Local News political news

၇ ကြိမ်မြောက် မီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီး ပြောကြားချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း အဖွဲ့ပေါင်း ၁၆ ဖွဲ့က ညီလာခံတွင်ပင် ကြေညာချက်ထုတ်ပြန်

နေပြည်တော်၊ ဒီဇင်ဘာလ ၅

နေပြည်တော်၊ Park Royal ဟိုတယ်တွင် ကျင်းပနေသည့် ၇ ကြိမ်မြောက် မီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ပြောကြားခဲ့သော မိန့်ခွန်းကို ကန့်ကွက်ကြောင်း အဖွဲ့ပေါင်း ၁၆ ဖွဲ့က အဆိုပါ အခမ်းအနားအတွင်းတွင်ပင် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ကြသည်။

အဖွဲ့ပေါင်း ၁၆ ဖွဲ့၏ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်၏ မိန့်ခွန်းပါ ပြောကြားချက်များအပေါ် မီဒီယာအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။

၅ ဒီဇင်ဘာ ၂၀၁၈

၁။ အစိုးရပိုင်မီဒီယာများသည် အစိုးရနှင့်ပြည်သူအကြားဆက်သွယ်ပေါင်းကူးရန် ရည်ရွယ်ချက်ဖြင့် မည်သည့်အစိုးရတက် တက် ပုံစံမျိုးစုံဖြင့် ဆက်လက်တည်ရှိသွားမည်ဟု ယုံကြည်ကြောင်း ဝန်ကြီး၏ ပြောဆိုချက်သည် ဒီမိုကရေစီနိုင်ငံတစ်ခု၏ စရိုက်လက္ခဏာနှင့် ညီညွတ်ခြင်းမရှိဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။ ဒီမိုကရေစီနိုင်ငံတစ်ခု၏ စတုတ္ထမဏ္ဍိုင်သည် ဒီမိုကရေစီစံနှုန်းနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းကျောင်းနေသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုကြောင့် ယင်း၏အဓိကတာဝန်မှာ နိုင်ငံ၏ အခြားမဏ္ဍိုင်(၃)ရပ်ကို ထိန်းကျောင်းရန် ဖြစ်သည်။ အစိုးရက မီဒီယာတာဝန်ကိုယူကာ သတင်းထုတ်ပြန်နေမည်ဆိုလျှင် ယင်းသည် ဝါဒဖြန့်ချိမှုသာ ဖြစ်ပြီး၊ နိုင်ငံပိုင်မီဒီယာက အစိုးရ၏ မှားယွင်းသောလုပ်ဆောင်ချက်များကို ထောက်ပြဝေဖန်ထိန်းကျောင်းရန် မည်သို့မျှမဖြစ်နိုင်။

၂။ အယ်ဒီတာလွတ်လပ်ခွင့် (Editorial Independence) နှင့် သတင်းသမားလွတ်လပ်ခွင့်သည် ထုတ်ဝေသူ အပါအဝင် ငွေကြေးထောက်ပံ့သူအလှူရှင်များ၏ သြဇာလွှမ်းမိုးမှုရှိနေကြောင်း နှင့် ထိုသြဇာမှ လွန်ဆန်နိုင်မှုရှိ မရှိ ဝန်ကြီးက မေးခွန်းထုတ်ပြောဆိုခဲ့သည်။ စင်စစ် နိုင်ငံပိုင်ဘဏ္ဍာငွေကို အသုံးပြုပြီး တည်ဆဲအစိုးရနှင့် တပ်မတော်၏ သြဇာကို ခံနေသည့် ဝါဒဖြန့်ချိရေးမီဒီယာများ ဆက်လက်တည်ရှိနေခြင်းကိုလည်း စိုးရိမ်ကြောင်း ထည့်သွင်းပြောဆိုမှ မှန်ကန်မည်ဟု ယုံကြည်သည်။

၃။ သတင်းသမားများသည် နိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေးစိတ်ရှိရန် ပြောကြားချက်သည် သတင်းသမားများလိုက်နာရသော ကျင့်ဝတ်နှင့် သတင်းလွတ်လပ်ခွင့်အား များစွာအဟန့်အတား ဖြစ်စေပါသည်။ စာနယ်ဇင်းပညာသည် ကမ္ဘာလုံးဆိုင်ရာဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံတည်း၏ အရေးကိစ္စမဟုတ်ပေ။

၄။ မြန်မာနိုင်ငံမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းများ ကျဆင်းလာကြောင်း အစီရင်ခံစာများ ရေးသားထုတ်ပြန်ခဲ့သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများသည် ဘက်လိုက်ခဲ့ကြောင်းနှင့် အမှတ်ပေးပုံ ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝန်ကြီး၏ပြောဆိုမှုသည် အစီရင်ခံစာများပါ သုသေသနနည်းပညာနှင့် အဓိက ရှာဖွေတွေ့ရှိချက်များအပေါ် ရှင်းလင်းချက်များအား မျက်ကွယ်ပြုပြောဆိုနေခြင်းသာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ မီဒီယာ လွတ်လပ်ခွင့်အဆင့်အတန်းအား တညီတညွတ်တည်း မီးမောင်းထိုးပြနေမှုအပေါ် ယင်းအရှိတရားကို လက်ခံမှသာ လွတ်လပ်ခွင့်ကျဆင်းစေသည့် ပြဿနာရပ်များကို အတူလက်တွဲရှာဖွေနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး၏ အထက်ပါ ပြောဆိုချက်များသည် သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသောကြောင့် အောက်ပါမီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

Article 19
မြန်မာမီဒီယာဖွံ့ဖြိုးရေးစင်တာ (Center for Myanmar Media Development)
ချင်းမီဒီယာကွန်ရက် (Chin Media Network)
လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar)
တောင်ကြီးဂျာနယ်လစ်အသင်း (Taunggyi Journalist Association)
မြန်မာဂျာနယ်လစ်ကွန်ရက် (Myanmar Journalist Network)
မြေလတ်ဂျာနယ်လစ်ကွန်ရက် (Myae Latt Journalist Network)
မြန်မာဂျာနယ်လစ်ကွန်ရက် – ဧရာဝတီ (Myanmar Journalist Network – Ayarwaddy)
မြန်မာဂျာနယ်လစ်ကွန်ရက် – မုံရွာ (Myanmar Journalist Network – Monywa)
မြန်မာအမျိုးသမီးဂျာနယ်လစ်အသင်း (Myanmar Women Journalist Society)
မြန်မာမီဒီယာရှေ့နေများကွန်ရက် (Myanmar Media Lawyer Network)
မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ (Protection Committee for Myanmar Journalists)
ပဲန် မြန်မာ (Pen Myanmar)
ပြည်ကြီးခင် (Pyi Gyi Khin)
မြန်မာနိုင်ငံတောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (Southern Myanmar Journalist Network)
လားရှိုးသတင်းသမားများအဖွဲ့ (Lashio Reporters Group)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts