All News Local News

အစိုးရပိုင်မီဒီယာများ ဆက်ရှိမည်ဖြစ်ပြီး သတင်းသမားများ နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေးစိတ်ရှိရန်လို၊ ငွေကြေးထောက်ပံ့သူများ၏ သြဇာအောက်မှ လွတ်မြောက်ရေး ဂျာနယ်လစ်များ ကြိုးစားကြရန် ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရပိုင်မီဒီယာများ၏ အခန်းကဏ္ဍသည် တက်လာသည့် အစိုးရ၊ ခေတ်အခြေအနေများပေါ်မူတည်၍ ဆက်လက် တည်ရှိသွားမည်ဖြစ်ပြီး သတင်းသမားများအနေဖြင့် နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ရှိကြရန် လိုအပ်ကာ ငွေကြေးပံ့ပိုးသူများ၏ သြဇာအောက်မှ စာနယ်ဇင်းသမားများ လွတ်မြောက်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ ကျင်းပပြုလုပ်သည့် ၇ ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် အစိုးရနှင့်ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးရန် တာဝန်ရှိကြောင်း၊ မည်သည့်အစိုးရတက်တက် ပြည်သူနှင့်ဆက်သွယ်မည့် အစိုးရပိုင်မီဒီယာများ ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်။

“အစိုးရနဲ့ပြည်သူကြားမှာ ဆက်သွယ်ပေါင်းကူးပေးတဲ့တာဝန်ရှိပါတယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်သည် အဓိကအားဖြင့် ပြည်သူက ရွေးကောက်တာဖြစ်ပါတယ်။ အစိုးရသည် ပြည်သူအတွက် လွှတ်တော်က ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီတော့ ဒီလွှတ်တော်နဲ့ ဒီအစိုးရဟာ သူ့ကို ရွေးချယ်ခန့်အပ်လိုက်တဲ့ပြည်သူကို ကျနော်တို့သည် နိုင်ငံနဲ့ပြည်သူအတွက် ဘာတွေ ဘာတွေ ဆောင်ရွက်ပေးနေပါတယ်ဆိုတာကို အစီရင်ခံဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကို အစိုးရပိုင်လို့ ပြောနေတဲ့ မီဒီယာများက ထမ်းဆောင်ပေးရတာဖြစ်ပါတယ်။ နောင်လာမယ့် အစိုးရများရှိရင်လည်း အဲဒီအစိုးရများသည် ပြည်သူနဲ့ဆက်သွယ်မယ့် မီဒီယာများ သူတို့မှာ အခုပုံစံနဲ့ ဖြစ်စေ နောင်ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ အခြားပုံစံများနဲ့ဖြစ်စေ ရှိနေဦးမှာပဲလို့ ပြောချင်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောသည်။

လတ်တလော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်မရှိဟု ပြောဆိုနေမှုများကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပယ်ဖျက်လိုက်ပြီး ဘက်လိုက်မှုကင်းသော အဖွဲ့အစည်းများ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိ၊ မရှိ သုတေသန လုပ်ပြီး အချက်အလက်ဖြင့် အတိအကျ ပြောစေလိုကြောင်း ပြောသည်။

“ကျနော်တို့ကြားသိရတာက ကျနော်တို့နိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေသယောင်ယောင် အထူးသဖြင့် နောက်ပိုင်းမှာ ပိုပြီးပြောဆိုလာတာက အရင်ကထက်တောင် ပိုပြီးတော့ ဆုတ်ယုတ်နေသယောင် ဒီလိုပြောဆိုတာတွေ ကြားရလေ့ရှိပါတယ်။ အဲဒီလို ပြောဆိုကြသူများကို ကျနော် အကြံတစ်ခုပြုချင်ပါတယ်။ အပြစ်တင်ရရင် ပြီးရော ဆိုပြီး သိမ်းကျူံးပြောဆိုတာမျိုးမလုပ်ပါနဲ့။ တိတိကျကျလေ့လာ သုံးသပ်ပြီး ပြောပေးပါ။ အဲဒီအတွက်လည်း ကျနော်တို့မှာ စဉ်းစား ဝေဖန်စရာတွေ ဆင်ခြင်စရာတွေရှိလာလိမ့်မယ်ပြောချင်ပါတယ်။ အရင်ကထက် ပိုဆုတ်ယုတ်လာတယ်လို့ ပြောတာနဲ့ပတ်သက်လို့ ၂၀၁၂ ခုနှစ်မှာ စာပေစိစစ်ရေးစနစ် ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီရုပ်သိမ်းပြီးတဲ့နောက် ရေးကြ၊ သားကြပါတယ်။ ၂၀၁၂ ရုပ်သိမ်းပြီးတဲ့နောက် ၃ နှစ်လောက် ကာလအတွင်းမှာ စာနယ်ဇင်းများမှာ ဆိုရှယ်မီဒီယာကို မပြောပါဘူး။ မြန်မာစာနယ်ဇင်းအတိုင်းအတာအထိ လွတ်လွတ်ကျွတ်ကျွတ် ဝေဖန်ရေးသားခဲ့ကြသလဲ။ အစိုးရအကြီးအကဲတွေ ဌာနဆိုင်ရာတွေ အစိုးရလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘယ်လောက်များများပြားပြား ဝေဖန်ရေးသားခဲ့သလဲ။ အဲဒါကြည့်ပါ။ ပြီးတဲ့နောက် ဒီဘက်ခေတ် ၂ နှစ်ခွဲ ကာလ ပေါ်ပေါက်တဲ့ သတင်းစာများ၊ ဂျာနယ်များမှာ ဘယ်အတိုင်းအတာအထိ ဘယ်လောက်များများစားစား ရေးသားခဲ့သလဲဆိုတာကို နှိုင်းယှဉ်သုံးသပ်ပြီးတဲ့အခါ စောစောက စကားကို ပြန်ပြီးတော့ စဉ်းစားပြီးတော့ ဒါကို အတည်ပြုမယ်ဆိုရင်လည်း ပြုပါ။ ရှိတဲ့အနေအထားကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင်လည်း သုံးသပ်ပါ။ တကယ်ဘက်လိုက်မှုကင်းစင်တဲ့အဖွဲ့အစည်းများကို ငှားရမ်းပြီး သုတေသနပြုလိုက်ရင် တကယ့်အခြေအနေမှန်ကို သိရပါလိမ့်မယ်” ဟု ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်က ဆိုသည်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့၊ ပြင်သစ် အခြေစိုက် Reporter Without Border အဖွဲ့များသည် ငွေကြေးပံ့ပိုးသူ၏ သဘောထားနှင့်သြဇာ အတိုင်းရပ်တည်နေသော အဖွဲ့အစည်းများဖြစ်ကြောင်း DW အကယ်ဒမီက ထုတ်ဝေသော စာအုပ်ကို ကိုးကား၍ ဝန်ကြီး က ပြောဆိုသည်။

“Bias ဆိုတဲ့စကားလုံးဖြစ်တယ်။ မြန်မာလို ရိုးရိုးပြောရရင်တော့ ဘက်လိုက်မှုပါ။ Freedom House အဖွဲ့နဲ့ပတ်သက်လို့ အဓိက အားနည်းချက်ကတော့ အမေရိကန်Bias ဖြစ်ပါတယ်။ one of the most fundamental weakness of Press Freedom Index is US Bias ဒီစာအုပ်ထဲမှာ အဲလိုရေးထားပါတယ်။ Bias မကင်းပါဘူးတဲ့။ အဓိကအားနည်းချက် အရေးကြီးတဲ့ အဓိက အားနည်းချက်က အဲဒါဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ Freedom House က Inedependent ဖြစ်တဲ့အဖွဲ့အစည်း လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပေမယ့်လို့ အမေရိကန်အစိုးရရဲ့ အထောက်အပံ့နဲ့ အဓိက ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်တဲ့ ဖော်ပြထားပါတယ်။ ပြီးတဲ့နောက် ဆက်လက်ပြီးတော့ ဖော်ပြထားတာအများကြီးရှိပါတယ်။ အမေရိကမှာ နေတဲ့ လူတစ်စုက တိုင်းတာ အကဲဖြတ်ပြီး Rating အဆင့်ကို ဆုံးဖြတ်တဲ့အခါကျတော့ လူတစ်ယောက်တည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်တဲ့။ တိုင်းပြည်တစ်ပြည်အတွက် ဘယ်လို အမှတ်ပေးတယ်ဆိုတာတွေလည်း ပြောမထားတဲ့အတွက် ကြောင့် ပွင့်လင်းမြင်သာမှုမရှိပါဘူးတဲ့။ ကျနော်တို့ အမြဲတမ်းပြောဆိုနေတဲ့ Transparency ဆိုတာနဲ့ပတ်သက်လို့ Independent မရှိဘူး။ Bias ရှိတယ်။ နောက်တစ်ခါ Reporter Without Border ရဲ့ အကဲဖြတ်ချက်နဲ့ပတ်သက်လို့ ဒီအဖွဲ့ကလည်းပဲ စောစောက ပြောတဲ့ Independent ဆိုတာထက် သူသည် ပြင်သစ်အစိုးရရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဦးဆောင်တဲ့အဖွဲ့အစည်းထဲမှာ Reporter Without Border ဆိုပေမယ့်ရယ်လို့ ဦးဆောင်ပါဝင်တဲ့ ပုဂ္ဂိုလ်တွေက ပြင်သစ်လူမျိုးတွေလို့ ဆိုပါတယ်။ ပြင်သစ်ပြည်မှာနေပြီးတော့ ဥရောပ အတွေးအမြင်နဲ့ ကြီးပြင်းတဲ့သူတွေက သူတို့ရဲ့ သဘောထားအမြင်နဲ့ တိုင်းတာ အကဲဖြတ်နေတယ်ဆိုတဲ့အကြောင်းပြောပါတယ်” ဟု ဝန်ကြီးဦးဖေမြင့်က ဆိုသည်။

မီဒီယာကို အကဲဖြတ်သည့် အဖွဲ့အစည်းများပင်လျှင် ငွေကြေးထောက်ပံ့သူ၏ သြဇာကို မလွန်ဆန်နိုင်ဘဲ မီဒီယာများအနေဖြင့်လည်း မည်သို့ မည်ပုံရှိနိုင်သည်ကို စဉ်းစားကြဖို့လိုကြောင်း ဝန်ကြီးဦးဖေမြင့်က မေးခွန်းထုတ်သည်။

“မီဒီယာရဲ့ အထက်က ရှိနေတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းများသည်ပင်လျှင် သူတို့ကို ငွေကြေးထောက်ပံ့နေတဲ့ အဖွဲကအစည်းများ ပုဂ္ဂိုလ်များရဲ့ သြဇာက မလွတ်ကင်းဘူး။ အဲဒီသြဇာ၊ Bias တွေနဲ့ သုံးသပ်ချက်တွေ ချတယ်လို့ ဆိုရင် သူတို့ရဲ့ အောက်အဆင့်မှာ ရှိတဲ့ မီဒီယာများသည်ပင်လျှင် ဘယ်လိုရှိမလဲ။ အယ်ဒီတိုရီပေါ်လစီ လွတ်လပ်ဖို့ အရေးကြီးပါတယ်။ သို့သော် စဉ်းစားဖို့က မီဒီယာလွတ်လပ်ခွင့် စာနယ်ဇင်းလွတ်လပ်ခွင့် စဉ်းစားတဲ့အခါမှာ အယ်ဒီတာများဟာ ကိုယ်တိုင်ရေးသားတဲ့ သတင်းစာဆရာများသည် ဘယ်လောက် Independent ဖြစ်ပါသလဲ။ အယ်ဒီတာသည် စာနယ်ဇင်းထုတ်လုပ်သူရဲ့ သြဇာကို ဘယ်လောက် လွန်ဆန်နိုင်သလဲ။ ထုတ်လုပ်သူသည်ကော သူ့ထဲမှာ ကြော်ငြာ တွေအများကြီးထည့်ပြီးတော့ ငွေရေးကြေးရေးအားဖြင့် ပံ့ပိုးနေတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လောက်လွန်ဆန်နိုင်သလဲ။ အဲဒီတော့ ကျနော်တို့ပြောတဲ့ အယ်ဒီတိုရီပေါ်လစီသည် ဘယ်သူ့လက်ထဲမှာရှိသလဲ စဉ်းစားဖို့လိုပါတယ်။ အယ်ဒီတိုရီပေါ်လစီဟာ အယ်ဒီတာလက်ထဲမှာ ရှိသလား၊ မရှိဘူးလား၊ ဂျာနယ်လစ် လက်ထဲမှာ ရှိသလား၊ မရှိဘူးလား။ အဲဒါ စဉ်းစားဖို့လိုပါတယ်။ အဲဒီပေါ်လစီက မရှိဘူးဆိုရင် Freedom of Press ၊ Freedom of Expression ဆိုတာတွေရော သူ့လက်ထဲမှာ ရှိသလား စဉ်းစားဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

စာနယ်ဇင်းသမားများသည် ငွေကြေးပံ့ပိုးသူ၏ သြဇာအောက်မှ လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်သင့်ပြီး သတင်းသမားများသည် နိုင်ငံကို ချစ်စိတ်၊ အမျိုးသားရေးစိတ်ရှိရန် လိုအပ်ကြောင်း ဝန်ကြီး တိုက်တွန်းသည်။

“စာနယ်ဇင်းသမားများအနေနဲ့ မိမိတို့ကို ငွေကြေးပံ့ပိုးနေသူတွေရဲ့ သြဇာအောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားသင့်တယ်။ အားထုတ်ဖို့ လိုတယ်။ စဉ်းစားသုံးသပ်ဖို့လိုလိမ့်မယ်။ သတင်းသမားတွေအနေနဲ့ နိုင်ငံ့ရဲ့ အရေးအပေါ် လေးနက်မှု ရှိဖို့လိုတယ်။ နိုင်ငံကို ချစ်တဲ့စိတ် အမျိုးသားရေးစိတ်ရှိဖို့ လိုလိမ့်မယ်ပြောခဲ့တယ်။ ကျနော်နဲ့သဘောထားချင်တူပါတယ်။ ဂျာနယ်လစ်တစ်ဦးသည် အများပြည်သူကို မှန်ကန်သော အချက်အလက်ပေးဖို့ တာဝန်ရှိပါတယ်။ သတင်းသမားတစ်ဦးအနေနဲ့ အရေးကြီးတဲ့ တာဝန်ပါ။ တစ်ချိန်တည်းမှာ သူဟာ နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံချစ်စိတ် နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုတဲ့စိတ်များလည်းပဲ ရှိဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ဝန်ကြီးဦးဖေမြင့်က ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ၇ ကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးရေးညီလာခံသို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သာ တက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း တက်ရောက်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com