All News Local News

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ဝင်စီးရှာဖွေပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို အာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးဖြစ်သည့် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေ တို့ ၃ ဦးကိုလည်း တက္ကသိုလ်ကျောင်းဆောင် အလယ်ပေါက်တွင် အာဏာပိုင်များက ဖမ်ဆီးကာ ချမ်းမြသာစည်အမှတ် ၁၀ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောင်းသားသမဂ္ဂက ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်စောက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောသည်။

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဝန်ကြီးဦးဇာနည်အောင်၊ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ၊ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် တို့ အသုဘ မီးရှိုှု့ပြီးတဲ့နောက် ရုံးခန်းကိုလည်း ဝင်စီးတယ်။ ကျောင်းသား ၃ ဦးကို လည်း ဖမ်းသွားတယ်။ အရပ်ဝတ်ရဲတွေရော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ နဲ့ လုံခြုံရေးတွေရော အားလုံးပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့နေ့လယ် ၁ နာရီတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပပြီးနောက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်များတွင် လုံခြုံရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန် ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံခဲ့ရရာ ယင်းသို့ ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပခဲ့ပြီး ယင်းအသုဘအခမ်းအနားသည် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ကို ရည်စူး၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရတနာပုံတက္ကသိုလ်အတွင်း အာဏာပိုင်များ၏ အသုဘအခမ်းအနား ကျင်းပပုံများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts