All News Features Local News

TNLA နဲ့ အစိုးရစစ်တပ် တိုက်ပွဲ ဖြစ်ပွားဆိုသော သတင်းမဟုတ်မှန်ဟု တပ်က ငြင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ပလောင်တပ် TNLA နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲ ဖြစ်ပွားသည်ဟု TNLA က သတင်းထုတ်ပြန်မှုသည် မဟုတ်ဘဲ တပ်မတော်သည် အောက်ခြေတွင် စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက သတင်းမီဒီယာများသို့ ဆက်သွယ်ပြောဆိုသည်။

“TNLA က ထုတ်ပြန်တဲ့ တိုက်ပွဲသတင်းဆိုတာ မဟုတ်မှန်ပါဘူး။ ကျနော်တို့ အောက်ခြေတပ်တွေကိုလည်း စစ်ဆေးပြီးပါပြီ။ အဲဒီသတင်းမဟုတ်ပါဘူး။ တပ်မတော်ဘက်က ဒီဇင်ဘာ ၂၁ ရက်ကတည်းက အားလုံးရပ်နားထားပါတယ်။ ငြိမ်းချမ်းရေးအတွက် တစ်မျိုးဖြစ်မှာလည်း စိုးရိမ်လို့ပါ” ဟု ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက သတင်းမီဒီယာများသို့ ဆက်သွယ်ပြောကြားသည်။

TNLA ၏ သတင်းထုတ်ပြန်ချက်တွင်မူ ကွတ်ခိုင်မြို့နယ်၊ TNLA တပ်မဟာ ၅ နယ်မြေ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း ၇ နာရီ ၂၀ မိနစ်မှ ၇ နာရီ ၄၀ မိနစ်အထိ TNLA နှင့် ရှောက်ဟော်မှ ရွှေမော်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် အစိုးရစစ်တပ် တပ်မ ၁၁၊ ခမရ ၂၁၉ တို့ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အစိုးရစစ်တပ်က TNLA တပ်စခန်းနေရာသို့ ထိုးစစ်ဆင်လှုပ်ရှား လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ စစ်တိုင်း (၅) ခုအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com