All News Local News

ကောလင်းတွင် မွေးမြူရေးဝက်ထောင်ချီ သေဆုံးမှု ထိန်းချုပ်ရန်ခက်ခဲ၊ အရေးပေါ်အကူအညီ လို

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းတစ်ဝိုက်ရှိ ဝက်မွေးမြူရေးခြံများတွင် ဝက်များ ထောင်ချီ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ၎င်းအခြေအနေအား ထိန်းချုပ်နိုင်ရန် မွေးမြူရေးသမားများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား အစိုးရက အသိပညာပေးမှုများ လုပ်ဆောင်ပေး သင့် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါက်တာသိန်းမင်းက ပြောသည်။

“Outbreak ဖြစ်ရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေက ရှိပြီးသား။ ဓါတ်ခွဲခန်းကို Simple ပို့တာ တွေ၊ နမူနာပစ္စည်းတွေ ပို့ရမယ်၊ စစ်ရမယ်။ မွေးမြူရေးဗဟုသုတပေရမှာပဲ ရှိတယ်။ ကျန်တာက ဘယ်လိုမှ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆို တချို့ကတော့ မွေးမြူရေးသမားက ပြောမှာပေါ့၊ ဒီဝက်တွေ အကုန်ကို သတ်ပစ်ပြီးတော့ Zero ပြန်ချ၊ ပြီးရင် အစိုးရကနေ လျော်ကြေးပေး၊ ပိုးတွေသတ်ပြီး ပြန်မွေးလည်း မရဘူး၊ ပြန်ဖြစ်မှာပဲ၊ မွေးမြူရေးပညာပေးပဲ အဓိက လိုတယ်။ တောင်သူတွေအနေနဲ့ တကယ်စနစ်တကျမွေးရမှာ ။ မိရိုးဖလာမွေးလို့ မရဘူး။ ဒါက စီးပွားဖြစ် မွေးတာ ၊ မိရိုးဖလာနဲ့ တခြားစီ ၊ မဆိုင်ဘူး ။ မိရိုးဖလာက မသေရုံ မွေးနေတာ။ စီးပွားရေးက တကယ့်စီးပွားရေးကိုတွက်တဲ့နည်းနဲ့ မွေးရမှာ။ မွေးမြူရေးသမား တွေ ၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေး ၊ Capacity Building မြင့်တင်ပေးဖို့ လိုအပ်တယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကျောက်မဲခရိုင် ဦးစီးမှူး ဒေါက်တာသိန်းမင်းက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဝက်နား ရွက်ပြာရောဂါ နှင့် အခြားပူးတွဲရောဂါများကြောင့် ဝက်များ ထောင်ချီသေဆုံး ဝက်ကောင်ရေ သောင်းချီ လျှော့ဈေးဖြင့် ရောင်းချခဲ့ရကြောင်း ဒေသခံမွေးမြူရေးသမားများ၏ ပြောကြား ချက်အရ သိရသည်။

ဝက်နားရွက်ပြာရောဂါနှင့် အာဖရိကဝက်ဖျားရောဂါ နှစ်မျိုးလုံးမှာ Virus ကြောင့်ဖြစ်ကြောင်း၊ ဝက်နားရွက်ပြာရောဂါမှာ ကာကွယ်ဆေးထုတ်မည်ဟုကြားရပြီး အာဖရိက ဝက်ဖျားရောဂါဖြစ်ပွားသည့် Virus မှာ အသက်ပြင်းကြောင်း၊ ၎င်းရောဂါနှစ်မျိုးစလုံးမှာ ကူးစက်မှုမရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူး ဒေါက်တာသိန်းမင်းက ပြောသည်။

“အာဖရိက ဝက်ဖျားရောဂါ၊ ဝက်နားရွက်ပြာ အဲဒါ နှစ်ခုစလုံးက Virus ပဲ။ အဲ့ဒါတော့ တူတယ်။ သူက ကာကွယ်ဆေးမရှိတဲ့ ရောဂါဆိုတော့ ခက်တာပေါ့။ ဒါပေမယ့် ဝက်နား ရွက်ပြာကတော့ ကာကွယ်ဆေးထုတ်မယ်လို့ ကြားတယ်။ ထုတ်မယ်ဆိုရင် နိုင်ငံခြားက သွင်းမှာပေါ့။ အာဖရိကဝက်ဖျား တရုတ်ပြည်မှာ ဖြစ်နေတဲ့ဟာကို ကမ္ဘာ့နဲ့ ချီပြီး မရှိသေးဘူး။ နှစ်ခုစလုံးကတော့ မကူးပါဘူး ၊ ဝက်ပဲ သေတာပါ။ ဒါပေမယ့် ပိုဆိုးတာက တရုတ်ပြည် မှာဖြစ်တဲ့ ဝက်ဖျားရောဂါ။ အဲ့ဒီ Virus က တော်တော်အသက်ပြင်းတယ်။ အခု PRF က အဲ့လောက် အသက်မပြင်းဘူး။ ရောဂါမပြင်းဘူး။ ခြံကို ၁၀ ရက် ၊ ၁၅ ရက်လောက် လှပ်ထားလိုက်ရင် သူက Virus က မရှိတော့ဘူး။ အာဖရိက ဝက်ဖျားရောဂါကျတော့ အဲ့လို့ လုပ်လို့မရဘူး။ Virus ရှိနေတုန်းပဲ။ အကြာကြီး ဝင်နိုင်တယ်။ အဲ့ Virus က တော်တော် အသက်ပြင်းတယ်။ နည်းနည်းပိုခက်တယ်။ မြန်မာပြည်တော့ ရောက်မလာ သေးဘူး” ဟု ဒေါက်တာမင်းသိန်းက ပြောသည်။

၂၀၁၈ အတွင်း ကောလင်းမြို့နယ်ရှိ ကျေးရွာများတွင် ဝက်နားရွက်ပြာ နှင့် အခြားပူးတွဲ ရောဂါများ ကြောင့် ဝက်များ ထောင်ချီသေဆုံးကာ အကောင်ရေ သောင်းချီ လျှော့ဈေးဖြင့် ရောင်းချခဲ့ရတာကြောင့် စီးပွားပျက်ခဲ့သည့် မွေးမြူရေးသမားများကို နိုင်ငံတော်က ထောက်ပံ့ကြေး ကူညီပေးနိုင်ခြင်း ၊ ရှိ ၊ မရှိ ဦးမျိုးဇော်အောင်က ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ကောလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က “ကျနော်တို့ ဝက်တွေ ဖြစ်တာက တစ်နှစ်နီးပါး ဖြစ်သွားပြီး ။ ဖြစ်တဲ့အချိန်ကြာတော့ လွန့်ခဲ့တဲ့ ၆ လ လောက်အထိအောင် ဒီဟာတွေရှိတယ်လေ။ ဒါကို ပြည်သူ့လူထုက ¬¬¬ဆုံးရှုံးနစ်နာမှုက အများကြီးများတယ်။ ဝက်တွေ သေတာက ပြန်ပြီးတော့ နာလန်မထူနိုင်ဘူး ဆိုတော့ ဝက်သားပေါက်မွေးမြူရေး အကူအညီလေး တစ်ခုလောက်ရအောင် ကျနော်က အစိုးရကနေ အဆိုတင်သွင်းပြီးတောင်းတာပါ။ ဖြေတာက အစိုးရဘက်ကနေ မပေးနိုင်ပါဘူး ဆိုပြီး ဖြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို ထောက်ပံ့ရေးပေတဲ့ အစီအစဉ် မရှိဘူးဆိုပြီး သူတို့က ဖြေတာ။ မေးခွန်းထဲမှာက အဓိက ထောက်ပံ့ရေးပေးဖို့၊ နောက်ထပ်ဖြစ်လာရင် ကာကွယ်ရေးအစီအစဉ်လုပ်ပေးဖို့ တစ်ခါတည်းမေးမြန်းတာ။ ကာကွယ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး သူတို့က အခုလုပ်နေတဲ့ဟာအတိုင်း သွားနေတဲ့အခါကျတော့ တိတိကျကျ ကာကွယ်ရေးအစီအစဉ်မရှိသေးလို့ အဲ့ဒီလိုပြောတယ်” ဟု ၎င်းက ပြောသည်။

“အခု ဝက်မွေးမြူရေးမှာလည်း ဒါက (Outbreak ) ဖြစ်ပြီးတော၊ တကယ်ကို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တာလေ။ သူတို့ရဲ့ လုပ်မှားကိုင်မှားကြောင့် ဖြစ်တဲ့ အဖြစ်မျိုး မဟုတ်ဘူး။ သူတို့ရဲ့ လုပ်မှားကိုင်မှားကြောင့် ဖြစ်တယ်အဖြစ်မျိုးဆိုရင်တော့ ဒီလို့ အဖြစ်မျိုး ဆုံးရှုံးနစ်နာမှုက ဘယ်လုပ်ငန်း ဆုံးရှုံးမှုဖြစ်ဖြစ် ပေးစရာမလိုဘူးလေ။ အခုက သဘာဝဘေးပုံစံမျိုး၊ ကပ်ရောဂါဆိုက်တဲ့ ပုံစံမျိုးဖြစ်တဲ့အခါကျတော့ စီးပွားရေးသမားတွေ နာလန်ထူစေဖို့ အစိုးရ က ပံ့ပိုးမှု ပေးသင့်တယ်လို့ မြင်တယ်လေ” ဟု ကောလင်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောသည်။

ဆက်လက်ပြီး “အဲဒီဝက်တုတ်ကွေးက သီရိလင်္ကာမှာလည်း ဖြစ်တယ်။ ထိုင်းဘက်မှာလည်း ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံက ထပ်ပြီး မကူးစက်အောင် ညွှန်ကြားချက်တွေ ထုတ်ပြီး တားမြစ်ချက်တွေ လုပ်တာပေါ့။ သူက ဖြစ်ပြီးဆိုရင် ဝက်နားရွက်ပြာ ၊ ဝက်တုပ်ကွေး ကော အကုန်လုံးက ဝက်တွေက အလျင်အမြန်ကူးစက်တက်တော့ ( Outbreak ) ဖြစ်တာပေါ့။ ကျနော်တို့က ဒီဟာကို ဆုံးရှုံးနစ်နာမှုတွေ မဖြစ်အောင် တိတိကျကျနဲ့ မူဝါဒတွေနဲ့ တားဖို့ ဖြစ်စေချင်တာလေ။ အခုဟာက တားတော့ တားတယ်။ တားတဲ့အခါ မြို့နယ်အုပ်ချုပ်ရေး က စာထုတ်ပြီးတားတယ်။ သိကောင်းသိလျက်နဲ့ တားတယ် ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ မြေပြင်မှာတော့ တိတိကျကျနဲ့ တားဆီးနိုင်ခြင်း မရှိဘူး။ ဒီအခါကျတော့ ဒီဟာက ထိန်းချုပ်ဖို့ အရမ်းခက်တယ်။ ဒါကြောင့်မို့ ကျနော်တို့က မူဝါဒတွေ စနစ်တကျရေးဆွဲတတ်ဖို့ ဖြစ်စေချင်တာပေါ့။ အခု ဘယ်လို့လုပ်မလဲဆိုတာက သက်ဆိုင်ရာ လွှတ်တော်ကော်မတီကနေ ဝန်ကြီးဋ္ဌာနနဲ့တော့ စကားပြောဖို့ရှိပါတယ်“ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts