All News Local News Peace

တပ်မတော်က အပစ်ရပ်ကာလ ၄ လ ကြေညာသော်လည်း ငြိမ်းချမ်းရေး ရှေ့တိုးရေး ရင်လေးစရာ ဖြစ်နေဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆

တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် အပစ်အခတ်ရပ်စဲရေး ၄ လကြာရပ်ဆိုင်းထားသော်လည်း နိုင်ငံရေးအရ ရှေ့ဆက်တိုးရန် လုပ်ငန်းစဉ်ချမှတ်ထားခြင်းမရှိ၍ ငြိမ်းချမ်းရေး ရှေ့ဆက်တိုးရန် ရင်လေးစရာဖြစ်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

” တစ်လကျော်ပြီ ။ တွေ့ဆုံပွဲ တစ်စက်မှ မလုပ်နိုင်သေးတာကို တွေ့ရတယ်လေ။သူကပဲ စောင့်နေတာလား။ သူများ လာဆက်သွယ်တာကိုး စောင့်နေလား ၊ ကိုယ်ကပဲ တံခါးဖွင့် ဆက်သွယ်ရမလား ဆိုတဲ့ အဲဒါမျိုးက မရှင်းဘူး ဖြစ်နေသလားလို့ ။ စိုးရိမ်နေတာက စစ်တိုင်း ၅ တိုင်း နဲ့ အချိန် ၄ လ အပစ်ရပ်တာ အခုက တလ( ဇန်နဝါရီလ ) ပါသွားပြီ ။ ဖေဖော်ဝါရီလဆိုရင် ပြည်ထောင်စုနေ့ ရှိတယ်။ မတ်လ ဆိုရင်လည်း တပ်မတော်နေ့ ရှိတယ်။ ဧပြီလဆိုရင် သြင်္ကန်ရှိတယ်။ အဲ့တာနဲ့ တစ်လ ပွဲတစ်ပွဲ ရှိနေတော့ နိုင်ငံရေးအရ ရှေ့တိုးဖို့ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးဖို့ ဒီအခင်းအကျင်းတွေက တိတိကျကျ ခိုင်ခိုင်လုံလုံ ချထားတာမတွေ့ရသေးဘူး။ ကျနော်တို့ ရင်လေးစရာဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လက်ရှိ တပ်မတော်က အပစ်ရပ်ကြေညာထားသည့်အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် အကျိုးရှိရှိ အသုံးချပြီး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်စေလိုကြောင်း၊ အခွင့်ကောင်းယူသည့်ပုံစံမျိုးမဖြစ်သင့်ဟု ၎င်းက ဆိုသည်။

“ကြေညာချက်ကာလ နဲ့ ကြေညာချက်ဒေသမှ ရှိတဲ့အဖွဲ့တွေက အကျိုးရှိရှိ အသုံးချစေချင်တယ်။ ဒီကာလနဲ့ ဒီဒေသမှရှိတဲ့ အဖွဲ့တွေက ၊ အကျိုးရှိရှိ အားလုံးအတွက်ပေါ့။ ကိုယ်အဖွဲ့အစည်းအတွက်ကော ၊ ကိုယ်လူမျိုးအတွက်ကော ကိုယ်ရဲ့ ဒေသခံတိုင်းရင်းသား အတွက်ကော အကျိုးရှိစွာနဲ့ အခွင့်ကောင်းယူပြီးတော့ အသုံးချသင့်တယ်လို့ အကြုံပြုစေချင်တယ်။ ဒါကတကယ်တော့ ဒီကြေညာချက်မှတော့ တစ်ဖက်သတ် ရပ်စဲတာပေါ့။ တစ်ဖက်သက် ကြေညာတော့ တစ်ဖက်ကအဖွဲ့အစည်းတွေက အခွင့်ကောင်းယူနိုင်တဲ့ အခွင့်အရေးယူသလို ဖြစ်သွားတာပေါ့။ အဲ့ဒီအတွက်လည်း ထိန်းချု ပ် ( Control) သင့်တာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက်ပြောဆိုသည်။

တပ်မတော်က ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြေညာချက်တစ်စောင် ထုတ်ပြန်သတိပေးထားပြီး နယ်မြေကျော်လွန်လှုပ်ရှားလျက် နယ်မြေလုတိုက်ပွဲများဖြစ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာကြရန် သတိပေးကြောင်း ဖော်ပြထားသည်။

တပ်မတော်မှ အပစ်အခတ်ရပ်စဲထားသည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ် နှင့် ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း ၊“ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက် ” ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့အား အကြိမ်ကြိမ် ဖောက်ဖျက်နေကြကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး ညီလာခံ ဂုဏ်ပြုညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com