All News Local News

ဒေါ်အောင်ဆန်းစုကြည်က ကချင်ဝန်ကြီး ၃ ဦးကို ရာထူးဖယ်ရှားခြင်းသည် အဂတိတရားကြောင့်မဟုတ်ဘဲ ခြေမပေါ်၍ လူစားလဲခြင်းဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်အစိုးရဝန်ကြီး ၃ ဦးကို ရာထူးမှဖယ်ရှားခြင်းသည် အဂတိလိုက်စားမှုရှိ၍ ဖယ်ရှားခြင်းမဟုတ်ဘဲ ဘောလုံးပွဲစကားဖြင့် ဆိုလျှင် ခြေမပေါ်၍ လူစားလဲကစားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကချင်ဝန်ကြီး၃ ဦးကို နုတ်ထထွက်ရန် ညွှန်ကြားပြီးနောက် နိုင်ငံတော်သမ္မတရုံးက ကချင်ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ရာထူးမှဖယ်ရှားကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အဂတိရှိလို့မဟုတ်ဘူး။ အဓိကက ဘောလုံးပွဲ စကားနဲ့ပြောရင် ခြေမပေါ်လို့ လူစားလဲတာ။ ဘောလုံးပွဲမှာ ခြေမပေါ်ရင် ခြေစွမ်းမပြနိုင်ရင် ကောင်းကောင်း မကစားနိုင်ဘူးထင်ရင် နည်းပြက လူစားလဲတာပဲ။ နည်းပြက လူစားလဲရင် ကစားသမားက လိုက်နာရမှာပဲ” ဟု ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

ပြည်ထောင်စုအစိုးရဘက်ကမူ ကချင်ဝန်ကြီး ၃ ဦး ကို ရာထူးမှ ဖယ်ရှားခြင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ရာထူးမှ ဖယ်ရှားသည်ကိုတစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်းမရှိပေ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ကချင်ပြည်နယ်မှ ဝန်ကြီး ဦးHလအောင်အပါအဝင် ဝန်ကြီး ၂ ဦးကို ရာထူးမှ အတင်းအကျပ်ဖယ်ရှားခဲ့မှုအပေါ် အရပ်ဘက် အဖွဲ့အစည်း ၃၇ ဖွဲ့က မေးခွန်းထုတ်ခဲ့ကြပြီး အဆိုပါစာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ ဇန်နဝါရီလ ၂၁ ရက်နေ့က ပေးပို့ခဲ့ကြသည်။

သို့ရာတွင် ကချင်ပြည်နယ်အစိုးရဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိဟု သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်း ၃၇ ဖွဲ့က ပေးပို့သော စာတွင် ဝန်ကြီး ၃ ဦးကို အတိုင်ပင်ခံ အမိန့်ဖြင့် အတင်းအကျပ် နုတ်ထွက်စေခြင်းကို ပြည်သူလူထုက လွန်စွာအံ့သြထိတ်လန်မိကြောင်း၊ ယခုအချိန်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင် အထည် ဖော်နေချိန် ဖြစ်သောကြောင့် ယခုအဖြစ်အပျက်သည် အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြားစေကြောင်း၊ ဝန်ကြီး ဦး Hလအောင်သည် တာဝန်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲဆောင်ရွက်နေသူ ဖြစ်ပြီး ဝန်ကြီးကို မည်သည့်အကြောင်းအရင်းတို့ကြောင့် နုတ်ထွက်စေလိုသည်ကို သိရှိလိုကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် အများပြည်သူကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းစေလိုကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts