All News Local News

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် ရာထူးက ဖယ်ရှားခံရမလား

By ရန်ကုန်ခေတ်သစ်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ဟာ အဂတိကျော်စောမှု၊ ပြည်သူကို မျက်နှာမမူခြင်းနဲ့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်တွေ မလိုက်နာခြင်းအပါအဝင် အကျင့်ပျက်ခြစားမှုတွေ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ တိုင်စာတစ်စောင် ဇန်နဝါရီလ ၂၄ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဌာနချုပ်ကို ရောက်ရှိလာတယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားမှာပါ။ ဒါကတော့ တိုင်ကြားစာထဲမှာပါတဲ့ အချက်အလက်တွေ ခိုင်မာမှု ရှိ ၊ မရှိ ကျနော်တို့ စစ်ဆေးမှာပါ။ ဒါမှ ဒီအချက်အလက်တွေမှာ ဘယ်အချက်အလက်နဲ့ ငြိစွန်းလည်းပေါ်ပေါက်လာမှ ကျနော်တို့ကတိုင်ကြားတဲ့သူကို ခေါ်ယူသွားမှာပါ” လို့ NLD အဖွဲ့ချုပ် ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ကို တိုင်ကြားတဲ့ တိုင်ကြားစာနဲ့ပတ်သက်လို့ ဘာတွေပါဝင်တယ်၊ ဘယ်လိုတွေ အရေးယူဆောင်ရွက်မယ်ဆိုတာတော့ ဒေါက်တာမျိုးညွန့်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပါဘူး။

“ကျနော်တို့ကတော့ ခေါ်မေးမှာ သိရမှာ။ အဲဒါကို ကျနော်တို့က ဘာမှ မပြောလိုပါဘူး။ ခေါ်ပြီးဆိုရင် ပေါ်ပေါက်လာတဲ့ အချက်အပေါ် မူတည်ပြီး ကျနော်တို့ဆက်လုပ်ရမှာပါ” လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

တိုင်စာမှာ ဘာတွေပါလဲ

တိုင်ကြားစာမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးရဲ့သမီးဖြစ်သူကို ကိုယ်ရေးအရာရှိခန့်အပ်မှု၊ သရက်ချောင်းမြို့နယ်အတွင်း ကျပ်သိန်း ၉,၀၀၀ ခွင့်ပြုငွေနဲ့ MINSTER FRIDAY ကုမ္ပဏီက ဆောင်ရွက်နေတဲ့ ဂုံညင်းဆိပ်လမ်းပိုင်းသုံးမိုင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဝန်ကြီးချုပ်၏သားက အဓမ္မရှယ်ယာဝင်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှု၊ ကျောက်လုပ်ငန်းတင်ဒါတွေမှာ ဝန်ကြီးချုပ်၏သားက ပြိုင်ဘက်မရှိ တင်ဒါအောင်မြင်ခဲ့ပြီး လွယ်ကူစွာကျောက်ထုတ်လိုင်စင်ရရှိခဲ့ကာ ကိုယ်ပိုင်ကျောက်မိုင်းနှင့် ကျောက်ထုတ်လုပ်တဲ့ လုပ်ငန်းများ အထင်အရှားလုပ်ကိုင်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်လို့ 7 Day သတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းခအဖြစ် ကျပ် သိန်း ၄,၀၀၀ သုံးစွဲတဲ့ကိစ္စမှာလည်း လုပ်ပိုင်ခွင့်ရတဲ့ ဦးဆန်နီပိုင် (F22) ကုမ္ပဏီမှာ ဝန်ကြီးချုပ်ရဲ့သားက ရှယ်ယာဝင်လုပ်ကိုင်ခဲ့ခြင်း၊ ထားဝယ်မြို့ ကရင်ပြင်မြောက်ရပ်ကွက် ဆေးရုံလမ်းမှာ ကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိတဲ့ မြေကွက်ဝယ်ယူ၍ ပုဂ္ဂလိကဆေးရုံဆောက်လုပ်ဖို့ လုပ်ငန်းစတင်နေတာ၊ ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိဖြစ်သူ၏ ခင်ပွန်းကလည်း တိုင်းအစိုးရအဖွဲ့ လုပ်ပိုင်ခွင့်ပြုထားတဲ့ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် နိုင်ငံတော်သို့ ကျပ်သိန်းရှစ်သောင်းကျော်ပေးသွင်းခြင်း မရှိတဲ့ GGS ကုမ္ပဏီမှာ တာဝန်ခံအဖြစ် ဆောင်ရွက်နေတာ၊ NLD စီအီးစီ ဦးအောင်စိုးက ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အပေါ် ကာကွယ်ပေးမှုတွေရှိနေတယ်ဆိုပြီး တိုင်ကြားစာမှာ ဖော်ပြထားတယ်လို့ 7 Day သတင်းစာက ဖော်ပြချက်အရ သိရှိပါတယ်။

တိုင်စာတွေကြောင့် ဝန်ကြီးချုပ်တွေ ဖြုတ်တဲ့အထိ နမူနာတွေရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက တိုင်စာတွေကြောင့် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြုတ်သွားတဲ့နမူနာတွေရှိပြီး ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ ၂၀၁၈ ခုနှစ်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ဟာ ထင်ရှားတဲ့ သက်သေသာဓကတွေလို့ ဆိုပါတယ်။

လက်ရှိ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ဟာလည်း တိုင်ကြားခံရတာကြောင့် တိုင်ကြားစာပါ အချက်တွေမှန်ကန်ကြောင်း စိစစ်တွေ့ရှိရတယ်ဆိုရင် ရာထူးက ပြုတ်တဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ရှေ့မှာလည်း တိုင်စာကြောင့် ပြုတ်သွားတဲ့ဥပမာတွေကရှိတယ်။ တိုင်စာကို စိစစ်လို့ မှန်ကန်တယ်ဆိုရင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်လည်း ပြုတ်သွားတဲ့အထိဖြစ်နိုင်တယ်။ နောက်ပြီး အခုလို သတင်းတွေထွက်နေတာက ကြာပြီ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဘက်က ပြောသံတွေ ကြားနေရတာ ကြာပြီ။ တနင်္သာရီတိုင်းအစိုးရဘက်ကတော့ ဘာသံမှ မထွက်ဘူး” လို့ ဦးမျိုးရန်နောင်သိမ်းက ဆိုပါတယ်။

ပါတီရဲ့ စိစစ်ချက်တွေဟာ အစိုးရအဖွဲ့နဲ့ အကြီးအကဲတွေထံ ရောက်ရှိမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ရဲ့ လာရာလမ်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို NLD ပါတီ အနိုင်ရရှိပြီး ၂၀၁၆ ခုနှစ် အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ဦးဝင်းထိန်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ဟာ NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးရဲ့ ညီဖြစ်သူရဲ့ ဇနီးပါ။

တစ်နည်းအားဖြင့် NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးရဲ့ ခယ်မဖြစ်ပါတယ်။ ဦးအောင်စိုးနဲ့ နီးစပ်တာကြောင့် ဦးဝင်းထိန်ရဲ့ စီမံမှုနဲ့ ဝန်ကြီးချုပ်ရာထူး ရရှိလာတာလို့ NLD ပါတီအတွင်း သတင်းရပ်ကွက်က ဆိုပါတယ်။ ဒါကြောင့်လည်း ဦးအောင်စိုးရဲ့သမီးဖြစ်သူ၊ တစ်နည်းအားဖြင့် ဒေါ်လဲ့လဲ့မော်ရဲ့ တူမဖြစ်သူကို ကိုယ်ရေးအရာရှိသဖွယ် ပြန်လည်အသုံးပြုတာလို့ ဖြစ်နိုင်တယ်လို့ NLD ပါတီ အတွင်းသတင်းရပ်ကွက်က ဆိုပါတယ်။

ဒေါက်တာဒေါ်လဲ့လဲ့မော်ကြောင့် ဦးဝင်းထိန်နဲ့ ထိပ်တိုက်ဖြစ်ခဲ့

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နဲ့ပတ်သက်လို့ ခြစားမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့ စုံစမ်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်တဲ့အခါ ဦးဝင်းထိန်နဲ့ ထိပ်တိုက်ဖြစ်ပြီး စုံစမ်းဖို့ ကြိုးစားသူကို ဦးဝင်းထိန်က ခေါ်ပြီး ဆူပူခဲ့တယ်လို့ သိရပါတယ်။

“အဓိက ဦးဝင်းထိန်သြဇာအာဏာရှိတုန်းက သူက အရမ်းကို ကာခဲ့တာ။ အထိမခံတဲ့သဘောပဲ” လို့ ပါတီတွင်းသတင်းရပ်ကွက်မှ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဦးဝင်းထိန်က ပါတီရဲ့ နာယက အဖြစ် ရှိနေပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ မှာ ပါဝင်ခြင်းမရှိတော့ပါဘူး။

တနင်္သာရီ လွှတ်တော်အမတ်တွေလည်း အခြေအနေစောင့်ကြည့်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်တိုင်ကြားခံရတာနဲ့ပတ်သက်လို့ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေအားလုံးကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်နေကြပါတယ်။

ဦးဝင်းထိန် တန်ခိုးသြဇာတက်ခဲ့စဉ်က ပါတီအစိုးရဝန်ကြီးတွေနဲ့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတွေကို ထိန်းကျောင်းခဲ့သလိုပဲ လက်ရှိမှာလည်း အဲဒီလိုဖြစ်လာမလားဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဦးဝင်းထိန် တန်ခိုးသြဇာတက်ခဲ့စဉ်က ပါတီက အစိုးရဝန်ကြီးတွေနဲ့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေကို ထိန်းကျောင်းခဲ့သလိုပဲမျိုး လက်ရှိမှာလည်း အဲဒီလိုထိန်းကျောင်းနိုင်မလားဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူရက “ရုံးချုပ်ကို ရောက်သွားတဲ့ တိုင်ကြားစာတွေက ဘာတွေမှန်း သေချာမသိတော့ ဒါကို တပ်အပ်မပြောနိုင်ဘူး။ ရုံးချုပ်ကိုရောက်တဲ့ တိုင်ထားတဲ့ တိုင်ချက်အပေါ် မူတည်ပြီး ပြောလို့ရမှာ။ ကျနော်တို့အနေနဲ့ ရမ်းပြောလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိနိုင်တယ်။ ကျနော်တို့က ကြားမိတာတော့ ကြားတော့ကြားပါတယ်။ ဒါပေယ့် ကြားပေမယ့် မသေချာဘဲပြောလို့မရဘူးလေ။ ကျနော်တို့ အဓိကက အစီရင်ခံစာတို့အပေါ် မူတည်ပြီးတော့ ပြောတာတော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ လူပြောများတဲ့သတင်းတွေဖြစ်ပြီး ပါတီအတွက် မကောင်းဘူးလို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက သုံးသပ်ပါတယ်။

“အဲဒါက ပြောဖို့ကတော့ ခက်ပါတယ်။ ကျနော့်အမြင်ပြောရင် တိတိကျကျမဟုတ်ဘဲနဲ့ ကျနော်တို့က မပြောချင်ဘူး။ တာဝန်ခံရမယ့်သဘောလည်း ဖြစ်နေတယ်အခါကျတော့။ ကြားတော့ ကြားနေပါတယ်။ တချို့ကိစ္စနဲ့ ပြီးတာတွေတော့ ရှိတာပေါ့ ငါးလေလံကိစ္စတွေ ဘာတွေကတော့။ လယ်ယာမြေရဖို့အတွက် မြေယာခင်းမှ မြေပိုပြီး ဆောင်ရွက်ပေးတဲ့ ကိစ္စတွေကျတော့ ကြားနာလို့ ပြီးသွားတဲ့ ကိစ္စတွေဖြစ်တယ်။ နောက်ပြီးရင် လျှပ်စစ်ကိစ္စကတော့ တစ်တိုင်းပြည်လုံးသိတဲ့ ကိစ္စဆိုတော့ ဒါကို မပြောလိုပါဘူး။ အခုက ပါတီဆီ တိုင်စာရောက်သွားပြီးဆိုတော့ ပါတီကပဲ စစ်ဆေးမှာပါ။ ပါတီက ဆုံးဖြတ်တဲ့အတိုင်းပဲ ဖြစ်မှာပါ။ ပါတီက ဆုံးဖြတ်ချက်တော့ ကျနော်တို့က ပြောလို့မရဘူးလေ။ တော်တော်များများကတော့ ပြောနေကြတာပဲ။ Facebook ကလည်း ပြောနေကြတာပဲ။ လူတိုင်းက။ ဒီလိုအဖြစ်တော့ ဘယ်ကောင်းမှာလဲ။ အဲဒီလာက်ပဲ ပြောချင်ပါတယ်” လို့ ဦးကြည်စိုးက ပြောဆိုပါတယ်။

Photo-Wikipedia

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com