All News interview Local News

“တရုတ်သံရုံးက ပြောသလို ကချင်ပြည်သူတွေက မြစ်ဆုံရေကာတာ စီမံကိန်းကို မကန့်ကွက်ဘူး ဆိုတာ မဟုတ်ဘူး”

By အောင်သက်ဝိုင်း( ရန်ကုန်ခေတ်သစ်)

ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေး ကော်မတီမှ ဒေါက်တာတူးဂျာနှင့်ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Laing သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့သွားရောက်ပြီး ကချင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များ နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် ကချင်ပြည်နယ်တွင် ဆောက်လုပ်ရန် ရှိနေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်သူလူထုက ဆန့်ကျင်ကွက်ခြင်းမရှိဟု သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ တရုတ်သံအမတ်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သူ ကချင် နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီမှ ခေါင်းဆောင် ဒေါက်တာတူးဂျာကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်သူလူထုက မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကွက် တာမရှိဘူးလို့ပြောတယ်။ အဲဒါက တကယ်ပဲ ကချင်ပြည်သူတွေက မကန့်ကွက်ဘူးလို့ ပြောခဲ့တာလား။

ဖြေ ။ ။ ကျနော်တို့လည်း တွေ့ပါတယ်။ ကျနော်တို့က မကန့်ကွက်ဘူးဆိုတဲ့ စကားမပြောပါဘူး။ ဒီဟာ က ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပဲ။ ပြည်သူပြည်သားတွေက အများကြီး ဒါကို ရပ်ဆိုင်းဖို့ လိုလားနေ တာ ဖြစ်တယ်။ သူတို့သဘောထားမပြောင်းပါဘူး။ ဒါကြောင့်မို့ တရုတ်သံရုံးက ပြောသလို ကချင် ပြည်သူတွေက မြစ်ဆုံရေကာတာ စီမံကိန်းကို မကန့်ကွက်ဘူးဆိုတာမဟုတ်ဘူး။ အများစုက မကြိုက် တာ။ ကချင်ပြည်နယ်သား အများစုက ဒါကို မထောက်ခံဘူးဗျ။

မေး ။ ။ ကချင်ပါတီ ၃ ခုက ပြန်လည်ပေါင်းစည်းဖို့ လုပ်နေတော့ ပါတီ ၃ ခုရဲ့သဘောထားကရော။

ဖြေ ။ ။ ကျနော်တို့ပါတီရဲ့သဘောထားက ပြည်သူလူထုနဲ့ တစ်သားတည်းပဲ။ ပေါင်းပြီးတော့ ထုတ်ပြန်ချက်ထုတ်လိုက်ပါပြီ။ တွေ့ပါလိမ့်မယ်။ ပူးပေါင်းကော်မတီမှာပါတဲ့ ပါတီ ၃ ခုကလည်း ပူးပေါင်းပြီး ထုတ်ပြန်လိုက်ပါပြီ။ ဒီမြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းထားဖို့ဆိုတဲ့ မူဝါဒ ကျနော်တို့မှာရှိတယ်။ ထုတ်လိုက်ပြီ။

မေး ။ ။ တရုတ်သံရုံးက မပြောတာကို ပြောသလို ထုတ်ပြန်တာက ဘာကြောင့်လဲ။ ဘယ်လို မှတ်ချက် ပေးချင်လဲ။

ဖြေ ။ ။ နားလည်မှုလွဲတာလား၊ မှားယွင်းပြီး နားလည်တာလား၊ သူတို့ဘယ်လို ဖြစ်လဲမသိဘူး။ အမှန်ပြောရင် ကျနော်တို့ပါတီကတော့ မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ဘူး၊ မကန့်ကွက်ဘူးလို့တော့ မပြောပါဘူး။ တချို့ပြောတဲ့ ပုဂ္ဂိုလ်ရှိရင်လည်း ဘယ်သူက ဘယ်ဝါက ပြောတယ်ဆိုတာပြောဖို့လိုတယ်။ အများစုက မပြောဘူး။

မေး။ ။ တရုတ်သံအမတ်က ကချင်ပြည်နယ်ကို လာတာ ဘာအတွက်ကြောင့်လဲ။

ဖြေ။ ။ ဒီတစ်ခေါက်လာတာက မြစ်ဆုံကိစ္စလည်းပါတယ်။ ငြိမ်းချမ်းရေး ကိစ္စလည်း ပါတယ်။ အခြား ကိစ္စ လည်းပါတယ်။ သဘောထားလာမေးတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့။ သူ့သဘောထား လိုလား ချက် တွေ ပြောသွားတာပေါ့။ ဒါပေမယ့် ဒီဘက်ပြည်သူတွေရဲ့ သဘောထားက ဒါကို လက်မခံဘူး။ ပြည်သူတွေရဲ့ သဘောထားက မပြောင်းသေးဘူး။ အရင်အတိုင်းပဲ။

မေး။ ။ တရုတ်သံအမတ်ရဲ့ ခရီးစဉ်မှာ တွေ့ဆုံတဲ့ပုံစံက ဖိအားပေးပြီး အပေါ်စီးဆန်တယ်လို့ လည်း ပြောဆိုမှု တွေရှိနေပါတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ။ ။ ကျနော်ကတော့ ပြည်မမှာ တစ်ခါ တွေ့ပြီးပြီ။ တွေ့တဲ့ဟာကတော့ ကျနော်ကတော့ တွေ့တယ်ပေါ့။ ဒါက ဒီလိုရှိတယ်ဆိုတာပြောပြတယ်။ ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရကတော့ တောက်လျှောက် ကူညီခဲ့တယ်။ အခုလည်း ကူညီတယ်။ နောင်လည်း ကူညီမယ်။ အတတ်နိုင်ဆုံး ကူညီသွားမယ်။ နောက်ပြီး ကချင်ပြည်နယ်အတွင်း IDP တွေ နေရာချထားရေး ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ပြောတယ်။ စီမံကိန်းတွေလုပ်မယ်ဆိုတာလည်း ပြောတယ်။

မေး။ ။ တရုတ်သံအမတ်ခရီးစဉ် ရည်ရွယ်ချက် မြစ်ဆုံအတွက် အဓိကလို့ ထင်လား။

ဖြေ။ ။ ဟုတ်ကဲ့။ သူ ၃ ခေါက်လောက်ပြောတယ် မြစ်ဆုံကိစ္စကို။ နောက်တစ်ခုက ငြိမ်းချမ်းရေး။ နောက်တစ်ခုက စီးပွားရေး။ One Belt One Road ကိစ္စ။ ၄ ချက်ကို အဓိကထားပြီး လာရောက်တယ်လို့ ကျနော် နားလည်သဘောပေါက်ပါတယ်။

ဓာတ်ပုံ- တရုတ်သံအမတ်နှင့်တွေ့ဆုံနေသော ဒေါက်တာတူးဂျာ (ခေါင်းပေါင်းနှင့်)

Photo Credit – တရုတ်သံရုံး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts