All News interview

“အဲဒီပိုက်ဆံ(တွင်းထွက်တူးဖော်ရသည့်ငွေ) တွေသာ တကယ်ရှိမယ်ဆိုရင် တိုင်းပြည်မှာ တင်နေတဲ့ အကြွေးတွေ (ဒေါ်လာ ၁၂ ဘီလီယံ) ကို ဆပ်နိုင်တယ်ပေါ့နော်။ သယံဇာတအပေါ်မှာ (အကျင့်ပျက်ခြစားမှု) အကြီးကြီးဖြစ်နေတယ်”

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

မြန်မာနိုင်ငံတွင်းထွက် သယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (MEITI) ညွန့်ပေါင်းအဖွဲ့ မှ ဒေါ်မိုးမိုးထွန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၂

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝသော်လည်း လက်ရှိအခြေအနေတွင် ပြည်သူများမှာ ဆင်းရဲမွဲတေလျက်ရှိသည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း စစ်အစိုးရသည် တိုင်းပြည်၏ သယံဇာတများကို ၎င်းတို့နှင့် အဆင်ပြေသူ စီးပွားရေးသမားနှင့် ပူးပေါင်း၍ ဥပဒေမဲ့ထုတ်ယူသုံးစွဲခဲ့ပြီး လက်ရှိအချိန်အထိလည်း သယံဇာတတူးဖော်မှုများကို ချုပ်ကိုင်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (MEITI) ညွန့်ပေါင်းအဖွဲ့မှ ဒေါ်မိုးမို;ထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အဲဒါဆိုလို့ရှိရင် ကျနော်တို့က အခု တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့ဘဝကလည်း တိုးတက်မလာဘူး၊ တိုင်းပြည်ကလည်း တကယ့်ကိုပိုက်ဆံတွေထွက်၊ နှစ်ပေါင်း ၂၀ လောက်လည်း တူးကြဖော်ကြနဲ့ သူတို့ အမြတ်တွေလည်းထုတ်ကြတယ်ဆိုတော့။ ဒါကိုပြန်ကြည့်လို့ရှိရင် တိုင်းပြည်ရဲ့ ပိုက်ဆံတွေက လူတစ်စုက ခိုးပြီးတော့၊ လုပြီးတော့ အတင်းအဓမ္မယူသွားတဲ့သဘောပေါ့။

ဖြေ ။ ။ အတင်းအဓမ္မယူသွားတာပေါ့။ ကျမ အဲ့ဒါကြောင့် အမြဲတမ်းပြောတယ်။ တကယ်တော့ မူလပိုင်ရှင်သည် နိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စားပွဲပေါ်မှာဆိုရင် ကျမတို့ အရပ်ဘက်အဖွဲ့အစည်းက EITI အဖွဲ့အစည်းက တွန်းအားအနေနဲ့ ပါခဲ့တယ်ပေါ့။ စားပွဲပေါ်မှာ ကျမတို့ အမြဲတမ်းပြောတယ်။ ပွင့်လင်းမြင်သာဖို့ပြောပြီဆိုလို့ရှိရင် အစိုးရရဲ့ ခေတ်အဆက်ဆက်မှားယွင်းတာ ဘာလို့လဲဆိုတော့ ဒီစာရင်းဇယားတွေက မှားနေတာ ဖြစ်တဲ့အတွက် ဒါတွေအပြင်မထုတ်ရဘူးဆိုတာ သူတို့ရဲ့ဝန်ကြီးဌာနမှာ အရာရာတိုင်းသည် လျှို့ဝှက်ချက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဖြစ်နေတာဖြစ်တဲ့အတွက် ဒါလည်းပေး၊ ဟိုဟာလည်းပေး ကျမတို့က တောင်းတဲ့အခါမှာ စာရင်းဇယားတွေကို တောင်းတဲ့အခါမှာ သူတို့အတွက် ပေးဖို့အတွက် တော်တော်ကိုတွန့်ဆုတ် တယ်။

မေး ။ ။ အဲဒီတော့ အခု တင်မြှောက်ထားတဲ့အစိုးရ လူထုက ရွေးကောက်တင်မြှောက်ထား တဲ့အစိုးရ၊ ဝန်ကြီးတွေကလည်း အမတ်တွေကနေလာတဲ့ ဝန်ကြီးတွေ၊ သူတို့ကိုယ်တိုင်လည်း ဒီ Account တွေကို အပြင်ကိုထုတ်မပေးချင်ဘူးလား။

ဖြေ ။ ။ သူတို့ထုတ်မပေးချင်ဘူးလားဆိုတာ ကျမတို့အရပ်ဘက်အဖွဲ့အစည်းရဲ့ အတွေး ပေါ့နော်။ ဘာတွေမှာ ပြဿနာရှိနေနိုင်လဲပေါ့။ အဲဒီပြဿနာတွေကိုတော့ ကျမတို့ မသိနိုင်ဘူးပေါ့။ အဲဒီပြဿနာတွေ ဘယ်လောက်ထိကြီးနေလဲဆိုတာ ဝန်ကြီးကိုယ်တိုင်ပဲ သိလိမ့်မယ်ထင်တယ်။

မေး ။ ။ ဝန်ကြီးတွေကရော အဲဒီလိုမျိုး သယံဇာတတူးဖော်တဲ့ပိုက်ဆံတွေအကုန်လုံး ရှိနေတယ်၊ Account တွေရှိနေတယ်ဆိုတာရော သိလား၊ ယန္တရားက ဖုံးကွယ်ထားတာရော ဖြစ်နိုင်လား။

ဖြေ ။ ။ ယန္တရားက ဖုံးကွယ်ထားတာဖြစ်နိုင်တယ်။ တချို့ဝန်ကြီးတွေဆိုလို့ရှိရင် ဟင် ဒါကြီးရှိနေတာလား ကျမတို့ ဒီကနေ EITI အစီရင်ခံစာကနေ ကျမတို့ ဥပမာအားဖြင့် Other Account ပေါ့၊ အခြားငွေစာရင်းခေါင်းစဉ်ဟာမျိုးပြောလို့ရှိရင် ဟာ ကျနော် ခုမှသိတယ် ဆိုတဲ့ဟာမျိုး သူတို့မှာရှိတယ်။ အဲဒီတော့ ယန္တရားကနေ ဖုံးကွယ်ထား တာမျိုးတွေလည်းရှိတယ်။

မေး ။ ။ အဲဒီတော့ ယန္တရားကလိမ်တာ သူတို့ခံနေရတာပေါ့။

ဖြေ ။ ။ ယန္တရားကလိမ်တာခံရတာတော့ လက်ရှိအစိုးရလက်ထက်မှာ သေချာပေါက်ပဲ။ ကျမတို့က ဘာလို့ဆိုရင် တောက်လျှောက်ကို ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက် အဲဒီယန္တရားကို ဘယ်လိုကျော်မလဲဆိုတာ သူတို့မှာ စဉ်းစားထားချက်တော့ မရှိဘူး။

မေး ။ ။ အရင်တုန်းကတစ်ခေါက် ကျနော်တို့ ပြဿနာတွေ တော်တော်တက် လိုက်သေးတယ်နော်၊ လွှတ်တော်ထဲမှာလည်း။ Other Account မှာ ဒေါ်လာ ၁၁ ဘီလီယံလောက်ရှိတယ်ပေါ့။ အဲဒီဟာကရော အဲဒါတွေနဲ့ ဆက်စပ်လား။

ဖြေ ။ ။ ကျမတို့တွေးတာကတော့ အဲဒါတွေနဲ့ဆက်စပ်မယ်ပေါ့။ အဲဒီတော့ ကျမတို့ အခြားငွေစာရင်းခေါင်းစဉ်ကိုလည်း ၂၀၁၃-၂၀၁၄ ရဲ့ အစီရင်ခံစာမှာလည်း ကျမတို့ပါတယ်။ ဟိုပေါ့ အကြံပြုတိုက်တွန်းချက်။ ဒီ EITI ရဲ့ အားသာချက်က ဘာလဲဆိုတော့ အကြံပြုတိုက်တွန်းချက် တွေကို ကျမတို့ လိုက်လံဆောင်ရွက်ပေးရတဲ့ နှစ်ကာလအပိုင်း အခြားနဲ့ပေါ့။ ဘယ်အချိန်မှာ ဘယ်လောက်အထိပြည့်အောင် ဆောင်ရွက်ပေးမယ်ဆိုတာ လိုက်လံဆောင်ရွက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာက ဒီနေ့အချိန်အထိ အခြားငွေစာရင်းခေါင်းစဉ်တွေကို ပြည်သူလူထုကို ထုတ်ဖော်ပြသင့်တယ်ဆိုတဲ့ အကြံပြုတိုက်တွန်းချက်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ဒီနေ့အချိန်ထိ မဆောင်ရွက်နိုင်သေးဘူး။ ကျမတို့ သယံဇာတကရတဲ့ဝင်ငွေတွေ အားလုံးရဲ့ ၅၅ ရာခိုင်နှုန်းသည် အခြားငွေစာရင်းခေါင်းစဉ်ထဲ ဝင်သွားတာဖြစ်တယ်။

ကျမတို့ ပြန်စဉ်းစားလိုက်တာ အခြားငွေစာရင်းခေါင်းစဉ်နဲ့ ၂၀၁၂ မတ်လအထိ ကျမတို့ လဲခဲ့တဲ့ ၅ ကျပ်နဲ့ ၆ ကျပ်ကြားဟာရယ်၊ အခု ၂၀၁၂ ဧပြီမှစတဲ့ အမိန့်ကြေညာချက်နဲ့ထားတဲ့ အခြားငွေစာရင်းခေါင်းစဉ်က အတူတူပဲလားပေါ့။ ဟို ဘယ်လိုပုံစံမျိုးနဲ့ သုံးစွဲဖို့ ဒါတွေကို ဘယ်လိုထားလဲဆိုတာ ကျမတို့က မေးတယ်။

မေး ။ ။ ခုနပြောတဲ့အထဲမှာ Other Account ဆိုတာ ပါတယ်ပေါ့။ အဲဒီတော့ တိုင်းပြည်မှာ ဝန်ကြီးတွေကိုယ်တိုင်မသိတဲ့၊ ပြည်သူတွေကိုယ်တိုင်မသိတဲ့၊ ဗိုလ်ချုပ်ကြီးတွေ ခိုးပြီး ဝှက်ပြီး ဖွင့်ထားတဲ့ Account မျိုးတွေ ဘယ်လောက်လောက်အထိ ရှိနိုင်လဲ။ အဲဒီ Account တွေကရော ခုချိန်ထိ သူတို့ဆီကို ပိုက်ဆံတွေ သွားနေတုန်းပဲလား။ ဘယ်လိုအခြေအနေမျိုးရှိလဲ။ ကြည့်ရတာ အကုန်လုံးကို ကျနော်တို့ သိနိုင်မလား။

ဖြေ ။ ။ ကျမတို့ အဲဒီလိုတော့ မသိနိုင်ဘူး။ Other Accont ဆိုတာကတော့ ကျမတို့ တကယ်တော့ ဝန်ကြီးဌာနတွေမှာလည်း ရှိတယ်ပေါ့နော်။ ဥပမာအားဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေမှာလည်း ရှိတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေတိုင်းမှာ အခြားငွေစာရင်း ခေါင်းစဉ်ဆိုတာ ရှိတယ်။ အဲဒါတွေအားလုံးကလည်း Union Fund Account လို့ပြောတဲ့ စာရင်းရှင်ဖွင့်ထားတဲ့ အဲဒီ Account အောက်မှာပဲရှိတယ်။ အဲဒီ Account မှာပဲ သူတို့က လိုလို့ရှိရင် ငွေလုံးငွေရင်းဟာအတွက်ဆိုပြီးတော့ သူတို့ကပေးသုံးလိုက်တယ်ဆိုပြီးတော့။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲတာကတော့ မရှင်းလင်းဘူး။

ရည်ရွယ်ချက်ကကျတော့ ကျမတို့က ရင်းနှီးမတည်ငွေအနေနဲ့ ၅၅ ရာခိုင်နှုန်းကို သိမ်းထားတယ်ဆိုပြီးတော့ ရည်ရွယ်ချက်ထဲမှာရှင်းထားတယ်။ ဒါပေမယ့် အခြားငွေစာရင်းခေါင်းစဉ်ထားတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲတာနဲ့က လားလားမှမဆိုင်ဘူး။ လားလားမှမဆိုင်တဲ့အခါကျတော့ ဘယ်နေရာတွေမှာ သုံးနေလဲဆိုတဲ့အခါကျတော့ တချို့ကတော့ ပြီးခဲ့တဲ့ လက်ထက်က အခြားငွေစာရင်းခေါင်းစဉ်ဆိုရင် သိပ်မရှိ တော့ဘူး ဆိုတာမျိုး ကျမတို့ ဝန်ထမ်းတွေကပဲ ပြောတဲ့ဟာပေါ့နော်၊ တရားဝင်တော့ ကျမတို့ မသိရဘူးပေါ့။ မရှိဘူးဆိုရင်လည်း ကျမတို့က ရှင်းသင့်တယ်။ ဘာကြောင့်၊ ဘယ်လို သုံးသွားတယ်၊ ဘယ်သူတွေသုံးသွားတယ်၊ ဘယ်လိုပုံစံမျိုးနဲ့သုံးသွားတယ်ဆိုတာမျိုးကို ပြည်သူတွေကို ရှင်းသင့်တယ်။ တချို့လည်း ချေးငွေတွေမှာ လက်လွန်နေတာမျိုးတွေရှိတယ်လို့လည်း ကျမတို့ သိတယ်ပေါ့နော်။ ဒါကလည်း ချေးတဲ့ပုံစံက ဘယ်လိုပုံစံမျိုးနဲ့ချေးခဲ့လဲ၊ အဲဒီမှာကလည်း အခြားငွေစာရင်းခေါင်းစဉ်ဆိုပြီးတော့ သူတို့က အမိန့်ကြေညာချက်နဲ့ သိမ်းထားတယ်၊ အဲဒီ အခြားငွေစာရင်းခေါင်းစဉ်ကို ဘယ်လိုပုံစံနဲ့သုံးပါမယ်ဆိုတဲ့ ဥပဒေလည်းမရှိဘူး။

မေး ။ ။ ဆိုလိုတာက အခြားငွေစာရင်း Account တွေက ခုအချိန်ထိ ဗိုလ်ချုပ်ဟောင်းကြီးတွေ ပိုင်ဆိုင်နေတဲ့ Account တွေ မဖြစ်နိုင်ဘူးလား။ ဘာဖြစ်လို့လဲဆို ကျနော်တို့မှ မသိနိုင်တာကို။

ဖြေ ။ ။ အဲဒီတော့ အခြားငွေစာရင်းခေါင်းစဉ်နဲ့ အဲဒါနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာ ကျမတို့က အပွင့်လင်းဆုံးပြောရရင် ဗဟိုဘဏ်နဲ့ MEB ပဲ သိလိမ့်မယ်ပေါ့။ မြန်မာ့စီးပွားရေးဘဏ်နဲ့ပဲ သိလိမ့်မယ်ပေါ့။

မေး ။ ။ ခန့်မှန်းခြေဆို Account ဘယ်လောက်လောက်ထိ ရှိနိုင်မလဲ။

ဖြေ ။ ။ ခန့်မှန်းခြေ Account ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ မသိဘူး။ ကျမတို့ ခန့်မှန်းတာက ၁၆၀၀ နဲ့ ၂၀၀၀ ကြားရှိမယ်လို့တော့ ခန့်မှန်းတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကြွေးတင်နေတာပေါ့နော်။ အဲဒီ Account တွေထဲမှာ ပိုင်ဆိုင်တဲ့ အရင်တုန်းကဆိုလို့ရှိရင် ၁၁ ဘီလီယံကျော်ရှိတယ်လို့ ပြောတယ်။ အဲဒီ Account တွေထဲက ငွေကြေးတွေက တကယ်အကြွေးဆပ်လိုက်လို့ရှိရင် တိုင်းပြည် အကြွေးကင်းသွားတဲ့အနေအထားမျိုးတောင် ဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့လေ။ ဆိုတော့ တိုင်းပြည်က ဒီ အကြွေးတွေကို ပြန်ဆပ်နိုင်မယ့် အနေအထားရှိတဲ့ Account တွေပေါ့ အဲဒီ Account တွေက……။

ဖြေ ။ ။ အဲဒီပိုက်ဆံတွေသာ တကယ်ရှိမယ်ဆိုရင် တိုင်းပြည်မှာတင်နေတဲ့ အကြွေးတွေကို ဆပ်နိုင်တယ်ပေါ့နော်။ ဆပ်နိုင်တယ်ဆိုပေမယ့် အဲဒီအထဲမှာ တကယ်ငွေရှိလား၊ မရှိဘူးလား ဆိုတာတော့ ရှင်းရမယ့်အပိုင်းက လက်ရှိအစိုးရရဲ့ အပိုင်းပေါ့။

မေး ။ ။ စာရင်းစစ်ချုပ်ရုံးကရော ဒါတွေမသိဘူးလား။ ခုလက်ရှိ NLD အစိုးရနဲ့ စာရင်း စစ်ချုပ်က….။

ဖြေ ။ ။ စာရင်းစစ်ချုပ်ရဲ့ ကျမတို့ နားလည်သလောက်ပေါ့၊ အခု EITI နဲ့ပတ်သက်ပြီးတော့ နားလည်သလောက်က စာရင်းစစ်ချုပ်ရုံးကလည်း ဘာကိုပဲစစ်ရလဲဆိုတော့ အဲဒီ သုံးစွဲတဲ့ အဲဒီ အခြားငွေစာရင်းခေါင်းစဉ်အောက်မှာ သုံးစွဲတဲ့ဟာကို သူတို့ စစ်လားမစစ်လားဆိုတာ ကျမတို့ မသိဘူး။ ဒီ သယံဇာတကနေပြီးတော့ Balance Sheet ပေါ့နော်။ ဒီနှစ် ဘယ်လောက် ဝင်သွားတယ်၊ ဒီ MOGE မှာရှိတဲ့ ဥပမာအားဖြင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာရှိတဲ့ Balance Sheet ကိုပဲ သူတို့ကစစ်တာဖြစ်တယ်။ အဲဒါတွေက ဘယ်လိုပုံစံနဲ့ သုံးနေလဲ၊ ဒီငွေတွေက ဘယ်သူတွေကသုံးနေလဲဆိုတာကို သူတို့စစ်တာမရှိဘူး။

မေး ။ ။ အခုချိန်ထိ ပြောသလောက် ပြန်ခြုံကြည့်တဲ့အခါမှာ အခုချိန်ထိ ခိုးထား ဝှက်ထားတာတွေ ရှိတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီ ဗိုလ်ချုပ်ဟောင်းကြီးတွေက သူတို့ Account တွေထဲမှာ မသိနိုင်တဲ့ Account တွေထဲကနေ ငွေတွေဝင်နေပြီးတော့ ခုချိန်ထိ ခိုးလို့ကောင်းနေတုန်း၊ ဝှက်လို့ကောင်းနေတုန်းဆိုတဲ့ အနေအထားမျိုး ယူဆချက်မျိုး ယူဆလို့ ရလား။

ဖြေ ။ ။ ယူဆလို့ရမလားဆိုရင် တပ်အပ်တော့ မပြောနိုင်ဘူးပေါ့။ ကျမတို့လည်း အဲဒီလိုမျိုး သံသယတော့ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ပြောတဲ့ အခု သယံဇာတက အခု စီမံအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ကျမတို့နိုင်ငံရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကြားထဲမှာ ရှင်းလင်းတဲ့လုပ်ထုံးလုပ်နည်း မရှိသေးဘူး။ ရှင်းလင်းတဲ့လုပ်ထုံးလုပ်နည်း မရှိတာမှ တော်တော်ကိုမရှိတာပေါ့နော်။ သွားမေးရင်တော့ ဝန်ကြီးဌာနတွေမှာ ရှိတယ်ပြောတယ်။

တကယ်တော့ အောက်ခြေမှာ တကယ်တမ်းလုပ်နေတာသည် ရှင်းလင်းတဲ့ဟာမရှိဘူး။ ကျမတို့ ကျောက်မျက်ကဏ္ဍမှာဆိုလို့ရှိရင် ပိုဆိုးတာက ကျောက်မျက် ကဏ္ဍမှာ ဝင်ထားတာသည် ကျမတို့ ဒေါ်လာ ၃၈၇ သန်းလားမသိဘူး ပြထားတယ်ပေါ့နော်။ ဒါပေမယ့် တတ်ကျွမ်းနားလည်တဲ့သူက ဘယ်လိုတွက်လဲဆိုတော့ ဥပမာအားဖြင့် Tax ဆိုတဲ့ဟာ ဆောင်တယ်။

အဲဒီဆောင်တဲ့ဟာနဲ့ တစ်ဧကထွက်နှုန်းနဲ့ ပြန်တွက်လိုက်တဲ့အခါ သူသည် အဲဒီနှစ်ကဝင်ရမယ့်ငွေသည် ဒေါ်လာ ၆ ဘီလီယံလောက်ရှိတယ်လို့ပြောတယ်။ အဲဒီ ၆ ဘီလီယံဆိုရင် ကျမတို့က ကချင်ပြည်နယ်မှာ ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ် ဆိုရင် ၆ ဘီလီယံလောက် ဝင်နိုင်တယ်ပေါ့။ ပညာရှင်တွေက တွက်ပေးတာပေါ့။ အဲဒါဆိုလို့ရှိရင် ကျမတို့ ကချင်ပြည်နယ်မှာ အဲဒီနှစ်ကဆိုလို့ရှိရင် ကျမတို့ ဘယ်လောက်သုံးလိုက်လဲဆိုရင် ၅၄ မီလီယံ ကချင်ပြည်နယ်အတွက် သုံးလိုက်တယ်။ သုံးလိုက်တယ်ဆိုလို့ရှိရင် နှစ်နဲ့ပြန်တွက်တဲ့အခါမှာ ဘယ်နှနှစ်လောက်သုံးရလဲဆိုရင် ကျမတို့ နှစ် ၁၀၀ လောက် ကျမတို့ သုံးနိုင်တယ်ပေါ့။ ဒီ ၅၄ မီလီယံနဲ့သာဆိုရင် ကျမတို့သုံးနိုင်တယ်ပေါ့။

၂၀၁၅-၂၀၁၆ မှာ အဲဒီပညာရှင်တွေ ပြန်တွက်ပေးတာ ကျောက်စိမ်းက ဒေါ်လာ၂၁ ဒသမ ၆ ဘီလီယံရှိတယ်လို့ ပြန်တွက်ပေးတယ်။ ပြန်တွက်ပေးတာဆိုတော့ ဟိုဟာမှာဆိုရင် ၃၈၉ နှစ်လောက် ကချင်ပြည်နယ်ကို ကျမတို့ သုံးစွဲဖို့အတွက် ပေးနိုင်တယ်။

မေး ။ ။ ဆိုလိုတာက ကချင်ပြည်နယ်ကရတဲ့ ကျောက်စိမ်း သယံဇာတတွေနဲ့ ကချင်ပြည်နယ်အတွက် ပြန်သုံးမယ်ဆိုလို့ရှိရင် နှစ်ပေါင်း ၃၀၀ လောက် သုံးလို့ရတယ်ပေါ့။ လောလောဆယ်တော့ အဲဒီကျောက်စိမ်းတွေထွက်သွားပေမယ့် ကချင်ပြည်နယ်က စုတ်ပြတ်သတ်နေတယ်ဆိုပါတော့။

ဖြေ ။ ။ ဟုတ်တယ်၊ စုတ်ပြတ်သတ်နေတယ်။ လူနေမှုဘဝတွေပါ စုတ်ပြတ်သွားတာလေ။ လူတစ်စု လူတန်းစားတစ်ခုပဲ ကောင်းစားသွားတာ။ အခုလည်း ထုတ်လုပ်တဲ့ဟာကလည်း ဝင်တယ်ဆိုလို့ရှိရင် သူတို့ ပြတာကိုပဲ ကျမတို့က ရတာပေါ့လေ။ အောက်လမ်းကနေထွက်သွားတာတွေက အများကြီးပဲ။ အဲဒါမျိုးတွေကပဲ အဆင်မပြေတာ။

မေး ။ ။ တိုင်းပြည်က သူ့ရဲ့ထွက်တဲ့သယံဇာတနဲ့ဆိုလို့ရှိရင် ရှိနေတဲ့လူဦးရေကို ချမ်းချမ်းသာသာ ထားလို့ရနိုင်တယ်လို့ ပြောချင်တာလား။

ဖြေ ။ ။ ချမ်းချမ်းသာသာထားလို့ရနိုင်တယ်။ အခု တခြား မပြောနဲ့ ကျမတို့ တွက်ထားတဲ့ Other Account ထဲမှာဆို ကျမတို့ ဝင်သွားတဲ့ငွေတွေဟာဆိုလို့ရှိရင် ကျမတို့ ဆင်းရဲတာသည် ကျမတို့ ၃၀ ရာခိုင်နှုန်းလောက်က ဆင်းရဲတယ်လို့ သုတေသနတစ်ခုအရ ကျမတို့သိတယ်ပေါ့။ အဲဒီ ၃၀ ရာခိုင်နှုန်းလောက် တကယ်ဆင်းရဲချို့တဲ့ပါတယ်ဆိုတဲ့လူတွေကို တစ်နှစ်ကို မြန်မာကျပ်ငွေ တစ်သိန်းခွဲလောက် ကျမတို့ လူတစ်ဦးစီကို ထောက်ပံ့ထားနိုင်တယ်။

မေး ။ ။ အခုတော့ တစ်ယောက်ကို ခြောက်သိန်းခွဲ အကြွေးတင်နေတယ်ပြောတယ်။

ဖြေ ။ ။ ကိုယ့်အိမ်မှာကိုယ် ထိုင်နေရင်းနဲ့ ကျမတို့ ခြောက်သိန်းခွဲ အကြွေးတင်နေတာပေါ့။

မေး ။ ။ အဲဒီတော့ အဲဒီပိုက်ဆံတွေ ပျောက်နေတဲ့ အဓိကအချက်က လူတစ်စုကနေ လုပြီးတော့ သူတို့ချမ်းသာအောင် လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။

ဖြေ ။ ။ ကျမပြောသလိုပဲ၊ ကျမတို့က နာမည်အရသာ သယံဇာတသည် ကျမတို့နိုင်ငံသားတွေ ပိုင်တယ်ပြောတယ်။ တကယ်တော့ သယံဇာတသည် လူတစ်စုကပဲ၊ လူတစ်စု ထင်သလို လုပ်နေ တာကိုပဲ ကျမတို့ ခံနေရတာပေါ့။

မေး ။ ။ အဲဒါဆိုရင် မညီမျှမှုဖြစ်နေတာပေါ့။ ချမ်းသာတဲ့လူက တအားချမ်းသာ၊ အဲ့ဒါဆို ကျနော်တို့ဆီမှာရှိနေတဲ့ ချမ်းသာတဲ့လူတွေက ကမာ့အချမ်းသာဆုံးတွေလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဘီလီယံနဲ့ချီပြီး ပိုက်ဆံတွေပျောက်နေတယ်။

ဖြေ ။ ။ ချမ်းသာနိုင်တယ်။

မေး ။ ။ အဲဒါဆိုတော့ ဒီ ပိုက်ဆံတွေကို မရရင်တောင်မှ ကျနော်တို့က နောင်မှာ မကုန်သေးတဲ့ သယံဇာတတွေကို သေသေချာချာနဲ့ လူထုအတွက်သုံးလို့ရအောင် အခုအစိုးရက မလုပ်နိုင်ဘူးလား။

ဖြေ ။ ။ ကျမတို့လည်း အမြဲတမ်းပြောတယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှမဟုတ်ဘူး။ ဒီဟာတွေအားလုံးသည် လွယ်လွယ်ကူကူပြောင်းလဲလို့ရနိုင်တဲ့ အရာတွေ။ ကျမတို့ ဘယ်နားမှာ မှားနေလဲ၊ ဘယ်နားမှာမှန်နေလဲဆိုတာ ဒီ EITI အစီရင်ခံစာထဲမှာ ကျမတို့ အကြံပြုတိုက်တွန်းချက် နှစ်နှစ်စာ ၂၁ ချက်ပါတယ်။ အဲဒီ ၂၁ ချက်အရသာ ပြောင်းလဲလိုက်ရင် သယံဇာတဝင်တဲ့ဝင်ငွေ အကုန်လုံးလို့မဆိုရင်တောင်မှ ၃ ပုံပုံ ၂ ပုံလောက် ပြန်ဝင်လာနိုင်တယ်။ ကျန်တဲ့တစ်ပုံကတော့ ဖြည်းဖြည်းချင်းမှ လုပ်ယူရမယ့် အရာမျိုးတွေရှိတယ်။

ဘယ်လောက်ထိ ရှင်းရှင်းလင်းလင်းပြောလို့ရလဲဆိုလို့ရှိရင် သတ္တုကဏ္ဍမှာ ပြောမယ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ဥပဒေအရဆိုရင် ဥပဒေထက်ကျော်လွန်ပြီးတော့ ပေးထားတာတွေရှိတယ်။ နောက်ထုတ်တဲ့ ပြင်ဆင်ထားတဲ့ သတ္တုဥပဒေအရဆိုရင် ဥပဒေကိုကျော်လွန်ပြီးတော့ လုပ်ထားတာတွေ အများကြီးရှိတယ်။ အဲဒါတွေကို အခု သတ္တုလိုင်စင်တွေကို လှိုင်လှိုင်ချပေးဖို့ သူတို့ကြိုးစားတယ်။ အဲဒါမျိုး မလုပ်သင့်သေးဘူးလို့ ကျမတို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ တည်ဆဲဥပဒေတွေကို ကျော်လွန်ပြီးတော့ လုပ်ထားတဲ့ဟာတွေအားလုံးကို စနစ်တကျနဲ့ ဥပမာအားဖြင့် အသေးစားတွေ ဆက်ကာဆက်ကာယူထားတယ်၊ တကယ်တမ်းကျတော့ အကြီးစားဆို အခွန်ပေးဆောင်ရမှာဖြစ်တဲ့အတွက် အသေးစားတွေ ဆက်ယူထားတယ်။ ဒါမျိုးတွေကို အရင်ဆုံးပြန်လည်စစ်ဆေးပြီးတော့ သူတို့တွေကို အကြီးစားပြောင်းသင့်တာ၊ အလတ်စားပြောင်းသင့်တာ ဒါမျိုးတွေ အရင်ဆုံးလုပ်ပြီးမှသာ နောက်ဟာတွေ ဆက်ချပေးသင့်တယ်လို့ ကျမတို့ထင်တာပေါ့။

မေး ။ ။ အဲဒီတော့ ဆရာမတို့ ၂၁ ချက် အကြုံပြုထားတယ်ဆိုတော့ အစိုးရက တစ်ချက်မှ မလုပ်ဘူးလား။

ဖြေ ။ ။ တစ်ချက်မှမလုပ်ဘူးလားဆိုတော့ လုပ်နေဆဲ၊ ကျမတို့ကိုတော့ ပြန်ပြောထားတယ် ပေါ့နော်။ ၂၀၂၀ ဆိုလို့ရှိရင် ကုမ္ပဏီရဲ့နံပါတ်တွေ သူတို့ထွက်ပါမယ်ဆိုတာမျိုးပေါ့။ သတ္တုတွင်း ဝန်ကြီးဌာနဆိုရင်လည်း ကျနော်တို့ ဘယ်လိုအရာမျိုး ဥပမာအားဖြင့် လိုင်စင်ကို ဘယ်လိုပုံစံ မျိုးနဲ့ ချပေးမယ်၊ လိုင်စင်က ဘယ်လိုပုံစံမျိုးနဲ့ ချပေးမယ်၊ ပွင့်လင်းမြင်သာအောင် သူတို့ကြိုးစား နေတယ်ဆိုတာဟာမျိုးတွေ ကျမတို့တွေ့ရတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုရင် အရင်က တင်ဒါ လို့ ခေါ်တယ်။ ဒါပေမယ့် ဘယ်သူတွေတော့ ရတယ်၊ ဘယ်လိုခရိုက်တီးယား နဲ့ရွေးလိုက်တယ်၊ ဘယ်ကုမ္ပဏီရဲ့ငွေက ခိုင်မာပြီးတော့ သူသည် ဘယ်လိုစနစ်မျိုးနဲ့တူးမယ် ဆိုတာမျိုးတွေ ကျမတို့ မသိခဲ့ရဘူး။ အခုတော့ သူတို့ ဒီအဆင့်တွေကိုတော့ စပြီးတော့ ပြောင်းလဲမယ်လို့တော့ ပြောတယ်ပေါ့နော်။

မေး ။ ။ ပြောင်းလဲတဲ့အချိန်မှာ ကုန်လည်းကုန်နေပြီဆိုသလို ဖြစ်နေပြီလား။

ဖြေ ။ ။ ကျမတို့ပြောတာ အဲဒါပဲ။ အဓိကပြောင်းလဲရမယ့်နေရာသည် အဓိက SOE (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း) တွေကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်ဖွဲ့မလဲဆိုတာကို ကျမတို့ပိုစဉ်းစားတာ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ။ အဲဒီစီးပွားရေးလုပ်ငန်းတွေက အဓိကပြဿနာက ဘယ်နားမှာသွားတွေ့လဲဆိုတော့ သူတို့က ကိုယ်တိုင်လိုင်စင် ချပေးတယ်၊ ကိုယ်တိုင်က အကျိုးတူဆောင်ရွက်သေးတယ်။ ဒီကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ အကျိုးတူ။ ကိုယ်တိုင်လိုင်စင်ချပေးပြီးတော့ ကိုယ်တိုင်လည်း အကျိုးတူဆောင်ရွက်တယ်။ နောက်ပြီးတော့ By Law နည်းဥပဒေတွေလည်း သူတို့ကရေးသေးတယ်။ နောက်တစ်ချက်က ကြီးကြပ်စစ်ဆေးတယ်။ ဥပမာအားဖြင့် ဒီဟာတွေကို ကုမ္ပဏီတွေကို အပြစ်ပေးအရေးယူတာ၊ ကြီးကြပ်စစ်ဆေးတာတွေလည်း သူတို့ ဆောင်ရွက်တယ်။ အခွန်ငွေတွေလည်း သူတို့ကကောက်တယ်။ ပြီးတော့ အခွန်ငွေတွေကိုလည်း သူတို့က ပြန်ခွဲပေးတယ်။ ပြန်ခွဲပေးတယ်ဆိုတဲ့ဟာ အလုံးစုံကို သူတို့က လုပ်နေတာဖြစ်တဲ့အတွက် ကောင်းကောင်း စနစ်တကျနဲ့ကို အကျင့်ပျက်ခြစားလို့ရတယ်။

မေး ။ ။ နိုင်ငံမှာ အကျင့်ပျက်ခြစားမှု အကြီးကြီးဖြစ်နေတာပေါ့ ကျနော်တို့ သယံဇာတအပေါ်မှာ။

ဖြေ ။ ။ သယံဇာတအပေါ်မှာ (အကျင့်ပျက်ခြစားမှု) အကြီးကြီးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျမတို့နိုင်ငံက ပိုဆိုးတာ သယံဇာတအပေါ်မှာ မှီခိုနေတာဖြစ်တဲ့အတွက် ကျမတို့က အဲဒီပြဿနာ ပိုကြီးတယ်။

မေး ။ ။ ဒါပေမယ့် အဲဒီသယံဇာတအပေါ်မှာမူတည်ပြီးတော့ အကျင့်ပျက်ခြစားမှုဖြစ်နေပေမယ့် အဲဒီသယံဇာတကဝင်ငွေကတော့ လူထုဆီ လုံးဝမရောက်သေးဘူးပေါ့။
ဖြေ ။ ။ မရောက်သေးဘူး။

မေး ။ ။ အဲဒီတော့ ကျနော်တို့က EITI ဆိုပြီးတော့ စပြီးတော့လုပ်နေတယ်။ အစီရင်ခံစာ ဆိုလို့ရှိရင် ဒါ စတုတ္ထအကြိမ်လား အခုဆိုလို့ရှိရင်ထွက်လာပြီ။ အဲဒီတော့ လေးကြိမ်မြောက်၊ နောက်နှစ်တွေဆိုရင် ငါးကြိမ်မြောက်။ တစ်နှစ်ထက်တစ်နှစ် ဒီလိုမျိုးအစီရင်ခံစာ တွေပဲထွက်ပြီးတော့ ပြောင်းလဲမှုရှိတာကို မြင်ရလား၊ ပြောင်းလဲမှုမရှိရင်ရော ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။

ဖြေ ။ ။ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အမြဲတမ်း ဒီ EITI ဖြစ်စဉ်မှာပါနေရင်းနဲ့ အမြဲတမ်း သုံးသပ်တယ်ပေါ့။ ကျမတို့က အခု SOE တွေဆို သိပြီ၊ ကျမတို့ ပြောင်းလဲဖို့ကြိုးစားတုန်းပေါ့။ ရှေ့နှစ် ၂၀၁၉ ဇန်နဝါရီဆိုရင် SEO Reform ဆိုပြီးတော့ Workshop လေးတွေကနေစပြီးတော့ ဘယ်ကနေစပြောင်းမလဲဆိုတဲ့ဟာလေးတွေ ကျမတို့လုပ်မယ်လို့တော့ ကျမတို့ တိုင်ပင်ထားကြတယ်ပေါ့၊ ဒီသုံးပွင့်ဆိုင်မှာပေါ့။ အဲဒါလုပ်ဖြစ်ရင်တော့ ကျမတို့ ပြောင်းလဲခြင်းကို ရွေ့နိုင်မယ်ပေါ့။ အဲဒါလေးကိုမှ ကျမတို့ စမလုပ်ဘူး၊ ဒါပေမယ့် လုပ်လို့ကိုင်လို့လည်း ရှေ့ဆက် ခက်မယ် ဆိုရင် ကျမတို့ အရပ်ဘက်အဖွဲ့အစည်း MATA အနေနဲ့ သုံးသပ်ထားတာက ကျမတို့ ဘယ်လောက်အထိ ပါမလဲ၊ ဆက်ပါဦးမလား၊ မပါတော့ဘူးလား ဆိုတာ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းကြားမှာလည်း အမြဲတမ်း ဆွေးနွေးနေတဲ့ကိစ္စပေါ့။

ဘာလို့လဲဆိုတော့ ကျမတို့သည် ပြည်သူလူထုရဲ့ ပိုက်ဆံကို ပြည်သူလူထုဆီ ပြန်ပေးချင်လို့ ကျမတို့ အရပ် ဘက်အဖွဲ့အစည်းက ပါနေတာပေါ့နော်။ ဒါမျိုးလုပ်လို့မရဘူး၊ ဒါမျိုးပြုပြင်ပြောင်းလဲမှုတွေ မရှိဘူးဆိုရင် ကျမတို့ ဆက်ပြီးပါဖို့ အခက်အခဲရှိတယ်။

မေး ။ ။ ပြည်သူလူထုရဲ့ပိုက်ဆံ ပြည်သူလူထုဆီ ပြန်ရောက်ဖို့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကတောင် မလုပ်ဘူးဆိုရင် ဘယ်အစိုးရက လုပ်မလဲ။

ဖြေ ။ ။ ပြည်သူလူထုက တင်မြှောက်ထားတဲ့အစိုးရက မလုပ်ဘူးဆိုရင်တော့ ကျမတို့ နောက်ဆုံးပြောရရင် ပြည်သူလုထုကပဲ ပြန်လုပ်ရမှာပေါ့။ ပြည်သူ့ပိုက်ဆံကို ပြည်သူပြန်ရဖို့ဆိုရင် ပြည်သူလူထုက ကိုယ့်ကိုယ်ကိုယ်အားကိုးပြီးတော့ ပြည်သူလူထုကပဲ ပြန်လုပ်ရမှာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com