All News Local News

ဆန္ဒပြမှုဖြင့် ထပ်မံ ဖမ်းဆီးခံရလိုက်ရသည့် ကျောင်းသား ၄ ဦးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်၍ အာမခံရရန် မလွယ်ကူ

ရန်ကုန်၊ ဇန်နဝါရီ ၂

ရတနာပုံတက္ကသိုလ်ရှေ့တွင် ဖမ်းဆီးခံ ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး၊ လုံခြုံရေး တိုးမြှင့်ရေး၊ သန့်စင်ခန်းများ ပြုပြင်ပေးရေးနှင့် သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းသား ၄ ဦးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်၍ အာမခံမရနိုင်ဘဲ ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ခံရမည့်အနေအထားဖြစ်နေကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ အပါအဝင် ပုဒ်မ ၅ ခုဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းခေါင်းဆောင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေတို့ကို အမှုဖွင့် ဖမ်းဆီးထားပြီး ကျောင်းသား ၅ ဦးဖြစ်သည့် ကိုနိုင်ရဲဝေ၊ ကိုနေဝင်းကျော်၊ ကိုမျိုးချစ်ဇော်၊ ကိုဘုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

ယနေ့ ရတနာပုံတက္ကသိုလ်ရှေ့တွင် ထပ်မံ ဆန္ဒပြကြသည့် ကျောင်းသား ၄ ဦးမှာ ကိုနိုင်ရဲဝေ၊ ကိုနေဝင်းကျော်၊ ကိုမျိုးချစ်ဇော်(ဘချစ်)၊ ကိုဘုန်းမြင့်ကျော်တို့ ၄ ဦးဖြစ်ပြီး ၎င်းတို့သည် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး မအိမွန်ခင်က ပြောသည်။

“ဆန္ဒပြတဲ့သူတွေက ဖမ်းဝရမ်းထုတ်ခံထားရသူတွေပါ။ ရှေ့က သူတွေနဲ့ အမှုတွဲအဖြစ် ဝရမ်းထုတ်ခံထားရသူတွေပါ။ ဇန်နဝါရီလ ၁၁ ရက်နေ့ ရှေ့က ၃ ဦးကို ရုံးထုတ်မယ်ဆိုတော့ သူတို့ကိုလည်း တွဲပြီး ထုတ်မလားမသိဘူး။ အခုထက်ထိတော့ ဘယ်မှာ ဖမ်းထားလဲ။ ဘာပုဒ်မတွေ တပ်မလဲ မသိသေးပါဘူး” ဟု မအိမွန်ခင်ကပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ ဖမ်းဆီးခံနေရသော်လည်း တောင်းဆိုချက်များ ရရှိရေး ဆက်လက်တိုက်ပွဲဝင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts