All News interview

“ရာဇဂြိုဟ်ကတော့ တကယ်တမ်းပြောမယ်ဆိုရင်၊ ကျနော် ရိုးရိုးသားသား ပြောမယ်ဆိုရင် ရာဇဂြိုဟ်ဆည်ဆိုတာ ပျက်သွားပါပြီ”

By ရန်ကုန်ခေတ်သစ်

ဆည်မြောင်းကျွမ်းကျင်သူ ဦးတင်ဆန်းနှင့်တွေ့ဆုံခြင်း (အပိုင်း-၁)

စစ်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သော ဆည်တာတမံအများစုသည် ယခုအခါ အိုမင်းလာပြီး ထိန်းသိမ်းရန် အရေးပေါ်လိုအပ်လျက်ရှိသည်။ ယခုနှစ် မိုးတွင်းကာလတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဆွာချောင်းရေလှောင်တမံမှ ရေပိုလွှဲကျိုးကျခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် အပျက်အစီး အဆုံးအရှုံးများခဲ့ရသည်။ ဆည်မြောင်း ဦးစီးဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးမြန်မာနိုင်ငံရှိ ဆည်များနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဦးတင်ဆန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဆွာချောင်းရေလှောင်တမံမှာ ဒီနှစ်မိုးတွင်း ရေပိုလွှဲ ကျိုးကျလို့ အတော်ကို အထိ အခိုက် အပျက်စီးများခဲ့တယ်။ အဲဒီတော့ လာမယ့်နှစ်မိုးကာလမှာ ဒါတွေ ဆက်မဖြစ်အောင် ဘယ်လို ပြင်ဆင်မလဲ

ဖြေ ။ ။ ဒီလိုဖြစ်သွားလိမ့်ဆိုတာ ဆည်စဆောက်ကတည်းက ကျနော်တို့ မျှော်မှန်းထားပြီးသားပဲ။ ခုနပြောတဲ့ ကျနော်တို့ ရေပိုလွှဲဆိုတာကလည်း ရေသိပ်များလာတယ်။ ရေကျော်ကိုကျော်ရမယ်ဆိုတာလည်း ပေးထားတယ်။ အခုလည်း တကယ်တော့ ရေက ကျော်လာတယ်။ ဒါပေမယ့် ကျော်သင့်ကျော်ထိုက်တာထက် အခုအခြေအနေက ပိုပြီးများတာပေါ့လေ။ များတယ်ဆိုတာကတော့ ပုံမှန်ဆိုလို့ရှိရင် ဒါ အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ ဒီကောင်က ရေတွေသိပ်များလို့ အကျော်ခံရတာမဟုတ်ဘူး။ တကယ်တော့ အကြောင်းတစ်ခုခုကြောင့်ပေါ့။

ရေလွှဲအဆောက်အအုံ၊ ဘယ်လိုခေါ်မလဲ သူ့ရဲ့အားနည်းမှုပေါ့၊ သူ့ရဲ့ အားနည်းချက်ပေါ့။ တကယ်တမ်းပြောမယ်ဆိုရင် ဒီ အဝှါပေါ်မှာ ရေလွှဲဆည်ပေါ်မှာ ရေက ၅ ပေ ၆ ပေ စသည်ဖြင့် ကျော်ခဲ့ဖူးပါတယ်၊ ဘာမှမဖြစ်ဘူး။ အခုဖြစ်တဲ့ Condition က သူက တစ်ပေခွဲလောက် ကျော်တာနဲ့တင် ရေက နောက်ဆုံး ခုနပြောတဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတယ်ဆိုတာ ဒါက နဂိုကတည်းက ဒီလိုဖြစ်မယ်လို့ မမျှော်မှန်းထားဘူးလေ။ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ပုံမှန်ရေကျော်လာမယ်၊ ၅ ပေ၊ ၆ ပေ၊ ၇ ပေ စသဖြင့် ဒါမျိုးတွေရှိလာမယ်ဆိုရင်တော့ ကျနော်တို့မှာ Warning ပေးတာတို့ ဘာတို့ ဒီစနစ်တွေကတော့ ကျနော်တို့မှာရှိပါတယ်။ ဒါပေမယ့် ခုဟာကတော့ တစ်ပေခွဲလောက်ဆိုတဲ့အခါကျတော့ အဲဒီလောက်အထိ ကျော်တာကို အန္တရာယ်ရှိတယ်လို့ သတ်မှတ်လို့မရဘူး။ ဒါပေမယ့် ဖြစ်သွားလိုက် တဲ့အခါကျတော့၊ ချက်ချင်း ရုတ်တရက်ဖြစ်သွားတဲ့အခါကျတော့ လူတွေအတွက် ပြင်ဆင်ချိန်နည်းနည်း နည်းသွားတာပေါ့။ အဲဒါကြောင့် ခုဟာက နည်းနည်း အထိအခိုက်များတာပေါ့။ အဲဒီ ဆည်တွေမှာ ရေပိုလွှဲဆိုတဲ့ဟာ သူကလေ တကယ့် ဆည်ရဲ့ အသက်ပဲ။ အဲဒီတော့ ရေများလာရင် ဆင်းဖို့ဆိုတဲ့ လမ်းကြောင်းပေးတာ။ ဒါပေမယ့် ခုဖြစ်နေတဲ့ဟာ ဘာလဲဆိုတော့ အဲဒီလမ်းကြောင်းတစ်လျှောက်ကို လူတွေက ခုနပြောသလိုပေါ့ ဟာ ဒါတွေက ပုံမှန်အားဖြင့်တော့ ရေကြီးမှ မိုးများမှ ကျော်ရတာကို။ ပုံမှန်မကျော်တဲ့အခါကျတော့ အဲဒါတွေမှာ လူတွေက သိပ်ပြီးအလေးမထားကြဘူး။

တကယ်တော့ အဲဒီ ရေကျော်မယ့်လမ်းကြောင်းမှာရှိတဲ့ ချောင်းတွေ မြောင်းတွေ၊ ဆွာဆိုရင်တော့ ဆွာချောင်း၊ သူနဲ့ဆက်စပ်တဲ့ အနိမ့်ပိုင်းတွေမှာ၊ အဲဒီမှာ တကယ်တမ်း ရေကြီးလာရင် ဆင်းရမယ်ဆိုတဲ့ ရေလမ်းကြောင်းတွေ ပေးကိုပေးရမယ်။ ပေးရမယ်ဆိုတော့ ဥပမာဆိုရင်ပေါ့ တံတားတွေဆောက်လိုက်မယ်၊ ဒီဆောက်လိုက်တဲ့တံတားက ခုန ကျနော်တို့ မှန်းထားတဲ့ရေထုကို ခံနိုင်ရည်ရှိဖို့ မရှိဖို့ဆိုတာ ဒါတွေကအစ နဂိုကတည်းကဆောက် ကတည်းက ကြိုတွက်ရမယ်။ ဆိုတဲ့အခါကျတော့ အခုလိုရေမျိုးဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် လာမှာပဲ။ အခုလည်း လာတယ်၊ နောက်တစ်ကြိမ်လည်း ကျနော်တို့က တကယ်ရေးကြီးလာရင် လာမှာပဲ။ လာပြီဆိုရင် ခုနက ကျနော်တို့မှာ အများဆုံးဖြစ်နေတဲ့ ပြဿနာ အဲလို ရေကျော်ပြီဆိုရင်၊ ကမ္ဘာမှာလည်း အဲလိုပဲ ဆည်ကျိုးလို့ဖြစ်တဲ့ပြဿနာထက်၊ ရေကျော်လို့ဖြစ်တဲ့ ပြဿနာ ပိုများတယ်။ ဘာလို့များလဲဆိုရင် ခုန ရေကျော်လာမယ့် လမ်းကြောင်းကို လူတွေကအိမ်တွေ ဆောက်လုပ်ထားကြတယ်။

တကယ်လို့ ဒီလမ်းကြောင်းက ရှင်းရှင်းလင်းလင်း ရှိနေမယ်ဆိုရင်၊ သူ့လမ်းကြောင်း ရှင်းရှင်းလင်းလင်းဆိုရင် အခုလို ကျနော်တို့က တစ်နေရာတည်း စုပြုံမတိုးဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်က အခု ဆွာချောင်းတံတားဆောက်တယ်။ လမ်းတွေဖောက်တယ်။ ဖောက်ရမှာပဲ၊ ဆောက်ရမှာပဲ။ ဒါပေမယ့် လုံလောက်တဲ့ ရေထွက်တဲ့ လမ်းကြောင်းတွေ ပေးဖို့လိုတယ်။ မပေးတဲ့အခါကျတော့ တကယ်ဖြစ်လာပြီဆိုရင် Block တွေဖြစ်ပြီးတော့ ရေကြီးမှုတွေ၊ ရေနစ်မြုပ်မှုတွေဖြစ်ပြီးတော့ အခုလိုတွေဖြစ်ရတာ။ တကယ်တော့ ဆည်တိုင်းဆည်တိုင်းမှာ ခုနက ရေပိုလွှဲရဲ့ ရေကျော်ပေါက်တွေ၊ ရေလျှံတဲ့ လမ်းကြောင်းတွေက Clear ဖြစ်ရမယ်။ အဲဒီလို Clear မဖြစ်လို့ ကျနော်တို့နိုင်ငံမှာ ဆုံးရှုံးခဲ့တဲ့ သာဓက တွေရှိတယ်။ ခုနပြောတဲ့ မိုးတွင်းဘက်မှာ ဖြစ်တာလည်း တကယ်တော့ ရေပိုလွှဲက ရေကျော် လိုက်တာပဲ။ နှစ်ပေါင်း မြောက်မြားစွာ မကျော်ဘဲနဲ့ နေတဲ့အခါကျတော့ လူတွေက အဲ့ဒီ အပေါ်မှာ အမှုမဲ့ အမှတ်မဲ့ဖြစ်ပြီးတဲ့အခါ နောက်တော့ ရွာတွေဖြစ်လာတယ်။ ဒီဘက်မှာ လူနေတဲ့ဒေသဖြစ်လာတယ်။ တကယ်လည်း ကျော်လာပြီ ဆိုလည်းဆိုရော ပြင်ဆင်ချိန် မရလိုက်တော့ဘူး။

မေး။ ။ ဆည်ကျိုးတာထက် ရေပိုလွှဲ ရေကျော်တာကြောင့် အဓိကလို့ ပြောချင်တာပေါ့နော်။

ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ ဆည်တွေ၊ ဆည်မှန်သမျှ အဲဒီဟာလေးတွေကို လူတွေက အလေးအနက်ထားစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အားဖြင့်ကြည့်လို့ရှိရင်တော့ ဒီရေပိုလွှဲဆိုတာက ဒါအပိုပဲကွာ၊ ရေများမှ ကျော်မှာ။ ဒါပေမယ့် အဲ့ဒီကောင် သိပ်အန္တရာယ် ကြီးတယ်။ ဆည်တစ်ခု လုံးလုံးကျိုးသွားတယ်ဆိုတာ ကမ္ဘာမှာရှားပါးတယ်။ အများဆုံး ဖြစ်နေတာ ရေပိုလွှဲတွေက ကျော်ပြီးတော့ လူတွေထိခိုက်ပျက်စီးမှုက အများဆုံးဖြစ်တာ။ ဒါက ကမ္ဘာမှာချီပြီးတော့ကိုဖြစ်နေတာ။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာလည်း ဆည်တွေဆည်တွေမှာ ကျနော်ပြောချင်တာက အထူးသဖြင့် ရေပိုလွှဲလမ်းကြောင်းတွေ၊ ဒီလမ်းကြောင်းတွေက Clear လုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ချိန်မဟုတ်တစ်ချိန် ကျနော်တို့ နဂိုကတည်းက မျှော်မှန်းပြီးတော့ ရေပိုလွှဲဆိုတာ ဆောက်ထားတာ။ ဆင်းမှာပဲ၊ ဆင်းတဲ့ရေပမာဏ ဘယ်လောက်ဆင်းမှာလဲ။ ဒါလည်း တွက်ပြီးသားပဲ။ အဲဒီ ဆင်းမယ့်ပမာဏကို အောက်ကနေ လက်ခံနိုင်တဲ့ ချောင်းအနေအထားရှိရမယ်။ အဲဒီမှာရှိတဲ့ သဘာဝဘေးအတွက် အစီအမံ တွေပေါ့၊

လမ်းတွေဖောက်မယ်။ လမ်းတွေဖောက်မယ်ဆိုတော့ သူ့ရေသွားလမ်းကြောင်းပေးရမယ်။ တံတားတွေဆောက်တယ်၊ လုံလောက်တဲ့အကျယ်ပေးရမယ်။ ဒါတွေကို အခု ထည့်မတွက်ဘဲနဲ့ လမ်းဖြစ်ပြီးရော၊ တံတားဖြစ်ပြီးရောဆိုရင် တစ်ချိန်ချိန်မှာ ဖြစ်လာတဲ့အခါကျရင် ဒါ ခုဟာ ကျနော်တို့ကို နမူနာပြလိုက်တာ၊ တကယ့်အဆိုးကြီးမဟုတ်သေးဘူး။ တကယ့် နိုင်ငံတကာမှာ ဖြစ်လာပြီဆိုရင် လူတွေ ရာနဲ့ထောင်နဲ့ချီ သေကြတာ။ ဒါတွေဟာ သာဓက တွေလည်းရှိတယ်။ ဒါက ကျနော်တို့ကို Warning ပေးသေးတာပဲ။ အဲဒီတော့ ကျနော်တို့က ရှေ့ ကျနော်တို့ဆည်တွေမှာ အလားတူဖြစ်ရပ်မျိုးတွေ နောင်တစ်ချိန်ကို ပေါ်ခဲ့ရင် ငါတို့ ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဒါတွေကို လုပ်သင့်ပြီလို့ ကျနော်တော့မြင်တယ်။

မေး ။ ။ လာအိုမှာဆည်ကျိုးတဲ့ကိစ္စကျတော့ ဘယ်လိုဖြစ်တာလဲဆရာ။

ဖြေ ။ ။ လာအိုမှာကျတော့ ဆည် Failure ဖြစ်တာပဲ။ ဆည်မခံမှုကြောင့် ဖြစ်သွားတာ။ သူက လုပ်နေရင်းတန်းလန်းလို့ ကြားတယ်လေ။ ကျနော်တော့ သတင်းထဲဖတ်လိုက်ရတာပဲ သိတယ်။ ဒါက ဆည်ကျိုးတာ။ ကျနော်တို့ဆီက ဆည်ကျိုးတာမဟုတ်ဘူး။ ရေပိုလွှဲကနေပြီးတော့ ကျော်တာ။

မေး ။ ။ မြန်မာနိုင်ငံမှာ မြို့တွေ ရွာတွေရဲ့အပေါ်မှာရှိနေတဲ့ ဆည်ပေါင်းက ဘယ်နှခုလောက် ရှိလဲ ဆရာ။ အန္တရာယ်ရှိတယ်၊ မြို့တွေကို ခြိမ်းခြောက်နိုင်တဲ့ ဆည်ကြီးတွေပေါ့။

ဖြေ ။ ။ ဆည်ဆိုတာကတော့ သူက မြစ်အထက်တွေပဲ တက်လုပ်ကြတာဆိုတော့ ၂၀၀ ကျော်မယ်၊ ကျနော် အတိအကျတော့ မသိတော့ဘူး၊ ၂၀၀ ကျော်ကျော်ရှိမယ်၊ သိပ်တော့ မများလှဘူးပေါ့။

မေး ။ ။ စစ်ကိုင်း ကလေးဘက်မှာရှိတဲ့ ရာဇဂြိုဟ်ဆည်ဆိုရင်ရော ဘယ်လောက် ခြိမ်းခြောက်မှုရှိလဲ။

ဖြေ ။ ။ ရာဇဂြိုဟ်ကတော့ တကယ်တမ်းပြောမယ်ဆိုရင်၊ ကျနော် ရိုးရိုးသားသား ပြောမယ် ဆိုရင် ရာဇဂြိုဟ်ဆည်ဆိုတာ ပျက်သွားပါပြီ။ ပျက်သွားပြီဆိုတဲ့ အဓိပ္ပာယ်က ကျနော်တို့က ဆည်တစ်ခုဆောက်ပြီဆိုရင် ကျနော်တို့က ဆည်ရဲ့ Life ဆိုတာရှိတယ်၊ ဆည်ရဲ့သက်တမ်းပေါ့။ ဒီသက်တမ်းက ဘယ်ပေါ်မှာတွက်သလဲတော့ ဒီဆည်ထဲကို နုန်းဘယ်လောက် ပြည့်သွားပြီ၊ အခု ရေပေးတဲ့ဟာရှိတယ်။

အဲဒီမှာ ကျနော်တို့ နုန်းပြည့်သွားပြီ၊ ရေမပေးနိုင်ဘူးဆိုရင် အဲဒီမှာ ဆည်သက်တမ်းကုန်တာပဲ။ အဲဒီတော့ ရာဇဂြိုဟ်ဆည်ရဲ့ဖြစ်စဉ်က ဘာဖြစ်လဲဆိုတော့ သူက တစ်နှစ်တည်းနဲ့ တောင်ပေါ် ကကျလာတဲ့ နုန်းတွေက ကန်တစ်ကန်လုံး ပြည့်သွားတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် ဒီဆည်က သက်တမ်းမရှိတော့ဘူး။ နုန်းကျတယ်ဆိုတာ ကလည်း တောင်ပေါ်မှာ သစ်တော တွေပြုန်းတယ်၊ အဲတော့ မိုးရွာချလိုက်တဲ့အခါကျတော့ မြေတွေ ပျော်ဝင်လာပြီး အစုအလိုက်အပြုံလိုက် ဆည်တစ်ခုလုံး နုန်းတင်သွားတာ။ နုန်းတင်သွားတဲ့အခါကျတော့ ရှင်းရှင်းပြောလို့ရှိရင် ဒါ ဆည်သက်တမ်းကုန်သွားပြီ။ ဒါ ထပ်လုပ်လို့မရတော့ဘူး။

မေး ။ ။ အခုလက်ရှိ ရာဇဂြိုဟ်ဆည်က လုပ်လို့မရတော့ဘူးပေါ့။

ဖြေ ။ ။ တကယ်တမ်း ကျနော့်အမြင်ပြောရရင် ရာဇဂြိုဟ်ဆည်က အသစ်ကိုပြန်လုပ်မှရမယ်။ ဘာလို့လဲဆိုတော့ ဒီထဲက နုန်းကို ဖယ်ဖို့ဆိုတာ Volume သိပ်ကြီးတယ်။ အများကြီး Cost ဖြစ်မယ်။ တကယ်တမ်းဖြစ်သင့်တာက နဂိုမူလချောင်း ပြန်ဖွင့်ပြီးတော့ အထဲက နုန်းတွေကို တစ်နည်းနည်းနဲ့ပြန်လုပ်ပြီးတော့ အသစ်ပြန်ဖော်။ တကယ်တော့ ဒီဆည်က လုပ်လည်း ပိုက်ဆံကုန်တာပဲရှိမယ်။ ရေလှောင်နိုင်စွမ်းမရှိတော့ဘူး၊ နုန်းပြည့်သွားပြီ။ ရေလှောင်မှ တည်တစ်ခုက အသက်ဝင်တာကိုး။ သူက အဓိက လျှပ်စစ်ထုတ်မယ်။ ရေမလှောင်နိုင်ရင် ဘာနဲ့သွားထုတ်မှာလဲ။ လှောင်မယ့်နေရာမှာ နုန်းတွေပြည့်သွားပြီ။ ဒီပြည့်သွားတဲ့နုန်းကို ဘယ်လိုဖယ်မလဲ၊ ဖယ်ရတော့မှာပဲ။ အဲဒီတော့ လွယ်လွယ်လေးဖယ်မလား၊ နဂိုချောင်းကို ပြန်ဖွင့်၊ အထဲကနုန်းတွေကိုပြန်ထုတ် ဒီနည်းပဲရှိတယ်။ ဒါ ကျနော့်အမြင်ပေါ့။

မေး ။ ။ မြန်မာတစ်နိုင်ငံလုံးမှာ ဆရာခုနပြောတာ ဆည်ပေါင်း ၂၀၀ လောက်ရှိတယ်။ အန္တရာယ်ရှိတဲ့ဆည်ပေါင်း ၂၀၀ လောက်ရှိတယ်။ မြစ်အထက်ပိုင်းတွေမှာ တည်ထားတယ်ဆိုတာ။ အဲဒီဆည်တွေရဲ့ ကြံ့ခိုင်မှုကရော စိတ်ချရရဲ့လား အဲဒီဆည်တွေအားလုံးက။

ဖြေ ။ ။ ဆည်က ပုံမှန်ဆိုရင်တော့ နှစ်ပေါင်း ၅၀ လို့တော့ ဒီပေါ်မှာ အခြေခံတွက်တာပဲ။ ဒါပေမယ့် ဘာပဲပြောပြော အမြဲတမ်းတော့ စစ်ဆေးနေရမှာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ မမျှော်လင့်နိုင်တဲ့အကြောင်းတွေက အများကြီးရှိတယ်။ ဥပမာ-မြေငလျင်လှုပ်တာတို့၊ အောက်က Foundation ကျနော်တို့ မမြင်နိုင်တဲ့နေရာက ဖြစ်တာတို့ အကြောင်းတွေက အများကြီးပါ။ အဲဒီတော့ ပုံမှန်တော့စစ်နေရာပဲ။ ဆည်ရဲ့အနေအထားတွေ၊ Structure ရဲ့အနေအထားတွေ စစ်နေပြီးတော့ လိုအပ်တဲ့ပြုပြင်မှုကိုတော့ လုပ်ကိုလုပ်နေရမှာပဲ။ အန္တရာယ်ဆိုတာကတော့ သူ့အတိုင်းထားရင်တော့ ဖြစ်မှာပဲလေ။ ဒီအပေါ်မှာ ကျနော်တို့က မျက်ခြည်မပြတ်စောင့်ကြည့်ဖို့တော့ လိုတာပေါ့။

မေး ။ ။ ဒီဆည်တွေ အရင် ဆောက်ခဲ့တုန်းကရော တကယ် Quality မှန်မှန်ရှိရဲ့လား။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက Corruption ကိစ္စတွေ တအားများတဲ့အခါကျတော့ တိုင်းပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်လို့ရှိရင် အရည်အသွေးလျော့တာတို့ အဲ့လိုပြဿနာတွေရှိနိုင်လား အဲဒီဆည်တွေမှာ။

ဖြေ ။ ။ ဒါကတော့ နေရာတိုင်းမှာ အဲဒီအချိန်က အနည်းနဲ့အများတော့ ရှိနေကြမှာပဲ။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ခုန နှစ်ပေါင်း ၆၀ ဆိုတာ ခင်ဗျားလည်း သိတယ်။ တကယ်တမ်း အဲဒီအချိန်က အကုန်လုံး လုပ်စားတွေက တော်တော်များပါတယ်။ များတဲ့ အခါကျတော့ မရှိဘူးလို့တော့ ပြောလို့တော့မရဘူးပေါ့။ နည်းတာနဲ့များတာပဲ ကွာမှာပေါ့။ အနည်းနဲ့အများဖြစ်နေကြတာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts