All News China Watch Local News

တရုတ်အထူးကိုယ်စားလှယ်၏ မြောက်ပိုင်းခရီးစဉ်တွင် AA ကို ပြစ်တင်မှုနှင့် NCA ထိုးရန် ဖိအားပေးမှုရှိနိုင်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr.Sun Guoxiang ဆွန်ကောချန်သည် ဇန်နဝါရီလ ၉ ရက်နေ့က မိုင်းလား အထူးဒေသ ၄ သို့ လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လိုင်ဇာသို့ လည်းကောင်း ရုတ်တရက်လာရောက်သည့် ခရီးစဉ်အတွင်း ရခိုင်တပ်မတော် AA ကို ပြစ်တင်မှုနှင့် NCA ထိုးရန် ဖိအားပေးမှု ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် မစ္စတာ ဆွန်ကောချန်သည် မိုင်းလားအထူးဒေသ ၄ သို့ရောက်ရှိပြီး NDAA ၊ UWSA ၊ SSPP မှ ခေါင်းဆောင်တချို့နှင့်တွေ့ဆုံခဲ့ကြောင်း၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် KIA ၊ TNLA ၊ AA ၊ MNDAA တို့မှ ခေါင်းဆောင်များနှင့် လိုင်ဇာတွင် တွေ့ဆုံခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။

UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ဇန်နဝါရီလ ၉ ရက်နေ့ မစ္စဆာ ဆွန်ကောချန် မိုင်းလား သို့ လာရောက်သည့် ခရီးစဉ်တွင် UWSA မှ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမှုရှိ၊ မရှိကို မသိရှိကြောင်း၊ သတင်းအချက်အလက် မရရှိထားကြောင်း ပြောဆိုသည်။

မိုင်းလား NDAA မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

၂၁ ရာစုပင်လုံ ညီလာခံ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင်နေသော နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “နှစ်ပိုင်းမြင်တယ်။ AA ကို မကူညီဖို့ (သို့မဟုတ်) AA မပါဝင်တဲ့ NCA ထိုးဖို့ ဖိအားပေးတာ ရှိနိုင်တယ်” ဟု ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်တပ်မတော် AA က ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၃ ဦးကျဆုံးပြီး ၉ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လုပ်ရပ်ကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ပြောဆိုထားပြီးနောက် မစ္စတာ ဆွန်ကောချန်၏ ခရီးစဉ် ရုတ်တရက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လတ်တလော မြန်မာအစိုးရနှင့် တရုတ်နိုင်ငံအကြားတွင် ကောင်းမွန်သော ဆက်ဆံရေး ဖြစ်ပေါ်နေပြီး ပိုးလမ်းမ စီမံကိန်း၊ ကျောက်ဖြူစီမံကိန်း ၊ မန္တလေး- ကူးမင်း ရထားလမ်းစီမံကိန်းများအတွက် ညှိနှိုင်းမှုများဆောင်ရွက်နေချိန်ဖြစ်သည်။

တိုင်းရင်းသားအရေးကျွမ်းကျင်သူ စာရေးဆရာ ဦးမောင်မောင်စိုးက လတ်တလော တရုတ်ကိုယ်စားလှယ်၏ ခရီးစဉ်သည် ထူးခြားသော်လည်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိ၍ သုံးသပ်ရန် စောနေသေးသည်ဟု ဆိုသည်။

“ဘာသတင်းအချက်အလက်မှ မရှိဘဲ သုံးသပ်ရမှာက စောနေသေးတယ်” ဟု ဦးမောင်မောင်စိုးက ပြောဆိုသည်။

မစ္စတာဆွန်ကောချန်သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် အဖြစ် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသူဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ကြားဝင်ညှိနှိုင်းစေ့စပ်ပေးနေသူလည်းဖြစ်သည်။

ဓာတ်ပုံ- မစ္စတာ ဆွန်ကောချန် မိုင်းလားဒေသသို့ ရောက်ရှိစဉ်။

Photo Credit- မိုင်းလားသတင်းဌာန

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts