ ယန္တရားတစ်ခုကို စနစ်တကျတည်ဆောက်ရန် လိုအပ်တဲ့ အတွက် ကျနော်တို့ နည်းဥပဒေ ၆၆ အရ တင်ပြခြင်းသာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနှင့်အညီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စီစစ် လေ့လာသုံးသပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ပါရန် အခု အရေးကြီးအဆိုကို မြန်မာ နိုင်ငံသူ ၊ နိုင်ငံသား မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ စစ်မှန်တဲ့ ဆန္ဒအပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို လေးနက်စွာ အဆိုပြု တင်ပြအပ်ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်

ကျနော်တို့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ကျနော်တို့က မပြင်ရဘူးလို့ ကျနော်တို့ တင်ပြတာလည်း မဟုတ်ပါဘူး။ ပြင်ဆင်ဖို့အတွက် ကျနော်တို့ သဘောတူပါတယ်။ သဘောတူတဲ့အတွက်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ဖို့ ကျနော်တို့ တင်ပြခြင်းဖြစ် ပါတယ်။ ခု ကျနော်တို့ ဒီလွှတ်တော်ခန်းမကြီး ထဲရောက်နေတဲ့လူတွေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ရောက်နေတာဖြစ်ပါတယ်။

အဲဒီတော့ ကျနော်တို့ ဒီမှာက ဒီလိုကော်မတီဖွဲ့ တယ်ဆိုရင် တကယ်တမ်း ဥပဒေအရဆိုရင် နည်းဥပဒေ ပုဒ်မ ၁၃၅ အရ ပြင်ဆင်ဖို့ ဥပဒေမူကြမ်း ကိုတင်မယ်၊ ဒါကိုမှ သူ့ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေပြီးတော့ ပူးပေါင်းဖွဲ့စည်း တဲ့အဖွဲ့က နေပြီးတော့ စိစစ်မယ်ဆိုပြီးတော့ ဒီလိုပါပါတယ်။

ဒီလိုမဟုတ်ဘဲနဲ့ ကော်မတီက နေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ စိစစ်မယ်လို့ဆိုရင် ဘယ်ပုဒ်မတွေကို စိစစ်မှာလဲ၊ ကော်မတီက ဘာတွေလုပ်မှာလဲဆိုတာက ပုဒ်မတွေကလည်း Unseen ၊ ကော်တီရဲ့လုပ်ပိုင်ခွင့် ကလည်း ဘယ်လောက်အထိ ကျယ်ပြန့်လဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။

ဒါကြောင့်မို့လို့၊ ပြီးလို့ရှိရင်လည်း နည်းဥပဒေ ၁၃၆ အရ ပြင်ဆင်တဲ့ဥပဒေကြမ်းကိုလည်း စတင်ဆွေးနွေးခြင်းမပြုမီမှာ သက်ဆိုင်ရာပူးပေါင်းကော်မတီကနေပြီးတော့မှ ဆွေးနွေး စိစစ်ပြီးတော့မှ ဒီဆွေးနွေးချက်တွေရယ်၊ ဥပဒေကြမ်းရယ်ကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။

ဒါ လွှတ်တော်ရဲ့ နည်းဥပဒေပုဒ်မ ၁၃၆ အတိုင်းပါ။ ကျနော်တို့ အခု လွှတ်တော်ကိုယ်စားလှယ် အားလုံး ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅ ၊ ဇယား ၄ မှာပါတဲ့အတိုင်း ကတိသစ္စာ ပြုထားကြသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်၊ နိုင်ငံတော်ရဲ့ဥပဒေများကိုလည်း လေးစားလိုက်နာပါမည်ဆိုပြီးတော့ ကတိသစ္စာပြုထားကြသူတွေ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတော်ရဲ့ ဥပဒေပြုရေးတာဝန်ကို အဓိကလုပ်ဆောင်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိရဲ့လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက်ကို များစွာအရေးကြီးပါတယ်။
ဥပဒေကို ကျော်လွန်လုပ်ဆောင်တာ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့မှ လုပ်ဆောင် နေတယ် ဆိုလို့ရှိရင်တော့ ပေါ်ထွက်လာမယ့်အကျိုးရလဒ်တွေဟာလည်း မှန်ကန်ကောင်းမွန် မှာ မဟုတ်ဘဲနဲ့ အဂတိတရားနဲ့မကင်းတဲ့ အကျိုးရလဒ်တွေ ဖြစ်မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်သင့်ပါတယ်၊ လုပ်ထုံးလုပ်နည်း ကို ကျော်လွန်တဲ့ဟာမျိုး မလုပ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ နောက်ပြီးတော့လည်း ဒီဟာကို ကျနော်တို့က ဒီလိုအဆိုတင်သွင်းပြီးတော့ မဲခွဲဆုံးဖြတ်မယ်ဆို ဒါ မဲခွဲဆုံးဖြတ် ရမယ့်ဟာ မဟုတ်ပါဘူးခင်ဗျ၊ ဒါကို ကျနော့်အနေနဲ့ လေးလေးနက်နက် တင်ပြအပ်ပါ တယ်ခင်ဗျ။

ဒေါက်တာမြတ်ဉာဏစိုး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(NLD)

ဥပဒေကြောင်းအရပဲ တင်ပြပါ့မယ်ခင်ဗျ၊ ကျနော်တို့ လွှတ်တော်များ ဥပဒေပြုရေး လုပ်ငန်း စဉ်များ ကို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့ လွှတ်တော် တွေဟာ ဥပဒေနဲ့အညီပဲ လိုက်နာဆုံးဖြတ်ရတာဖြစ်ပါတယ်။

အဲဒီတော့ ဥပဒေပြုရေး လုပ်ငန်းရပ် များကို ဆောင်ရွက်နေတဲ့သူတိုင်း သိပါတယ်။ ပရီစီးဒန့် လို့ခေါ်တဲ့ စီရင်ထုံးများ၊ ဖြစ်စဉ်များ၊ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ ၁၅-၃-၂၀၁၃ ခုနှစ်မှာ အရေးကြီး အဆိုတစ်ရပ် ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကျနော် Timeline အဆင့်ဆင့်ကို မတင်ပြတော့ပါဘူး၊ သို့သော် ၂၅-၁၁-၂၀၁၄ ခုနှစ် ၂ နှစ်ကာလအကြာမှာ ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲအဖြစ် ၁၉-၁-၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။

အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် ၁၉-၁-၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်တဲ့ဥပဒေကြမ်း အတည်ပြုရေးကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်း အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့သည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီအညွတ်သာ ဆောင်ရွက်ခြင်းဖြစ်ပါတယ် ဆိုတာကို တင်ပြလိုပါတယ်။

အခုအချိန်မှာ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းနေတာ မဟုတ်ပါဘူး။ ကိုယ်စားလှယ်တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီတစ်စုတစ်ဖွဲ့ကနေပြီးတော့ တင်သွင်းမယ်ဆိုရင် ပြည်သူအများစုရဲ့၊ နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံးရဲ့၊ ၂၁ ရာစု ပင်လုံညီလာခံရဲ့ ရည်မှန်းချက်တွေနဲ့ သွေဖီသွားမှာဖြစ်ပါတယ်။

ဒါဟာ ပါတီစုံ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနေတဲ့ အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံး၊ တစ်ခါ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရှိအောင်လို့ အဆိုရှင်က တင်သွင်းခဲ့တဲ့အဆိုဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒါဟာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်တဲ့အတွက်ကြောင့်မို့လို့ နာယကကြီးအနေဖြင့် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ဆက်လက်ရယူ ဆောင်ရွက်ပေးနိုင်ပါရန် လေးနက်စွာ တင်ပြအပ်ပါတယ်ခင်ဗျာ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts