All News Local News

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး လှုပ်ရှားမည်

ရန်ကုန်၊ ဇန်နဝါရီ ၂

ရတနာပုံတက္ကသိုလ်တွင် လုံခြုံရေးတိုးမြှင့်ပေးရေး၊ သန့်ရှင်းရေး ထားရှိပေးရေး ၊ ကျောင်းအိမ်သာများ ပြန်လည် ပြုပြင်ရေးအတွက် တောင်းဆိုရင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၅ ဖြင့် အဖမ်းဆီးခံထားရသော ကျောင်းသား ၃ ဦးလွတ်မြောက်ရေး လှုပ်ရှားမှုများ ရှိနိုင်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

“ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကတော့ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အရင်တောင်းဆိုချက်တွေအပြင် အခု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်တွေ ပြန်လွတ်ဖို့ပါ တောင်းဆိုသွားမှာပါ” ဟု ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က ရတနာပုံတက္ကသိုလ်အတွင်းသို့ အရပ်ဝတ်များဖြင့် ကျောင်းသားအခွင့်အရေး တောင်းဆိုနေသော ကျောင်းသားများကို လူမိုက်ဆန်စွာ ဝင်ရောက်ဖမ်းဆီးမှု အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ဖမ်းဆီးခံ ကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုထားသော ပုဒ်မများ အမြန်ဆုံးရုပ်သိမ်းပေးရန် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၅ ဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းခေါင်းဆောင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေတို့ကို အမှုဖွင့်ထားပြီး ကျောင်းသား ၅ ဦးဖြစ်သည့် ကိုနိုင်ရဲဝေ၊ ကိုနေဝင်းကျော်၊ ကိုမျိုးချစ်ဇော်၊ ကိုဘုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ပြန်၍ လိုက်လံ ဖမ်းဆီးလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com