All News Local News

ကွန်ဖယ်ဒရေးရှင်းတောင်းဆိုမှုနဲ့ အနာဂတ်ပြည်ထောင်စုအလားအလာ ဘယ်လိုဆက်ဖြစ်လာမလဲ

နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်တပ်မတော် AA နှင့် ပြည်ပရောက် ကချင်များက ကွန်ဖယ်ဒရေးရှင်းခေါ် လွတ်လပ်သောနိုင်ငံ ထူထောင်ရေးအတွက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုလာချိန်တွင် ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းတွင် ကွန်ဖယ်ဒရေးရှင်း တောင်းဆိုသံက အရှိန်အဟုန်ပြင်းပြင်းဖြင့် ရိုက်ခတ်သွားသည်။ ကွန်ဖယ်ဒရေးရှင်းတောင်းဆိုမှုများနှင့် ဖြစ်ပေါ်လာနိုင်သော အနာဂတ်ပြည်ထောင်စု အလားအလာများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က တပ်မတော်အပါအဝင် တိုင်းရင်းသားတချို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဆလိုင်းအိုက်ဇက်ခင်
ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း

AA ကတော့ လွတ်လပ်တဲ့နိုင်ငံတော် ထူထောင်ဖို့က တည့်တည့်ပြောရရင် ဖွဲ့စည်းပုံအရတော့ ပြောလို့ မရဘူးပေါ့။ သူတို့က ဘာရည်ရွယ်ချက်နဲ့ ပြောသလဲတော့ မသိဘူး။ သို့သော် လွတ်လပ်တဲ့နိုင်ငံတော်ထူထောင်မယ် ပြောရင် ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်လုပ်တာပဲ။ ဆန့်ကျင်တာပဲ။ အဲဒီအခါကြောင့် နိုင်ငံရေးအရ တော်တော်လေး ခြေလှမ်းကျယ်တဲ့သဘောပေါ့။ နိုင်ငံရေးအရ ခြေလှမ်းကျယ်တယ်လို့ ပြောလို့ရတယ်။ Confederate ဆိုတာလည်း ပြောရင်တော့ အခုအခြေအနေလောက်နဲ့ Confederate ကို ပြောတဲ့ကိစ္စက တော်တော်ကြီး ခြေလှမ်းကျယ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ဖယ်ဒရယ်ကိုတောင် ပီပီပြင်ပြင်မဆွေးနွေးသေး၊ ဘယ်လို ဖယ်ဒရယ်မျိုး သွားမယ်ဆိုတာက ပီပီပြင်ပြင်မဆွေးနိုင်သေး။ အဲဒီအခြေအနေမှာ Confederate ကို တောင်းနေတယ်ဆိုတဲ့ကိစ္စက တော်တော်ကြီး အလှမ်းကျယ် အလယ်လတ်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်။ တကယ်ကို အိမ်စာ မလုပ်နိုင်ရင်၊ ဆိုလိုချင်တာက သေသေချာချာ မလုပ်နိုင်ဘူးဆိုရင် ဒါက တော်တော်ပေးဆပ်ရမယ့် (ပေးဆပ်ရမယ်ဆိုတာက) တော်တော်လေး ခက်ခဲတယ်။ အဲဒီအနေအထားရှိတယ်။

အဓိက အကျိုးသက်ရောက်မှုက AA က Confederate တောင်းချင်တယ်ပြောတော့ ဒါက သူတောင်းချင်တာ။ တောင်းချင်တယ်ဆိုကတည်းက ဒါ သူ့ဆန္ဒပေါ့။ ဒါပေမယ့် သူ ခွင့်ပြုမိန့် လိုတယ်။ ဒါကို သဘောတူပေးမယ့် အဖွဲ့အစည်းက ရှိတာကိုး။ ဥပမာအားဖြင့် ဘယ်သူ့ဆီကတောင်းမှာလဲ။ သာမန်အားဖြင့်တော့ အစိုးရဆီက တောင်းမယ်။ တပ်မတော်ဆီက တောင်းမယ်။ ဆိုတော့ ဒါက အစိုးရနဲ့ အကုန်လုံး ဆုံးဖြတ်လို့ရလား ဆိုတာရှိတယ်လေ။

Confederate အဆင့်ကို လုပ်ရမယ်ဆိုတော့ ရခိုင်က Confederate လို့ ပြောတိုင်း သဘောတူပေးရမယ့်သူတွေက ပြည်ထောင်စုအစိုးရသာမကဘူး ကျန်တဲ့ ပြည်နယ်၊ တိုင်းတွေက ပါရမယ်။ အဲ့ဒါမျိုးကျတော့ တော်တော်ကြီးဆွေးနွေးရမယ့် Subject ပဲ။ လောလောဆယ် အနေအထားကတော့ လက်ရှိ ၂၀၁၁ ဦးသိန်းစိန်လက်ထက်က စလာခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာတော့ Confederate ဆိုတဲ့ အယူအဆကို မဆွေးနွေးခဲ့ဘူး။

အဲဒီအတွက်ကြောင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စကားလုံး အသစ်ဖြစ်မှာ။ လောလောဆယ်တော့ ဒါကို ဆွေးနွေးဖြစ်ကြမယ်မထင်ဘူး။ နောက်တစ်ခုက ကချင်က လွတ်လပ်တဲ့ ကချင်နိုင်ငံတော် ထူထောင်မယ့်ကိစ္စ၊ ဒါက ခွဲထွက်ခွင့်ဖြစ်သွားပြီ။ ခွဲထွက်ခွင့်ကိစ္စကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးတယ်။ တော်တော်လေး တင်းတင်းမာမာ ဖြစ်သွားတယ်။ ဒါတွေက တင်းတင်းမာမာ ဖြစ်သွားတယ်။

တကယ်တော့ ဒါတွေက အခုလွတ်လပ်တဲ့ ကချင်နိုင်ငံတော် ထူထောင်မယ်ဆိုတာနဲ့ ခွဲထွက်ပိုင်ခွင့်က အတူတူပဲ။ ခွဲထွက်ပိုင်ခွင့်ဆိုတာက Constitution ဆိုတာက လက်မခံနိုင်ဘူးဆိုတာက လက်ရှိ Constitution မှာ ဒို့တာဝန်အရေး (၃) ပါး ရှိတယ်။ ပြည်ထောင်စု မပြိုကွဲရေး ဆိုတာက ပြည်ထောင်စု ခွဲထွက်ပိုင်ခွင့်ကို လက်မခံဘူူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒါကြောင့်မို့ ကချင်နိုင်ငံတော် ထူထောင်မယ့်ကိစ္စက ဒို့တာဝန်အရေး (၃) ပါးက နံပါတ်(၁) အချက်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေးက တိုက်ရိုက်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ တပ်ကလက်ခံနိုင်မှာမဟုတ်ဘူး၊ အစိုးရက လက်ခံနိုင်မှာ မဟုတ်ဘူး။ NCA လက်မှတ်ထိုးတဲ့လူတွေက အဲ့ဒါကို လက်ခံလို့ရမှာမဟုတ်ဘူး။ ဘာကြောင့် NCA ထဲမှာက တို့တာဝန်အရေး(၃)ပါးကို လိုက်နာ၍ ဆိုတဲ့အပိုဒ် ပါတယ်။ Confederate တောင်းတာပဲဖြစ်ဖြစ်၊ လွတ်လပ်တဲ့ ကချင်နိုင်ငံတော် ထူထောင်မယ်လို့ ကြေညာတဲ့ကိစ္စတွေ ဒီဟာတွေ အားလုံးက လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ နောက်ထပ် ဝေါဟာရအသစ်တွေ၊ အယူအဆသစ်တွေကြောင့်မို့ ထိခိုက်နိုင်တယ်လို့ ပြောလို့မရရင်တောင် ဒီဟာကို ပြန်ပြီးတော့ လေ့လာရမယ့်သဘောဖြစ်သွားတယ်။

လောလောဆယ်မှ ဖယ်ဒရယ်တောင် ဘယ်လို့လုပ်မယ်ဆိုတာကိုး ဆွေးနွေးတုန်းဖြစ်တော့ Confederate ၊ ခွဲထွက်ခွင့်တို့ ပါလာရင်တော့ ဒါတွေက ရှုပ်ကုန်လိမ့်မယ်။ ရှုပ်သွားနိုင်တဲ့ နောက်ထပ်အပိုလုပ်ရမယ့်ကိစ္စတွေ ၊ အဲ့တော့ အချိန် ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ မပေးနိုင်တော့ ပြောတာပဲ ရှိမယ်။

တကယ့်တကယ်အနေနဲ့ အစိုးရအနေနဲ့ကျတော့ ဘယ်လို့တုံ့ပြန်မှာလဲ။ ဒါကို မပြောတတ်ဘူး။ အရင်တုန်းကလည်း နာဂ အဖွဲ့လည်း အဲလိုပြောတာပဲ။ နာဂနေရှင်နယ်ဆိုရှယ်လစ်ကောင်စီ ပေါ့။ လက်နက်ကိုင်အဖွဲ့တွေက ဦးသိန်းစိန်လက်ထက်မှ လက်မှတ်ထိုးတဲ့အခါ သူတို့ ပြောတာလေ။ ကျနော်တို့ က မြန်မာနိုင်ငံအောက်မှာ ဆက်လက်ရပ်တည်ဖို့အတွက်ကို တိုက်ပွဲဝင်တာမဟုတ်ဘူး။ အိန္ဒိယနိုင်ငံ တစ်ဖက်ခြားမှာ ရှိတဲ့ နာဂပြည်နဲ့ ပူးပေါင်းဖို့အတွက် တိုက်ပွဲဝင်တာလို့ သူတို့ ပြောခဲ့တယ်။ နာဂ က ခွဲထွက်ခွင့်ပြောနေတာပဲ။

ဆိုလိုချင်တာက ဒီအိန္ဒိယပြည်မှာရှိတဲ့ နာဂအဖွဲ့နဲ့ သူတို့ ပူးပေါင်းနိုင်၊ တိုက်ပွဲဝင်နိုင်တဲ့ ကိစ္စက နာဂဒေသက မြန်မာပြည်ကနေ ခွဲထွက်ခွင့်တောင်းနေတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီတုန်းကလည်း အရေးတယူ မရှိဘူးပေါ့လေ။ အခုက Confederate ပြောတာပဲဖြစ်ဖြစ် ၊ ကချင်နိုင်ငံတော်ထူထောင်တာပဲ ဖြစ်ဖြစ် ၊အဲဒီအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းပြောတာပဲဖြစ်ဖြစ် ၊ အစိုးရဖြစ်ဖြစ် ၊ တပ်ကဖြစ်ဖြစ် အခြေခံဥပဒေဘောင်ထဲကနေ ဆွေးနွေးရမှာပဲ။ NCA ဘောင်ထဲကနေ ဆွေးနွေးရမယ် Confederate ကော ၊ လွတ်လပ်သော ကချင်နိုင်ငံတော်ကော နှစ်ခုစလုံးက လက်ရှိ Constitution ၊ NCA ရဲ့ Contact ထဲမှာ မရှိဘူး။

ဒေါက်တာတူးဂျာ
ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီ

အခု ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လိုင်းက ဖယ်ဒရယ်လိုင်း ၊ AA ကတော့ ဒါက သူတို့ဆန္ဒသဘောထားကို ထုတ်ဖော်ပြောဆိုတာပါ။ ဒါပေမယ့် ဒီ NCA ထဲမှာကျတော့ ကချင်အပါအဝင် လိုလားနေတာက ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ နိုင်ငံသားတန်းတူအခွင့်အရေး ရှိတယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိတယ်။ ဖယ်ဒရယ်နိုင်ငံတော်သစ် ထူထောင်ရေး အဲဒါကို အကောင်အထည်ဖော်နိုင်အောင် တိုင်းရင်းသားတွေ တောင်းဆိုနေတယ်။ ဖယ်ဒရယ်ဘောင်အတွင်းမှာဘဲ တောင်းဆိုဖို့လုပ်နေတာ ရှိတယ်။ ဖယ်ဒရယ်စစ်စစ်ကို တည်ဆောက်နိုင်ဖို့ လိုအပ်နေတာ ဖြစ်တယ်။

ဒါပေမယ့် ကိုယ့်ကံကြံမ္မာ ကိုယ်ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာက လက်တွေ့မှာတော့ ဖယ်ဒရယ်ပဲ။ တိုင်းရင်းသားတွေ တောင်းဆိုနေတာလည်း ဖယ်ဒရယ်ပဲ။ အဲဒါကြောင့်မို့ သူတို့ရဲ့ လွတ်လပ်ရေးဆိုပြီး တောင်းဆိုတဲ့ အဖွဲ့ရှိသလို Confederate ဆိုပြီး တောင်းဆိုတဲ့ အဖွဲ့လည်း ရှိတာပေါ့။ ခုနက ပြောသလိုပေါ့။ ဒါပေမယ့် မြန်မာပြည်တွင်းမှာတော့ ဖယ်ဒရယ်ပဲ။ ဖယ်ဒရယ်ကို တိုင်းရင်းသားတွေ အားလုံးက ဖယ်ဒရယ်ကိုပဲ တောင်းဆိုနေကြတာ ဖြစ်တယ်။ ဒါကို အစိုးရကတော့ သုံးသပ်မှုတော့ သူဟာနဲ့သူတော့သူ ရှိမှာပေါ့။ ဒါပေမယ့် သွားရမှာက ဖယ်ဒရယ်လမ်းကြောင်းနဲ့ သွားရမှာ။ ပင်လုံညီလာခံလည်း ဖယ်ဒရယ်လမ်းကြောင်းပဲ။

ဒီတောင်းဆိုမှုအပေါ် အကျိုးသက်ရောက်မှုတော့ ဒီလောက်တော့ မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အများစုက ဖယ်ဒရယ်လမ်းကြောင်းအတိုင်းနဲ့ သွားနေတာ။ အဲဒါ သူတို့အဖွဲ့ရဲ့ လိုလားမှုတောင်းဆိုတာ ရှိနေတာ။

ကွန်ဖယ်ဒရေးရှင်း (ကွန်ဖယ်ဒရိတ်) နဲ့ ဖယ်ဒရေးရှင်း (ဖယ်ဒရယ်) မူက ကွာတယ်လေ။ အခု တိုင်းရင်းသားတွေက တောင်းဆိုနေတာက ဖယ်ဒရယ်မူပဲကိုး။ ဘာကြောင့်လဲဆိုတော့ ကွန်ဖယ်ဒရိတ် ဆိုတာက လွတ်လပ်တဲ့နိုင်ငံ ပုံစံငယ်မျိုးဘက်ကို ဦးတည်သွားတာကိုး။ ပိုပြီး နီးကပ်သွားတာပေါ့။ ဒီမှာတော့ ဖယ်ဒရယ်အဆင့်ပဲ သွားနေတာ၊ တောင်းနေတာ ဆိုတော့ ကွာတော့ ကွာတာပေါ့။ ဒါပေမယ့် အဓိက အကျဆုံးကတော့ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး အဲဒါပဲ တောင်းဆိုနေတာလေ။

ဦးလှမောင်ရွှေ
ငြိမ်းချမ်းရေးအကျိုးဆောင်၊ NRPC

ကျနော်နားလည်တာကတော့ ၂၀၁၁ ခုနှစ်အထိ ဖယ်ဒရယ်ဆိုတဲ့ စကားလုံးက သိပ်ပြီး ဒီစကားလုံး ကို မသုံးကြဘူး။ ၂၀၁၂ ကျမှာ ဒီဖယ်ဒရယ် ဆိုတဲ့စကားလုံးကို သုံးတာ။ အစိုးရတာဝန်ရှိသူတွေက ၂၀၁၂ ကျမှာ ဖယ်ဒရယ်ဆိုတဲ့ စကားလုံးကို အစိုးရဘက်ကနေ စသုံးလာတာ။ အဲ့တော့ ပြန်ပြောမယ်ဆိုရင် ၆ နှစ်လောက်ကျမှ ဖယ်ဒရယ်ဆိုတာ ပြောလာတာ။ ဘယ်လိုဖယ်ဒရယ်သွားမယ်ဆိုတာ ပြော လာတယ်။ ညှိနှိုင်းပြီးယူတဲ့ ဖယ်ဒရယ်သွားမယ့်သဘောမျိုး ဖြစ်တယ်။ အဲဒါကို ဘယ်မှာညှိနှိုင်းသလဲ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှ ညှိနှိုင်းမယ် ပြောတဲ့အတွက် အဲ့ Process သွားနေတယ်။

သွားတဲ့အပေါ်မှာလည်း အခုမြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါတဲ့ KIO ၊ RCSS ၊ TNAL ၊ AA ၊ MNDAA အဲ့အဖွဲ့တွေ အားလုံးက ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ၊ NDAA နဲ့ UWSA ညှိနှိုင်းတဲ့အခါ သူတို့အားလုံး ပါတယ်။ အဲဒီတော့ အားလုံးလက်ခံဖို့ ကျနော်တို့ အစောကြီးကတည်းက လက်မှတ်ထိုးတယ်။ ကျန်တဲ့ လက်မှတ်မထိုးနိုင်တဲ့သူတွေက စာချုပ်အပေါ်မှာ ကျနော်တို့ မထိုးနိုင်တာ မဟုတ်ဘူး။ ဘယ်သူ့ကို လက်မှတ်ပေးထိုးမယ်၊ ပေးမထိုးဘူး ဆိုတာက လက်မှတ်မထိုးနိုင်တာ။ ဆိုလိုတာက ပြောချင်တာက အခု ရှိတဲ့ အခင်းအကျင်းက ဒီမိုကရေစီနဲ့ ဖယ်ဒရယ် အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးနည်းလမ်းနဲ့သွားမယ် ဆောင်ရွက်နေတဲ့အချိန်မှာ ခုနလို လိုလားချက်တွေကို ပြောတယ်လို့ နားလည်ရပါတယ်။

NCA ကလည်း လက်မှတ်ထိုးတာက ၁၀ ဖွဲ့ရှိပြီ။ အဲ့လက်မှတ်ထိုးထားတဲ့ NCA ၁၀ ဖွဲ့ကလည်း ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးရေး တစ်ရပ်နဲ့ ဆောင်ရွက်မယ် ဆိုတဲ့ အနေနဲ့မျိုးပဲ သွားတာ ဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ သွားတာက ပိုပြီး ချောမွေ့မယ်။ အဆင်ပြေမယ်ထင်တယ်။ ကွန်ဖယ်ဒရေးရှင်းကတော့ ဒီကို ပြောတာက ပြောလို့ရတယ်။ တကယ်လက်တွေ့မှာတော့ ကျနော်တို့နိုင်ငံအတွက် အဆင်ပြေဖို့ ခက်လိမ့်မယ်။

ဆိုလိုတာကတော့ ဒီလက်မှတ်ထိုးတဲ့ အဖွဲ့က ၁၀ ဖွဲ့ရှိတယ်။ ဒီ Process ကြီးလည်း သွားနေတယ်။ ဒီ Process ကြီးကို ခဏရပ်ပြီး နောက် Process နဲ့ သွားဖို့က လက်တွေ့မဆန်ဘူးပေါ့။ နောက် Process တစ်ခုမှာ ညှိနှိုင်းပြီး သွားနိုင်ဖို့က လက်တွေ့မဆန်ဘူးလို့ ယူဆပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်

အခုခွဲထွက်ဖို့ တောင်းဆိုလာတာကတော့ နောင်တစ်ချိန်မှာ ပြည်ထောင်စုအတွက်ပဲ ဖြစ်ဖြစ်၊ ရှေ့လျှောက်သွားမယ့် ငြိမ်းချမ်းရေးလမ်းစဉ်အတွက်ပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် ပြည်ထောင်စုအနေနဲ့ စိုးရိမ်စရာကောင်းပါတယ်။

NCA မှာ ပထမဆုံး သဘောတူထားတဲ့ ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ထားတယ်။ အသေးစိတ်အနေနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်။ ဒီစနစ်မှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာရမယ်ဆိုတာ ပါပြီးသား၊ NCA ဆိုတာ လွယ်လွယ်နဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ NCA ကို EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) က အရင်ဆွဲတာ၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က မွမ်းမံ ပေးတဲ့အဆင့်ပဲရှိတာ။ ဒါကို လက်မှတ်ထိုး ဆိုတဲ့ အချိန်ကျမှ မထိုးတော့ဘူး ဖြစ်တာပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောတာရှိပါတယ်။

ငြိမ်းချမ်းရေးလမ်းကြောင်း လျှောက်တဲ့နရောမှာ NCA ကလွဲပြီး တခြားလမ်းကြာင်း မရှိပါဘူး။ NCA လမ်းကြောင်းက အပြည့်စုံဆုံး လမ်းကြောင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်က NCA ထဲမှာပါပြီးသား၊ NCA ထဲမှာ ကြားကာလမှာ ဘာတွေလုပ်မယ်ဆိုတာက အစကတည်းက ပါပြီးသားပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts