Local News political news

ဦးခင်ညွန့်ကို စာပေညာရှင်အဖြစ် ကန်တော့မှု သမိုင်းမှန်ဖျောက်ဖျက်ခြင်းနှင့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်သူကို ကန်တော့မှု ဖြစ်၍ ရှုတ်ချဟု MPC ဒုဥက္ကဋ္ဌ ၂ စာရေးဆရာထက်မြက်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့်ကို ကန်တော့ခံစာရေးဆရာအဖြစ် မြန်မာနိုင်ငံစာရေးဆရာအသင်းက ထည့်သွင်းမှုသည် သမိုင်းမှန်ကို ဖျောက်ဖျက်သော လုပ်ရပ်၊ ပြည်သူကို ဖိနှိပ်သတ်ဖြတ်သူကို ကန်တော့မှုဖြစ်၍ ရှုတ်ချကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ဒုတိယဥက္ကဋ္ဌ ၂ စာရေးဆရာ ထက်မြက်ပြောဆိုသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြီး ယင်းအခမ်းအနားတွင် ဦးခင်ညွှန့်ကို ကန်တော့ခံ သက်ကြီးစာပေပညာရှင်အဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ်ကာ ယင်းသို့ ထည့်သွင်းခဲ့သည့်အတွက် စာရေးဆရာတချို့ အခမ်းအနားမတက်တော့ဘဲ ထပြန်သွားမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“စာရေးဆရာအသင်းဆိုတာ မနုဿကျော်ဝင်းတို့ အဖွဲ့။ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကို စာရေးဆရာကန်တော့ခံပွဲမှာ ထည့်မှာပေါ့ သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးပဲ။ စာရေးဆရာဆိုတာက ကိုယ့်အတ္တုပ္ဗတိလေး တစ်အုပ်လောက်ကို သူများရေးခိုင်းပြီး စာအုပ်ထုတ်တာနဲ့ စာရေးဆရာဖြစ်တာမှမဟုတ်ဘဲ ။ စာရေးဆရာဆိုတာက သူ့အနေနဲ့ သုတ ရသ စုံလင်တာတွေ ရေးနိုင်ဖို့လိုတယ်။ ကိုယ်ပိုင်ဖန်းတီးမှုလိုတယ်။ ကိုယ့်အကြောင်းကိုယ်ရေးပြီး စာရေးဆရာလို့ သတ်မှတ်ပြီး ကန်တော့တာက အဓိပ္ဗာယ်သိပ်မရှိလှဘူး” ဟု စာရေးဆရာထက်မြက်က ပြောသည်။

ဦးခင်ညွှန့်သည် စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် တိုင်းပြည်နှင့်ပြည်သူအပေါ် ဖိနှိပ်ခဲ့သည့်အပြင် စစ်ထောက်လှမ်းရေးနှင့် စစ်အာဏာရှင်စနစ်က ပေးခဲ့သော ဒဏ်ရာ အနာရွတ်များမှာ ပြည်သူလူထု ယခုအချိန်အထိ ခံစားနေရဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကန်တော့ခံ စာရေးဆရာအဖြစ် ဦးခင်ညွှန့်ကို ထည့်သွင်းထားခြင်းသည် သမိုင်းကို ဖျောက်ဖျက်သော လုပ်ရပ်၊ ပြည်သူကို ဖိနှိပ်သတ်ဖြတ်သူကို ကန်တော့သည့် လုပ်ရပ်ဟု ဆိုသည်။

” ဗိုလ်ခင်ညွှန့်လိုလူမျိုးက ပြည်သူကို ဖိနှိပ်လာတယ်။ သတ်ဖြတ်လာတယ်။ ဒုက္ခပေးလာတဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲပဲ။ စစ်ထောက်လှမ်းရေးအကြီးအကဲ တစ်ဦးက စာရေးဆရာတွေရဲ့ အကန်တော့ခံ ဖြစ်ရတယ်ဆိုရင်တော့ အဲဒီစာရေးဆရာ တွေက ကိုယ့်သမိုင်းကိုယ် မေ့နေတာဖြစ်သလို ကိုယ့်မှာ ရှိခဲ့တဲ့ အနာတွေကို ပြန်ပြီး သတိမရတဲ့သူတွေ ဖြစ်လိမ့်မယ်။ အဲဒါကတော့ စာပေလောကရော မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ အဲဒီ သမိုင်းကိုလည်း ဖျောက်ပစ်တာပဲ။ ဒီလို လူတွေကို အကန်တော့ခံထဲ ထည့်တာကလည်း တော်တော်အဓိပ္ဗာယ်မရှိတဲ့ လူတွေပဲ။ အဲဒီတော့ အဲဒါမျိုးကိုတော့ ရှုတ်ချတယ်။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကြောင့် အနာရွတ်တွေက အခုထက်ထိ ဒုက္ခရောက်နေတဲ့ အခြေအနေလေ။ အနာရွတ်တွေကို မမေ့တဲ့အခြေအနေ။ ဦးကြည်မောင် ထောင်က ထွက်ခါစမှာ ဦးကြည်မောင် ပြောခဲ့တာ သတိရတယ်။ ဦးကြည်မောင်က ဘာပြောလဲဆိုတော့ ထောင်ထဲမှာ နေရတာ ဘယ်ကောင်းပါ့မလဲ။ ထောင်ထဲမှာ ထောင်ကထွက်ဖို့အတွက် ထောက်လှမ်းရေးက လာပြီး လက်မှတ်ထိုးခိုင်းတာရှိတယ်ဗျတဲ့။ ထောက်လှမ်းရေးက လက်မှတ်ထိုးခိုင်းတော့ ဦးကြည်မောင်က သူဘာပြန်ပြောလဲဆိုတာကို ပြောပြတယ်။ ငါ့အနာရွတ်ကို သဲနဲ့ မပွတ်ကြပါနဲ့ကွာလို့ ပြောလိုက်တယ်။ ငါ့မှာ မင်းတို့ပေးခဲ့တဲ့ အနာရွတ်ကြီးက ကြီးလှပါပြီ။ အဲဒါကို ထပ်ပြီးတော့ နိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ လက်မှတ်ထိုးခိုင်းတဲ့ သဲနဲ့ လာပွတ်တာမျိုးတော့ မလုပ်ကြပါနဲ့တော့လို့ ပြောခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့ အနာရွတ်က ပြည်သူတွေကြားထဲမှာ လက်ရှိ ခံစားနေရတုန်းပဲ။ ခံစားနေရတာကို သဲနဲ့ထပ်ပွတ်တဲ့သူတွေက သမိုင်းမှာ တရားခံ အဖြစ် သူတို့ကိုယ် သူတို့ သတ်မှတ်သလိုဖြစ်နေမယ်လို့ ပြောချင်တယ်” ဟု စာရေးဆရာထက်မြက်က ပြောသည်။

ဦးခင်ညွှန့်သည် ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး၊ ဝန်ကြီးချုပ် ရာထူးမှ အနားပေးခံရပြီး ထောင်ဒဏ်ချမှတ်ခံရကာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

Photo Credit – WSJ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts