All News interview

“ဥပဒေတစ်ခုဆိုတာ ဥပဒေပေါ်လာရင် စစ်တပ်ပဲ ဖြစ်ဖြစ် ၊ သမ္မတပဲ ဖြစ်ဖြစ် အကုန်လုံး က ဒါကတော့ လိုက်နာရမှာပေါ့”

ကျောက်မျက်ဥပဒေသစ်နဲ့ စစ်တပ်၊ ခရိုနီ ကုမ္ဗဏီတွေ ကျောက်တူးဖော်ရေး အလားအလာ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ဖားကန့်မြို့နယ်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းနှင့်ဆက်သွယ်မေးမြန်းချက်

ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလိုက်ပြီး မကြာမီ အသက်ဝင်လာတော့မည် မြန်မာ့ကျောက်မျက်ရတနာဥပဒေသည် အစိုးရ အပါအဝင် အကြီးစားကျောက်မျက်တူးဖေါ်မှုလုပ်ငန်းများကို ပိတ်ပင်တားမြစ်နိုင်တော့မည်ဖြစ်သည်။ အဆိုပါဥပဒေသစ်သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံ တိုင်းရင်းသားများ ကျောက်မျက်တူးဖော်ခွင့် ပိုမိုရရှိရေး ရည်ရွယ်ထားရာ အဆိုပါဥပဒေသစ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဒါရှီလဆိုင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျောက်မျက်တူးဖော်ရေးဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သက်ရောက်မှုက ဘာတွေဖြစ်လာမလဲ။

ဖြေ ။ ။ သက်ရောက်မှုတွေက အဓိကကတော့ ကျနော်တို့က ဥပဒေက ပြုထားတာတော့ မှန်တာပေါ့ ။အဓိက က ဒီဥပဒေတွေကို ကြပ်မတ်ကွပ်ကဲတဲ့ သူတွေအပေါ် မှီတည်တယ်။ အခု ဥပဒေတွေ ပြုလိုက်တာက အကြီးစားဖျက်သိမ်းလိုက်တဲ့ ဆိုတော့ တအားတော့ ကောင်းတာပေါ့။ ဘာကောင်းတာလဲဆိုတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပိုင်းဆိုင်ရာတွေက အကြီးစားတွေ ပါနေတဲ့အချိန် အရှိန်အဟုန်နဲ့ ပျက်စီးမှုက မြန်ဆန်တာပေါ့ ။ အထိန်းအကွပ်မရှိသလို ဖြစ်နေတာပေါ့။ သို့သော် အလတ်စား ပဲ ပါတယ်ဆိုတော့ သတ်မှတ်ထားတဲ့ ဧကတွေက လျော့ချသွားတဲ့အချိန် ၊ ဒါဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပိုင်းဆိုင်ရာတွေက လျော့နည်းလာမယ်။ နောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ပိုပြီးတော့ တွင်ကျယ်စွာ လုပ်ကိုင်လာနိုင်မယ်။ သို့သော် ဥပဒေသစ်ကို ပြုထားပေမယ့်လည်း အမှန်တကယ် မြေပြင်မှာပေါ့ ဒီသတ်မှတ်ထားတဲ့အတိုင်း ၊ မဟုတ်ရင်တော့ ဒါဟာ မကောင်းဘူး ။ကျနော်အနေနဲ့ ဒီလို မျိုး လုပ်လိုက်တာက ကောင်းပါတယ်။

မေး။ ။ လက်ရှိ ကြားထားရတာက ဒီဥပဒေသစ်ကြောင့် အကြီးစားတူးဖော်တာတွေကို ရပ်ဆိုင်းတဲ့သဘော လို့ ပြောနေတယ် ဟုတ်လား။

ဖြေ ။ ။ အဓိက က သူက အလတ်စားပဲ လုပ်တယ်ဆိုတော့ အကြီးစား တူးဖော်ခြင်းက ရပ်ဆိုင်ဖို့က ဥပဒေနဲ့ ပြဌာန်းလိုက် တဲ့ အဓိပ္ပာယ်သက်ရောက်တာပေါ့ ။

မေး။ ။ ဥပဒေသစ်က တစ်ပိုင်တစ်နိုင်လုပ်ခွင့်ရမယ့် ပြည်သူတွေအပေါ်မှာ ရော ဘယ်လို သက်ရောက်မလဲ။

ဖြေ ။ ။ အဓိက က သူက တစ်ပိုင်တစ်နိုင်အတွက် ပိုပြီးတော့ အခွင့်အရေးရလာမှာပေါ့ ။ အကြီးစားလုပ်ကွက်တွေကို ဖျက်သိမ်းလိုက်ပြီးဆိုတော့ ဒီတစ်ပိုင်တစ်နိုင်တွေ လုပ်ကွက်တွေ ၊ လုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်မှု ရှိလာမယ်။ သို့သော်လည်း ဒီတစ်ပိုင်တစ်နိုင်တွေကိုလည်း သူတို့အနေနဲ့လည်း ချထားပေးဖို့ လိုတာပေါ့။ လက်တွေ့မှာ ။ သူတို့အတွက်ကောင်းသွားမှာပါ ။

မေး ။ ဥပဒေသစ်နဲ့ အရင် ချထားပေးတဲ့ တူးဖော်ရေးလိုင်စင်တွေက ဘာဆက်ဖြစ်မလဲ။

ဖြေ ။ ။ အရင်ချထားပေးတဲ့ တူးဖော်ရေးလုပ်ကွက်တွေက ဥပဒေတွေက ပြဌာန်းလိုက်ပြီးဆိုတော့ သူတို့က ဒီလိုရှိတယ်။ ဥပဒေဆိုတာက ဥပဒေ အသစ် ဖြစ်ပေါ်လာရင် မူလက ရှိတဲ့ ဥပဒေက ပျက်ပြယ်ပြီး ဖြစ်တဲ့အတွက် မူလကဆောင်ရွက်ထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာက ၊ သူတို့ ပြဌာန်းလိုက်ပြီ မှာ ဒီဥပဒေက နည်းဥပဒေတွေ ပြန်ပေါ်လာဦးမယ်လေ။ နည်းဥပဒေတွေ ပြန်ပေါ်လာပြီးဆိုရင် မူလက ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေ ပျက်ပြယ်တဲ့အနေအထား သက်ရောက်သွားမှာပါ။ ဒါက ကျနော်တို့ လေ့လာထား ၊ တွေ့ရှိထားတဲ့အချက် ကို ပြောပြတာပါ ။

မေး။ ။ ဒီဥပဒေသစ်က နောင်လာနောက်သားတွေအတွက် သယံဇာတ ချန်ရစ်တာလို့ ပြောတယ်။ ဟုတ်လား။

ဖြေ။ ။ ဒါကတော့ ခုနဲ့က ကျနော်ပြောသလို အမှန်တကယ် လက်တွေ့မှာ ဖော်ဆောင်တဲ့သူတွေအပေါ် မူတည်တာပေါ့ ။ နောင်လာနောက်သားတွေ အတွက် ဟုတ် ၊ မဟုတ်ဆိုတာကတော့ ဒါက ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ အဲဒီလိုမျိုး လုပ်လောက်တာ ။ အဲဒီလိုအကြီးစားတွေဖျက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုပိုင်းဆိုင်ရာတွေက လျော့နည်းလာမယ်။ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းသူ အတွက်လည်း ဒါဟာပိုပြီးတော့ အားကောင်း လာမှာပေါ့။ အကယ်လို့ မြေပြင်မှာ စာမှာ ပါထားတဲ့အတိုင် မဖြစ်လာမှာဘဲ ကျနော်တို့က စိုးရိမ်နေတယ်။

မေး။ ။ တရားမဝင် တူးဖော်တာတွေကိုရော ဘယ်လိုတားဆီးမလဲ။

ဖြေ။ ။ တရားမဝင် တူးဖော်တာတွေကို တားဆီးဖို့က ကျနော်တို့အနေနဲ့ တရားမဝင်တူးဖော်နေတာကိုး တရားဝင်ဖြစ်ပေါ်လာအောင် ဒီဥပဒေတွေ ဒီလို့ပြဌာန်းပေးထားပြီ ၊ အခုလို့ ပြဌာန်းပေးထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေဘောင်ထဲမှာ လုပ်ကိုင်ဖို့အတွက် ကမ်းလှမ်းဖိတ်ခေါ်ရမယ်။ အဲ့လို့ ဖိတ်ခေါ်လိုက်မယ်ဆိုရင် တရားမဝင် ( ဘယ်သူမဆို တရားမဝင် မလုပ်ချင်ဘူး) တရားဝင် ချထားပေးခြင်း မရှိ တဲ့အတွက်ကြောင့် လူတွေက နီးစပ်ရာ နီးစပ်ရာ ဒီလိုမျိုး ဆောင်ရွက်နေကြတာ ။ အဲလိုမျိုး အစိုးရက ပွင့်လင်းမြင်သာစွာနဲ့ အားလုံးကို လုပ်ပိုင်ခွင့် ရရှိဖို့ ဖိတ်ခေါ် သွားမယ်ဆိုရင် လူတိုင်းက တရားဝင်လမ်းကြောင်းပေါ်မှာ လျှောက်ပြီးတော့ ဆောင်ရွက်ကြမှာပဲ။ အဲဒီလိုမျိုး ဆောင်ရွက်ပေးမှုဆိုင်ရာ မရှိတဲ့အနေအထားကြောင့် မို့ တချို့က အခုလို့တရားမဝင် တူးဖော်နေတယ်လို့ မြင်မိတယ်။

မေး ။ ကျောက်အောင်ရင် ချမ်းသာမယ်ဆိုတဲ့ ခေတ် ကုန်သွားပြီလို့ ပြောလို့ရလား။

ဖြေ။ ။ ကျောက်ကတော့ သူကတော့ ကံတရားပေါ့။ ဥပဒေကို ပြုထားပေးလိုက်တယ်ဆိုရင် ဒီဥပဒေလမ်းကြောင်းပေါ်မှာ အားလုံး က လိုက်နာမယ်ဆိုရင် သဘောတရားက ဒီကျောက် တွေက လုပ်ကိုင်တဲ့နေရာမှာ တရားဝင် လမ်းကြောင်းပေါ်မှာ အားလုံး လုပ်ကိုင်လာနိုင်မယ်။ ပြီးတော့ နိုင်ငံတော်မှာလည်း တရားဝင် အခွန်တွေ ဆောင်ခွင့်ရလာမယ် အချိန်ကျရင် ဒီကျောက် အောင်ရင် လော့ပန်ဖြစ်မယ်ဆိုရင် အောင်ရင်တော့ ဖြစ်မှာပဲ ။ ကျောက်ဈေးက သူအောင်ရင် သူရဲ့တန်ရာတန်ကြေး ၊ အောင်တဲ့သူက သူဌေး ဖြစ်ရင်း ဖြစ်နေမှာပဲ။ သို့သော် ခုနက ပြောသလို ဒီဥပဒေကြောင့် ကျောက်အောင်ရင် လော့ပန် ဖြစ်နိုင်သလား ဆိုတာတော့ ကျနော်တို့ အမြင်က အောင်ရင် လော့ပန်ဖြစ်မှာပဲ ။ဒါပေမဲ့ ဒီဥပဒေကြောင့် တော့ မဟုတ်ဘူး။ ဒီဥပဒေကြောင့် ပိုပြီး ကျောက်အောင်သွားရင် ဒီလူဟာ တရားဝင်လမ်းကြောင်းမှာ ပိုပြီးတော့ ရပ်တည်နိုင်တဲ့အနေအထား မျိုးတွေ ၊ ပိုပြီးတော့ သူတို့အနေနဲ့ ခေါင်းပြားအောင် ဦးသွားတဲ့ ခေတ်ကို ပြန်ဖော်ဆောင်နိုင်တဲ့အနေအထားမျိုး ရောက်လာမယ်လေ။

မေး။ စစ်တပ်ပိုင် ကုမ္ဗဏီတွေနဲ့ စစ်တပ်နဲ့ ပူးတွဲ လုပ်နေတဲ့ ကုမ္မဏီတွေ၊ ခရိုနီ ကုမ္မဏီတွေ ဥပဒေသစ်ကို လိုက်နာကြပါ့မလား။ မလိုက်နာရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ကျနော်တို့က ဥပဒေတစ်ခုဆိုတာ ဥပဒေပေါ်လာရင် စစ်တပ်ပဲ ဖြစ်ဖြစ် ၊ သမ္မတပဲ ဖြစ်ဖြစ် အကုန်လုံး က ဒါကတော့ လိုက်နာရမှာပေါ့ ။ လိုက်နာရမယ်ထက် လိုက်နာနိုင်အောင် ကျနော်တို့က အကုန်လုံးအပေါ်မှာ ဆွေးနွေးချပြသွားရမယ်။ အဲ့တော့ သဘောတရားက မလိုက်နာတဲ့သူကျတော့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ၊ မလိုက်နာတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းအရ ကျနော်တို့က ဘယ်လို့ဘယ်ပုံဆောင်ရွက်မယ်ဆိုတာ သူဥပဒေမှ ပြဌာန်းပြီးသား ဖြစ်တဲ့အတွက် ၊ ဒါကို သူတို့ကတော့ မလိုက်နာဖို့ မရှိလောက်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်အပေါ် ၊ တစိုက်စိုက်မတ်မတ် လျှေက်နေတဲ့ အချိန်ကျတော့ ဒီလိုမျိုး ဥပဒေတွေက မပေါ်လာသေးတဲ့အချိန်၊ သူတို့ကြားကာလ ဖြစ်တဲအတွက် အများအမြင်မှာ ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူတို့အနေနဲ့ ဥပဒေပေါ်လာရင် ဒီဥပဒေမှာတော့ နိုင်ငံသားအားလုံး မည်သူမဆို ( ဥပဒေအကြောင်းအရာမှ ရေးထားတာက ) မည်သူမဆို ရေးထားတယ် အတွက်ကြောင့်မို့ ကျနော်တို့ကတော့ လိုက်နာကြမယ်လို့ထင်တယ်။ လိုက်နာနိုင်အောင် လက်တွေ့ အကောင်အထည်ဖော်တဲ့သူတွေက ကြိုးစားပြီးမှာ ဖော်ဆောင်သွားရမှာဖြစ်တယ်။

မေး။ ဥပဒေသစ်ကြောင့် ဖားကန့်လိုနေရာမျိုး တိုက်ပွဲတွေ ဘာတွေတော့ ထပ်မဖြစ်နိုင်ပါဘူးနော်။

ဖြေ ။ ။ ဒီဥပဒေကြောင့် တော့ တိုက်ပွဲ နဲ့ မဆိုင်ဘူးလို့ ကျနော် အဲ့လိုမြင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက က ဒီလို ဥပဒေပြုတာက နိုင်ငံတစ်နိုင်ငံဆိုတာ ဒီနိုင်ငံမှာ လိုအပ်နေတဲ့ ဥပဒေ က ရှိရမှာပဲလေ။ ဒီဥပဒေကြောင့် တိုက်ပွဲဖြစ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဒီဥပဒေကြောင့် တိုက်ပွဲတော့ ဖြစ်လာစရာအကြောင်းမရှိဘူး ။ သို့သော် ဒီတိုက်ပွဲဆိုတာကလည်း လက်ရှိအချိန်ကာလမှာ သူတို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ပိုင်းဆိုင်ရာ နည်းအမှန်နဲ့ ဘဲ အနှေးအမြန်နဲ့ဘဲ မူတည်တယ်။ ဆိုတော့ အဲဒီအပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ ဖိတ်ခေါ်တဲ့နေရာမှာ ၊ မူတည်မယ်ထင်တယ်။ ဒီဥပဒေနဲ့တော့ မဆိုင်ဘူးလို့တော့ ထင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts