All News Local News

လူထုကို ဖိနှိပ်နေသော မြေလွတ်မြေရိုင်းဥပဒေကို အားပေးသည့် ကုလလက်အောက်ခံ LIFT အဖွဲ့ကို ဆန့်ကျင်ကြောင်း ဒို့မြေကွန်ရက်နှင့်MATA က ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံအစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော မြေလွတ် မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကိုအားပေးသည့် အဆိုပြုလွှာဖိတ်ခေါ်နေသော အသက်မွေးဝမ်းကျောင်းနှင့်စားနပ်ရိက္ခာဖူးလုံရေးအဖွဲ့ (LIFT) အဖွဲ့၏ ကြေညာချက်ကို ဆန့်ကျင်ကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဒို့မြေကွန်ရက်နှင့် MATA က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။

LIFT အဖွဲ့သည် ကျေးလက်နေ ဆင်းရဲနွမ်းပါးသော ပြည်သူများ၊ မြေလွတ်မြေလပ်မြေရိုင်းများ ပြန်လည် တောင်းယူနိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး REAL DEV Programme အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(စိုက်မွေးဆည်) အား ပံ့ပိုးပေးရန် စီမံကိန်းအဆိုပြုလွှာများကို မကြာသေးမီက ခေါ်ယူခဲ့ကြောင်း၊ ယင်းခေါ်ယူမှုသည် တိုင်းရင်းသားပြည်သူများ မြေယာကို လုယူနေသည့် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို မြှင့်တင်ပေးနေကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

LIFT အဖွဲ့သည် ကုလသမဂ္ဂ UNOPS (United Nations Office for Project Services) က စီမံခန့်ခွဲနေသော အဖွဲ့ဖြစ်ပြီး နိုင်ငံတကာမှ လှူဒါန်းသော ငွေကြေးများဖြင့် မြန်မာနိုင်ငံတွင် ကျေးလက်ဖွံ့ဖြိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်နေသော ကုလလက်အောက်ခံ အဖွဲ့အစည်းဖြစ်သည်။

ဒို့မြေကွန်ရက်၏ အထွေထွေအတွင်းရေးမှူး ဦးစည်သူက “အဓိကတော့ ကျနော်တို့က မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲ ဖျက်သိမ်းရေးကို တစ်တိုင်းပြည်လုံး အော်နေတဲ့ အချိန် ၊လိုက်ပါလျှောက်ထားဖို့ သူက ကြေညာတဲ့ဟာမျိုးလေ ။ အဲဒီအတွက် သူတို့ကို အိတ်ဖွင့်ပေးစာ ပို့ပေးလိုက်တာပါ။ သူတို့ နဲ့ ကျနော်တို့ အဓိက တွေ့ပြီး ပြောတာတော့ မရှိဘူး။ ပထမဦးဆုံးအနေနဲ့ အိတ်ဖွင့်ပေးစာ ပို့ပေးတာလေ ။ဒီမြေလွတ် ၊ မြေလပ် ၊ မြေရိုင်း ဖျက်သိမ်းရမယ်။ ကျနော်တို့ နိုင်ငံတွေနဲ့ လုံးဝ အဆင်မပြေဘူး ။ တစ်တိုင်းပြည်လုံး အော်နေတဲ့အချိန်မှာ သူတို့ဘက်က ဒီဟာကိုး လျှောက်ဖို့ ၊ အစိုးရက အလုပ်မျိုး အဲလို အော်နေတာမျိုး ရှိတယ်။ အဲဒါတွေကြောင့် ဒီအိတ်ဖွင့်ပေးစာ ထုတ်ပြီး ဒီဟာကို ဆန့်ကျင်ရတာပါ။ ဒီဟာ မဖြစ်သင့်ဘူး ပြောတာပါ “ ဟု ပြောဆိုသည်။

၀၁၈ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက်နေ့က ပြင်ဆင်ပြဌာန်းလိုက်သည့် မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေကို တစ်တိုင်းပြည်လုံးက ကန့်ကွက်နေသည့်အချိန် တွင် ယခုကဲ့သို့ LIFT က စီမံကိန်းအဆိုပြုလွှာ ခေါ်ယူခဲ့ခြင်းသည် တိုင်းရင်းသားများ၏ ဆန္ဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ဦးစည်သူက ဆက်ပြောသည်။

“ LIFT ရဲ့ ကြေညာချက်ကတော့ လုံးဝ မဖြစ်သင့်တဲ့ ကြေညာချက်ပဲ ဖြစ်တယ်။ ပြီးရင် ဒါက ပြည်သူ့လူထုကို ဆန့်ကျင်တဲ့ ကြေညာချက်လည်း ဖြစ်တယ်။ LIFT အဖွဲ့မှ မဟုတ်ဘူး ၊အဲဒီလိုမျိုး တခြားအဖွဲ့တွေ ပေါ်လာရင် ကျနော်တို့ကလည်း ဆန့်ကျင်ကန့်ကွက်သွားမှာပါ။ အခုလောဆယ်ဆယ်တော့ အိတ်ဖွင့်ပေးစာ ပေးတဲ့အနေအထားပဲရှိသေးတယ်။ ဒီထက်ပိုဆိုးလာရင် ဒါမျိုးတွေ ဆက်လုပ်လာရင် ကျနော်တို့က ညှာနေတော့မှာ မဟုတ်ဘူး။ ဒီဟာက လုံးဝ မဖြစ်သင့်တဲ့ဟာ ။ အကျိုးအကြောင်း တွေလည်း ကျနော်တို့ ပြောထားဆိုထားပြီးသား ။ မီဒီယာမှာ နိုင်ငံတကာမှာ ပြောထားဆိုထားပြီးသား ဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲဒီတော့ ဒီကြေညာချက်က လူထုရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ဆန့်ကျင်နေတဲ့ ကြေညာချက် ဖြစ်နေတဲ့အတွက် ။ LIFT မှ မဟုတ်ဘူး ဘယ်အဖွဲ့ဖြစ်ဖြစ် ကျနော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ။ နည်းလမ်းအမျိုးမျိုး တုံံ့ပြန်သွားမှာလို့ ပြောချင်ပါတယ် “ဟု ဦးစည်သူက ပြောဆိုသည်။

လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဌာန၏ ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝှမ်းတွင် မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း ဧက ၄၉ ဒသမ ၃ သန်းကျော်ရှိနေပြီး အများစုက တိုင်းရင်းသားဒေသများ ၊ ပြည်နယ်များတွင် ရှိနေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com