All News Local News

ရိုက်တာသတင်းထောက် ၂ ဦးအမှု ထောင်ချောက်ဆင်ဖမ်း၊ မဖမ်း တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် ရှေ့နေ၏ သာဓက ပြနိုင်မှုအပေါ် မူတည်ဟု တပ်ချုပ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရိုက်တာသတင်းထောက် ၂ ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးသည်ဆိုသော ပြောဆိုမှုနှင့်ပတ်သက်ပြီး တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် ရှေ့နေများ၏ သက်သေသာဓက ပြနိုင်မှုအပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုရဲမှူးမိုးရန်နိုင်က ရိုက်တာသတင်းထောက် ၂ ဦး ထောင်ချောက်ဆင်ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တရားရုံးတွင် ထွက်ဆိုခဲ့ပြီး အမှုတွဲကို ပြန်လည်စစ်ဆေးချက်အရသော်လည်းကောင်း၊ သတင်းထောက် ၂ ဦး၏ ထွက်ဆိုချက်အရလည်းကောင်း ထောင်ချောက်ဆင်ဖမ်းဆီးမှုထင်ရှားသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများကို အရေးယူပေးရန် PCMJ က တင်ပြရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ကတော့ ဥပဒေအရပဲ ပြောမှာပဲ။ ဆုံးဖြတ်တာကတော့ တရားသူကြီး ဆုံးဖြတ်တာ။ ကျနော်တို့က တရားရေးမဏ္ဍိုင်ကို စွတ်ဖက်လို့မရဘူး။ ကျနော်တို့ဘက်ကနေ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဒီအချက်အလက်၊ တွေ ပြောတယ်။ ဒါက ဒီအမှုကို ကျနော်တို့ပြောတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကပဲ အမှုအခင်းပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ အမှုအခင်းပဲဖြစ်စေ တချို့ဟာတွေမှာ တပ်မတော်က တင်တဲ့ လုပ်တဲ့အတွက်ကြောင့် အရေးမယူလို့ မဖြစ်တဲ့ ကိစ္စတွေလည်းရှိပါတယ်။ အရေးယူတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ တပ်မတော်က ဆောင်ရွက်တဲ့အတွက်ကြောင့် အရေးယူတဲ့ဖြစ်စဉ်လည်း ရှိတယ်။ ထို့အတူပဲ တပ်မတော်ထဲမှာလည်း ပြစ်မှုကျူးလွန်လို့ ယူဆတဲ့အတွက်ကြောင့် အရေးယူတဲ့ဖြစ်စဉ်လည်းရှိပါတယ်။ ပြစ်မှု ကျူးလွန်တယ်လို့ ယူဆသော်လည်း တကယ်စစ်ဆေးကြည့်တဲ့အခါ စည်းကမ်းထိန်သိမ်းရေးအပိုင်းပဲဖြစ်တဲ့အတွက်ကြောင့် ပြစ်မှု အရ အရေးမယူဘဲ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူတာတွေရှိပါတယ်။ ဒါကတော့ သက်သေသာဓကနဲ့ Judge ပေါ်မူတည်တာပေါ့။ ကျနော်တို့ကတော့ Judge လည်းမဟုတ်ဘူး။ တပ်မတော်မှာတော့ Judge လည်းကျနော်ပဲ။ Advocate လည်းကျနော်ပဲ။ တပ်မတော်ဆိုင်ရာ ကျနော်ရဲ့ ဆုံးဖြတ်ချက်က အတည်ပဲလို့ ပြောတယ် အခြေခံဥပဒေမှာ ကျနော့်ကို Authority ပေးထားတာပေါ့။ နိုင်ငံတော်ပိုင်းကျတော့ တရားသူကြီးချုပ်ရှိတယ်။ တရားရုံးချုပ်ရဲ့ တရားသူကြီး အဆင့်ဆင့်အာဏာလွှဲထားတဲ့ ပုဂ္ဂိုလ်တွေ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီမှာ သက်သေသာဓက Argument ပေးနိုင်တယ်ဆိုရင်လည်း ပြီးတာပါပဲ” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုက်တာသတင်းထောက် ၂ ဦး၏ အမှုတွင် တရားသူကြီး၏ ဆင်ခြင်တုံတရားအရေးကြီး ရှေ့နေများ၏ တင်ပြချက်သည်လည်း အရေးကြီးကြောင်း၊ တပ်မတော်နှင့်မဆိုင်သော်လည်း ဖြစ်နိုင်သည့်အရာများ ဆွေးနွေး ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် “တရားသူကြီးရဲ့ ဆင်ခြင်တုံတရားလည်းအရေးကြီးတယ်။ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့မဟုတ်ဘဲ လိုရာ ဆွဲပြီးတော့ လုပ်မယ်ဆိုရင်မှားသွားနိုင်တာပေါ့။ အဓိကက ရှေ့နေ က သက်သေသာဓက အချက်အလက်နဲ့ ရှင်းပြနိုင်ဖို့ပဲ။ ရှေ့နေဆိုတာ တရားခံကိုလည်း တရားခံဘ၀ ပျောက်သွားအောင်လုပ်နိုင်သလို တရားလိုကိုလည်း တရားခံဖြစ်အောင်လုပ်လို့ရတယ်။ အဓိကကတော့ အခရာကျတာ ရှေ့နေတွေရဲ့ အခန်းကဏ္ဍ၊ ဒုတိယကတော့ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားပေါ်မှာ Judge လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားရေးလမ်းကြောင်း ၊ ဥပဒေစိုးမိုးရေးလမ်းကြောင်းပါပဲ။ ကျနော်တို့တော့ ပြောစရာ ဘာမှ မရှိဘူး။ သို့သော်လည်းပဲ ကျနော်အနေနဲ့လည်း ဖြစ်နိုင်တဲ့ဟာလေးကို ဆွေးနွေးပေးမယ်လို့ ပြောလိုပါတယ်” ဟု ၎င်းက ဆကလက်ပြောကြားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ရိုက်တာသတင်းထောက် ၂ ဦးသည် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး အဆိုပါသတင်းထောက် ၂ ဦး စုံစမ်းဖော်ထုတ်ခဲ့သည့် အင်းဒင်ကျေးရွာမှ ဥပဒေမဲ့သတ်ဖြတ်မှု သတင်းသည် ကမ္ဘာကျော် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com