All News Local News

“ပြည်သူတွေအတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့ ဒုမြို့တော်ဝန်နဲ့ စည်ပင်ကော်မတီဝင်တွေ ရွေးကောက်နိုင်ပါ့မလား”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးသန်း နှင့် တွေ့ဆုံခြင်း

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေသစ်ဖြင့် စည်ပင်ကော်မတီဝင်များကို ပြန်လည် ရွေးချယ်တော့မည်ဖြစ်သည်။ NLD အစိုးရလက်ထက် စည်ပင်ရွေးကောက်ပွဲသည် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နှင့် ကွာခြားသွားပြီး နိုင်ငံရေးပါတီ အလံ၊ တံဆိပ်နှင့် လိုဂိုများလည်း အသုံးပြုခွင့်ပြုလိုက်ရာ အမှန်တကယ် ပြည်သူအတွက် အလုပ်လုပ်ပေးနိုင်မည့် စည်ပင်ကော်မတီဝင်နှင့် ဒုမြို့တော်ဝန် ရွေးကောက်နိုင်ပါ့မလားဆိုသော စိုးရိမ်မှုများ ပေါ်ထွက်နေသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသန်းကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ တံဆိပ် တွေ Logo အသုံးပြုမှုကို ပယ်ဖျက်လိုက်တာက ဘာကြောင့်ပါလဲ။

ဖြေ။ ။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုလည်း ဖွဲ့စည်း ပြီးပြီ။ ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် (Time Line) ကိုလည်း တိတိကျကျ သတ်မှတ်ပြီးတော့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ တိတိကျကျ ရက်သတ်မှတ်ပြီး ကြေညာထားပြီး ဖြစ်ပါတယ်။ အဲ့လို့ ကြေညာပြီးတဲ့နောက်မှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို သူတို့ နေ့စဉ် အစည်းအဝေးပွဲတွေထိုင်ပြီး လုပ်နေတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သွားတဲ့ ကော်မရှင်အစည်းအဝေးပွဲ ဆုံးဖြတ်ချက်တွေထဲမှာ အချက်(၃) ချက်က နံပါတ် (၁) က ပါတီကို ကိုယ်စားပြု ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာပါတီ တစ်ခုခုရဲ့ ပုံရိပ် (သို့မဟုတ်) အလံ ၊ Logo ၊ တံဆိပ် ၊ နောက်တစ်ခုက ပါတီကို ထင်ဟပ်စေတဲ့ အပြင်အဆင်တွေကို အသုံးမပြုရဘူး ဆိုတဲ့ အချက်တစ်ချက်ကို ဆုံးဖြတ်လိုက်တယ်။ နံပါတ် (၂) က ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ မဲလက်မှတ်မှ သူတို့ ဓာတ်ပုံ ၊ အမည်ကလွဲ၍ ကျန်တဲ့ ပါတီနဲ့ပတ်သက်တဲ့ အမှတ်တံဆိပ် (Logo) တွေ ၊ ပါတီ အကြီးအကဲတွေရဲ့ ပုံရိပ်တွေ မသုံးစွဲရဘူးလို့ ဒုတိယအချက်အနေနဲ့ ဆုံးဖြတ်လိုက်တယ်။ နံပါတ် (၃) က မဲဆွယ်စည်းရုံးတဲ့အခါ ဖြစ်စေ ၊ ချိတ်ဆွဲတဲ့ ပိုစကာတွေ ၊ လက်ကမ်းစာစောင်တွေ အဲဒီမှာလည်း ပါတီရဲ့ အလံ ၊ Logo ၊ အမှတ်တံဆိပ် ၊ ပါတီအကြီးအကဲရဲ့ အမှတ်တံဆိပ်တွေကို သုံးစွဲခြင်း မရှိရဘူးလို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်တွေဟာ အခုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းပညာများမှာ အဲဒီကန့်သတ်ချက်တွေ မပါဝင်ဘူး။ အဲဒီ ကန့်သတ်ချက်တွေ မပါဝင်တဲ့အတွက် ကော်မရှင်က ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် နည်းပညာမှာ မပါဝင်တဲ့ ကန့်သတ်ချက်တွေကို သွားပြီး ကန့်သတ်လိုက်သလို ဖြစ်တဲ့အတွက်ကြောင့် ဒီနေ့လယ် ၁ နာရီမှ ကော်မရှင်က ပြန်လည်ခေါ်ယူပြီးမှ အဲ့ဒီ ၂၁ ရက်နေ့က ဆုံးဖြတ်လိုက်တဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် ၊ အချက် (၃) ချက်ကို ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။

အဓိက ဆက်ပြောချင်တာက အဲဒီလို ပယ်ဖျက်လိုက်တဲ့အကြောင်းအရင်းက အဓိက အချက်ကတော့ နည်းဥပဒေများ မှ အဲဒီကန့်သတ်ချက်တွေ မရှိပါဘူး။ နည်းဥပဒေပါ ကန့်သတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် (ကန့်သတ်မထားတာကိုး) ဆုံးဖြတ်လိုက်တဲ့အခါကျတော့ သွားပြီး ကန့်သတ်သလို ဖြစ်သွားတဲ့အတွက် ဒါကို ပယ်ဖျက်လိုက်တာပါ။

မေး ။ ။ မတ်လ ၃၁ ရက်နေ့ ကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲမှာ ထူးခြားပြောင်းလဲလာတာတွေ ဘာတွေ ရှိလာနိုင်လဲ။

ဖြေ။ ။ ၂၀၁၄ ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ အဆင့်ဆင့် ပုံစံနှင့် အခု ၂၀၁၉ မှာ လုပ်မယ့် စည်ပင်ရွေးကောက်ပွဲ ပုံစံက မတူပါဘူး။ ၂၀၁၄ ရွေးကောက်ပွဲတုန်းက ဘာတွေကန့်သတ်ထားလဲဆိုတော့ ကိုယ်စားလှယ်လောင်းအသီးသီးက မည်သူ နိုင်ငံရေးပါတီ ပတ်သက်ခြင်း မရှိရဘူးလို့ ကန့်သတ်ထားတယ်။ ဒုတိယအချက်က မဲပေးပိုင်ခွင့် ရှိသူက တစ်အိမ်ထောင်တွင် တစ်ဦးပဲ မဲပေးပိုင်ခွင့် ရှိပါတယ်။ တတိယကန့်သတ်ချက်က အဲ့ဒီ ၂၀၁၄ တုန်းက ဘာပါလဲဆိုတော့ ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ ပတ်သက်လို့ ဘယ်လောက်အထိပဲ သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။

အခုလာမယ့် ၂၀၁၉ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ နည်းဥပဒေများအရ မည်သူပါတီဝင်မဆို လွတ်လပ်စွာဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်။ နောက်တစ်ခုက အသက် ၁၈ နှစ် ပြည့်တဲ့ နိုင်ငံသားတိုင်း ၊ ဧည့်နိုင်ငံသား ၊ ပြုနိုင်ငံသား ဒါတွေက မဲပေးပိုင်ခွင့် ရှိတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အသုံးစရိတ်တွေကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဆိုရင် ကျပ်သိန်း ၂၀၀ ထက် မကျော်ရဘူး။ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်(၁) ၊ အဖွဲ့ဝင် (၂) ဆိုရင် ရွေးကောက်ပွဲ ကုန်ကျစရိတ်သည် ကျပ်သိန်း ၁၀၀ ထက်မပိုတဲ့ ငွေပဲသုံးစွဲရမယ့်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။

အဲဒီတော့ ၂၀၁၄ နှင့် အခု ရွေးကောက်ပွဲက အဓိက ဘာကွာခြားသွားလဲဆိုတော့ မည်သူပါတီဝင်မဆို လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်။ နောက်တစ်ခုက ၁၈ နှစ် ပြည့်တဲ့သူတိုင်း မဲပေးပိုင်ခွင့် ရှိတယ်။ မဲပေးသူက ပိုများမယ်။ ဒါတွေ ကွာခြားသွားတယ်။ ဒီလို့ ကွာခြားသွားတဲ့ အကြောင်းအရင်းကလည်း အဓိကကတော့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့ ကာလဖြစ်တဲ့အချကျတော့၊ ဒီဒေသန္တရရွေးကောက်ပွဲသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ဟာ ဒေသန္တရ ရွေးကောက်ပွဲဖြစ်သည်။ ဒေသန္တရရွေးကောက်ပွဲသည်လည်း ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ကိုက်ညီပြီးတော့ တကယ့်ကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲပဲ ဖြစ်စေချင်တဲ့အတွက် အဲဒီလို ဘယ်ပါတီဝင်မဆို ပါတီကိုယ်စားပြု၍လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ပါတီဝင်ဖြစ်သော်လည်း တစ်သီးပုဂ္ဂလ အနေနဲ့လည်း သူကဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို သူက ညီတူညီမျှ တန်းတူညီမျှ ပေးလိုက်တာပါ။

မေး ။ ။ အခု ကျင်းပမယ့် ရွေးကောက်ပွဲက လက်ရှိ မြို့တော်ဝန်ရဲ့ လုပ်ပိုင်ခွင့်ကို ပယ်ပျက်သွားမလား။

ဖြေ ။ ။ ဒီ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ၂၀၁၈ ဥပဒေ ၊ ဥပဒေမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အစိုးရက ခန့်အပ်တဲ့ (၅) ဦးနဲ့ ရွေးကောက်ခံ (၆) ဦး ၊ စုစုပေါင်း (၁၁) ဦးနဲ့ ဖွဲ့စည်းဖို့ ဥပဒေမှ ပြဋ္ဌာန်းထားတယ်။ ရွေးကောက်ခံ (၆) ဦးထဲမှာလည်း တစ်ဦးကို လျို့ဝှက်မဲစနစ်နဲ့ ဒုတိယမြို့တော်ဝန်အဖြစ်၊ ကျန်(၁၁) ဦးက လျို့ဝှက်မဲပေးပြီးတော့ ပြန်ပြီးတော့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိက အစိုးရက ခန့်အပ်တဲ့ ကော်မတီ (၅) ဦး အပြင် အခု လာမယ့် မတ်လ ၃၁ ရက်နေ့မှ ကျင်းပပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲကနေ ပြည်သူတွေက ရွေးကောက်ပေးလိုက်တဲ့ ရွေးကောက်ခံ ကော်မတီ (၆) ဦး ပါလာမယ်။ စုစုပေါင်း (၁၁) ဦး ဖြစ်သွားမယ်။ မြို့တော်ဝန်နှင့် ဒု မြို့တော်ဝန် သူရဲ့ လုပ်ပိုင်ခွင့်တွေက သူရဲ့ ဥပဒေမှာ တိတိကျကျ မြို့တော်ဝန်က ဒီဝန်ကြီးချုပ်ကို တာဝန်ခံပြီး လုပ်ရမယ်။ ဒုတိယမြို့တော်ဝန် သူရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ဒီ ဥပဒေထဲမှာ ပြဋ္ဌာန်းထားပြီးအတွက်ကြောင့် မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန် လုပ်ပိုင်ခွင့်ကတော့ နည်းနည်းတော့ ကွာမှာပေါ့။ ဒု မြို့တော်ဝန်က မြို့တော်ဝန်ကို တာဝန်ခံရမယ်။ မြို့တော်ဝန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံရမယ်။

မေး ။ ။ အခုလာမယ့် ရွေးကောက်ပွဲက ၂၀၁၄ တုန်းက ကျင်းပတဲ့ရွေးကောက်ပွဲထက် ကုန်ကျစရိတ်ပိုများလာတာက ဘာကြောင့်လဲ။

ဖြေ ။ ။ အခုရွေးကောက်ပွဲက ၂၀၁၄ တုန်းက ခရိုင် ကိုယ်စားပြု (၄) ဦးပဲ ကော်မတီဝင် ရွေးတယ်။ အခုက (၆) ဦး ဖြစ်လာတယ်။ အဲ့တော့ (၃၃) မြို့နယ်ကို လူဦးရေ အချိုးအစားပေါ် မူတည်ပြီးတော့မှ မဲဆန္ဒနယ် (၆) ခု ပိုင်းခြားလိုက်မယ်။ အဲဒီတော့ မဲပေးပိုင်ခွင့် ရှိသူကလည်း (၁၈) နှစ် ပြည့်သူတိုင်းဆိုတော့ ၂၁၀၄ တုန်းက တစ်အိမ်တစ်ယောက်ဘဲ မဲပေးပိုင်ခွင့် ရှိတဲ့အခါကျတော့ မဲပေးပိုင်နိုင်သူက လေးသောင်းကျော်ဘဲ ရှိတယ်။ အခု ရွေးကောက်ပွဲက ၁၈ နှစ် ပြည့်တဲ့ သူတိုင်းက ၂၀၁၄ စာရင်းအရ ရန်ကုန်မြို့ (၃၃) မြို့နယ် ၊ ရန်ကုန်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှ ၁၈ ပြည့်တဲ့သူက ၂၀၁၄ သန်းခေါင်စာရင်းအရ ၃၂ သိန်းကျော်ရှိတယ်။ အခု မဲဆန္ဒရဖို့အတွက် လူဦးရေစာရင်း ပြန်ကောက်နေပါတယ်။ အဲဒီတော့ အကြမ်းဖျဉ်းအားဖြင့် ၄ သိန်းခွဲကျော်လောက်တော့ ရှိလာမယ်လို့ မှန်းထားတယ်။ ဒါကြောင့် မဲပေးသူလည်း များလာမယ်။ ရွေးကောက်ခံကလည်း များလာတဲ့အတွက် ကုန်ကျစရိတ်ကတော့ ၂၀၁၄ ထက် ပိုပြီးတော့ များမှပေါ့လေ။

မေး ။ ။ နိုင်ငံရေးပါတီ Logo အသုံးပြုမှုကို ပယ်ဖျက်လိုက်တာက နိုင်ငံရေးပါတီတွေက စည်ပင်ရွေးကောက်ပွဲမှာ ဝင်စီးသလို ဖြစ်သွားနိုင်လား။

ဖြေ ။ ။ မဖြစ်နိုင်ပါဘူး။ ပါတီတိုင်းကို ကိုယ်စားပြု လွတ်လပ်စွာ ရွေးကောက်ခံပိုင်ခွင့်ရှိတဲ့အတွက်ကြောင့် လက်ရှိအာဏာရပါတီမှမဟုတ် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ရှိတယ်။ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲက ရန်ကုန်မြို့ တော်စည်ပင် နယ်နိမိတ်အတွင်းမှ နေထိုင်တဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတိုင်းက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်။ အဲဒီတော့ ဘယ်ပါတီဝင်မဆို ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း အနည်းဆုံး သူက သက်ဆိုင်ရာ မဲဆန္ဒနယ် ၊ နယ်မြေမှာ ၃ နှစ်နေထိုင်တဲ့သူ ဖြစ်ရမယ်။ ဆိုတော့ အားလုံးသည် ပါတီကိုပဲ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ယှဉ်ပြိုင် ပါတီဝင်တော့ ဖြစ်တယ်။ ပါတီ ကိုယ်စားမပြုဘဲ သူ့အနေနဲ့ တစ်သီးပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အတွက်ကြောင့် မည်သည့်ပါတီဝင်မဆို ဒါက တန်းတူညီမျှ အခွင့်အရေး ရှိပါတယ်။

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေက စည်ပင်ကိုယ်စားလှယ်တွေနဲ့ အလုပ်တွဲလုပ်တာ ရှိတဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ်တွေ သိရမယ့်အရာ၊ ပြင်ဆင်ရမယ့် အရာတွေကိုလည်း ပြောတယ်။ စည်ပင်အဖွဲ့အစည်းက ပြည်သူကို ဝန်ဆောင်မှုပေးရတာ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်လဲ။

ဖြေ။ ။ အဓိက ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တစ်သီးပုဂ္ဂလိကပဲဖြစ်စေ ၊ ပါတီကိုယ်စားပြုရွေးကောက်ခံ ကိုယ်စားလှယ်ပဲ ဖြစ်စေ ၊ ပြည်သူ့လူထုရဲ့ လိုအပ်ချက်တွေ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆိုတာ ပြည်သူ့လူထုရဲ့ လိုအပ်ချက်တွေကို ဝန်ဆောင်မှု ပေးတဲ့ ဋ္ဌာနတစ်ခုဘဲ ။ အဲ့တော့ ရန်ကုန်မြို့တော်သူ ၊ မြို့တော်သား တွေအတွက် ဝန်ဆောင်မှုကောင်း တွေ ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တာဝန်ပေးတာ ။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း အလားတူဘဲ။ ဒီလုပ်ငန်းတွေဘဲ ထမ်းဆောင်ရမှာ ။ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုပြီးတော့ ပြည်သူလုပ်ဆောင်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လုပ်ရမယ့် ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် မည်သူမဆို ရွေးကောက်ခံ ရပြီးဆိုရင် ဒီတာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ရဲ့ ပေးအပ်တဲ့ တာဝန်တွေကို ဆောင်ရွက်နေကြရသလို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အနေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကော မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင် (၁) ၊ အဖွဲ့ဝင် (၂) အဖြစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ မိမိတို့ ကိုယ်စားပြုတဲ့ မြို့နယ် ၊ မဲဆန္ဒနယ် အတွက်ဘဲ ဖြစ်ဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှ ရှိတဲ့ မြို့နယ်အားလုံးအတွက် ဘဲဖြစ်ဖြစ် ၊ သူတို့က ပြည်သူ့တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့် တာဝန်တွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါတွေက လက်ရှိ ကော်မတီမှ အစိုးရက ခန့်အပ်တဲ့ မြို့တော်ဝန်အပါအဝင် ( ၅) ဦး ၊ ဘဲရှိပါတယ်။ နောက်ထပ် ( ၆) ဦး ဝင်ရောက်လာတဲ့အခါ စုစုပေါင်း ( ၁၁) ဦး နဲ့ ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ပြည်သူ့တွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင်မယ့် အလားအလာကောင်းတွေ ရှိလာမယ်လို့ မျှော်လင့်ရတာပေါ့။ အဲဒီအတွက်လည်း လိုအပ်နေတဲ့ ( ၆) ဦးကို အမြန်ဆုံး ရွေးကောက်တင်မြှောက်ပွဲ ဖြစ်ပါတယ်။

မေး ။ ။ ၂၀၁၈ မှ ရွေးကောက်ပွဲ နည်းဥပဒေ သစ်တွေ ပြောင်းလဲလိုက်တယ်။ ဒီနည်းဥပဒေသစ်ရဲ့ အားသာချက်အရ လက်ရှိရွေးကောက်ခံ ကိုယ်စားလှယ် လောင်း တွေရဲ့ လုပ်ပိုင်ခွင့်တွေ ဘာတွေ ရှိလာမှာလဲ။

ဖြေ ။ ။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကတော့ အားလုံးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ကိုတော့ သေသေချာချာ လေ့လာထားဖို့ လိုတာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲ့ထက်မှ ကိုယ်ရဲ့တာဝန်တွေက ဘာတွေရှိလဲ ။ ပြီးရင် ပြည်သူတွေက လိုက်နာရမယ့် ဥပဒေတွေက ဘာတွေ ရှိလဲ။ မလိုက်နာရင် ပြစ်မှု ပြစ်ဒဏ်တွေက ဘာတွေ ရှိလဲဆိုတာ ဒါတွေက သူတို့ လေ့လာထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့ ကျင့်သုံးတဲ့အခါမှ ဒါမှ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ ရန်ကုန်မြို့တော်ဝန်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြောင်းလဲမှုအမြင် ဘာများရှိလာနိုင်လဲ။

ဖြေ။ ။ ပြောင်းလဲသွားစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့ ကော်မတီအဖွဲ့ဝင်ဖြစ်လာပြီးအတွက်ကြောင့် အားလုံးသည် ကော်မတီဝင် (၅) ဦး နဲ့ မြို့တော်ဝန်က ကော်မတီပုံစံ ဆောင်ရွက်သလို ၊ ဒု မြို့တော်ဝန် အပါအဝင် (၁၁) ဦး ဖြစ်လာတဲ့အခါမှာ ရန်ကုန်မြို့တော်ဝင် စည်ပင်သာယာရေးကော်မတီ ပုံစံပဲ ဖြစ်တဲ့အတွက်ကြောင့် ကော်မတီဖွဲ့စည်းပုံ ပုံစံအတိုင်းပဲ ကော်မတီအနေနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စတွေ ရှိတယ်။ ကော်မတီတစ်ဦးချင်း တာဝန်ခံ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ရှိတယ်။ ဒီပုံစံနဲ့ပဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

မေး ။ ။ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတယ်။ ပြည်သူတွေ စိတ်ဝင်စားအောင် ပါဝင်လာအောင် ဘာတွေပြင်ဆင်ဆောင်ရွက်သွားမလဲ။

ဖြေ ။ ။ ကော်မတီအနေနဲ့ကတော့ ၊ ၂၀၁၈ စည်ပင်သာယာရေးဥပဒေသစ်အရ ကော်မတီဖွဲ့စည်းပုံကလည်း (၁၁) ဦး နဲ့ ဖွဲ့မယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအောက်မှာ ဌာနပေါင်း ( ၂၀) ရှိတယ်။ ဒီဥပဒေသစ်အရဆိုရင် ဌာန (၂၀) ဆိုရင် မရှိတော့ဘူး။ ဋ္ဌာန (၃) ခုပဲ ကျန်တော့မယ်။ အဲ့ဒါတွေက စီမံရေးရာ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ၊ အဲ့ဌာန ကြီး (၃)ခုပဲ ကျန်ခဲ့ပြီးတော့ ကျန်တာက လုပ်ငန်းတာဝန်ခံ (Authority) (၇) ခု ပေါ်လာမယ်။ ဖွဲ့စည်းပုံပြောင်းမယ်။ ဒီဥပဒေသစ်အရ (Authority) (၇) ခု ပေါ်လာမယ်။ အဲ့လုပ်ငန်းတာဝန်အဖွဲ့လို့ခေါ်တဲ့ (Authority) (၇) ခုအောက်မှာ ကျန်တဲ့ဌာနတွေက သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံအလိုက် ရောက်ရှိသွားမယ်။ အဲ့ဖွဲစည်းပုံကို ပြန်ပြီးတော့ reform လုပ်မှာပေါ့။ စည်ပင်သာယာရဲ့ ဖွဲ့စည်းပုံကို reform ပြန်လုပ်မယ်။ ဥပဒေနဲ့ အညီ reform ပြန်လုပ်မယ်။ အဲ့လိုလုပ်နိုင်ခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းတွေ ၊ တစ်နည်းအားဖြင့် ရန်ကုန်မြို့တော်ကြီး ဖွံံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့တော်ကြီးဟာ တကယ့်ကို စိမ်းလန်းပြီးတော့ နေချင်စဖွယ် မြို့တော်ကြီး၊ စီးပွားရေးမြို့တော်ကြီး ဖြစ်လာဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် ဒီစည်ပင်သာယာရေးကော်မတီရဲ့ ဖွဲ့စည်းပုံကို reform ပြင်ဆင်တယ်။ လုပ်ငန်းတွေကလည်း အဲ့လို ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တကယ်စိမ်းလန်းပြီးမှ နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီး ဖြစ်လာအောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကလည်း တော်တော်များပါတယ်။ များတဲ့အတွက် ဒီတာဝန်တွေကို ပိုပြီးတော့ ထမ်းဆောင်နိုင်အောင် ဒီလုပ်ငန်းတာဝန်တွေ ရှိတယ်။ အဓိကကတော့ ပြည်သူတွေရဲ့လိုအပ်ချက်အပြင် ရန်ကုန်မြို့ကြီးဟာ တကယ်ကိုး စိမ်းလန်းစိုပြည်ပြီးတော့ နေချင်စဖွယ်မြို့ကြီး ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ နေချင်စဖွယ်ဆိုတာက လူတွေက သွားရေးလာရေးလည်း အဆင်ပြေရမယ်။ စားရေးသောက်ရေးလည်း အဆင်ပြေရမယ်။ စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေရမယ်။ ပညာရေး ၊ ကျန်းမာရေးတွေမှ အဆင်ပြေတဲ့ မြို့တော်ကြီးဖြစ်လာဖို့ အဘက်ဘက် စည်ပင်သာယာမှာ တာဝန်ရှိတယ်။ စည်ပင်သာယာရေး ကော်မတီကလည်း ရန်ကုန်တိုင်း ဒေသအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ကော်မတီရဲ့ တာဝန်က ကြီးမားလာသလို၊ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ နှစ်ဖွဲ့တည်းနဲ့ မဖြစ်ဘူး။ ပြည်သူတွေ ပူးပေါင်းပါဝင်လာမှာ ဥပမာ- ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဓိက က ပြည်သူတွေ စည်းကမ်းရှိဖို့ လိုတယ်။ ဥပဒေတွေကို တိတိကျကျ လုပ်ဆောင်ထားဖို့ လိုတယ်။ လမ်းပေါ် အမှိုက်မပစ်ရဘူး။ နောက်ဖေးလမ်းကြားမှာ အမှိုက်မပစ်ထားဘူး။ သတ်မှတ်ထားတယ်။ သို့သော် ဒီနေ့ ပြည်သူတွေက အဲ့တာတွေကို တိတိကျကျလိုက်နာလားဆိုတော့ မလိုက်နာသေးဘူး။ ဒါကြောင့် ပြည်သူတွေ ဥပဒေတွေပါ ပြဋ္ဌာန်းချက်တွေကို ၊ စည်းကမ်းတွေကောင်းလာအောင် တကယ်ကို သာယာလှပတဲ့ မြို့တော်ကြီး ဖြစ်လာရေးအတွက်က လူတိုင်းလူတိုင်းက စည်းကမ်းရှိဖို့ ၊ လူတိုင်းလူတိုင်းက ပါဝင်လာဖို့ လိုတယ်။ အဲ့လို ပါဝင်လာဖို့လိုတဲ့အတွက်ကြောင့် ဒီဥပဒေကို လူတိုင်းသိအောင် ပညာပေးတာတွေ လိုက်လုပ်နေတယ်။ တစ်ဖက်က ပညာပေးလုပ်ငန်း လုပ်နေသလို မလိုက်နာတဲ့သူတွေကို တိတိကျကျ ဒီဥပဒေနဲ့ပဲ အရေးယူဆောင်ရွက်နေတဲ့အတွက် အခုပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲက တက်လာမယ့် ကိုယ်စားလှယ်တွေက ကော်မတီဝင်ဖြစ်လာပြီ။ မြို့နယ်တွေမှ သူကော်မတီ ဥက္ကဋ္ဌ ၊ ကော်မတီ အဖွဲ့ဝင် (၁) ၊ (၂) ၊ ပြီးရင် လက်ရှိ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး EO က ဒီကော်မတီရဲ့ အတွင်းရေးမှူး ၊ နောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ၊ ဒု အုပ်ချုပ်ရေးမှူးက အဖွဲ့ဝင် (၄) အနေနဲ့ ပါမှာဖြစ်တဲ့အတွက်ကြောင့် မြို့နယ်တွေမှာ ဒီလုပ်ငန်းတာဝန်တွေကို အောက်ကို (distinction) လုပ်ငန်းတာဝန်အဆင့်ဆင့် ခွဲဝေတာဝန်ယူဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းတွေကလည်း များပြားတယ်။ ပြည်သူတွေကလည်း ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေက ပါဝင်မှ အောင်မြင်မှာဖြစ်တဲ့အတွက် သူတို့ကလည်း စိတ်ဝင်စားဖို့ လိုပါတယ်။ သူတို့ စိတ်ဝင်စားမှု မြင့်မားလာအောင်လည်း ရွေးကောက်ပွဲ အပေါ်မှာပဲ မဟုတ်ဘဲ ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတိုင်းလူတိုင်းကို တာဝန်ရှိတယ်ဆိုတဲ့ အသိလေးဝင်အောင်၊ ဒီအသိတရားလေး (Consent) ဝင်လာအောင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒါကို ကြိုးစားဆောင်ရွက်နေပါတယ်။

မေး။ ။ အကျဉ်းချုပ် ဖြည့်စွက်ပြောပြချင်တာ ဘာလဲ။

ဖြေ။ ။ အန်ကယ်အနေနဲ့ ဖြည့်စွက်ပြောပြချင်တာက ၂၀၁၉-၁-၂၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် (၃) ခုသည် နည်းဥပဒေပါ ကန့်သတ်ချက် မဟုတ်တဲ့အတွက်ကြောင့် ဒါကို ဒီနေ့ ပြန်လည်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အစည်းအဝေးပွဲ ကျင်းပပြုလုပ်ဖြစ်ပြီးတော့ အချက် (၃) ကို ပြန်လည်ပယ်ဖျက်ခြင်းဟာ အဓိက ကတော့ နည်းဥပဒေမှ အဲ့ကန့်သတ်ချက်တွေ မပါပါဘူး။ မပါတဲ့အတွက် ဒီ ကန့်သတ်ချက်တွေကို ကန့်သတ်သလို ဖြစ်သွားအတွက်ကြောင့် ဒါကို ပြန်လည်ပယ်ဖျက်လိုက်တာပါ။ ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၁၀ ၊ အပိုဒ်ခွဲ ( ဆ) မှ ဘာပါလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းတွေ ၊ အမိန့်ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီး သတ်မှတ်ထားတဲ့နေရက်မှာ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မရှင်ရဲ့ လုပ်ငန်းတွေကလည်း အရှိန်ကုန်မပျက် တစ်ဆင့်ပြီး တဆင့် သတ်မှတ်ထားတဲ့အတိုင်း လုပ်ကိုင်သွားနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်း တစ်ရပ်ကိုလည်း မကြာမီ ပြဋ္ဌာန်းပေးမယ်လို့ ဖြည့်စွက်ပြောပြချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com