Local News political news

ရတနာပုံတက္ကသိုလ်ကျောင်းသားခေါင်းဆောင် ၃ ဦး ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရတနာပုံတက္ကသိုလ်တွင် လုံခြုံရေး တိုးမြှင့်ပေးရန် တောင်းဆိုမှုကို မလိုက်လျောသဖြင့် အာဏာပိုင်များ၏ ဓာတ်ပုံများကို မီးရှို့၍ အသုဘအခမ်းအနား ကျင်းပ သပိတ်မှောက်ခဲ့သော ရတနာပုံတက္ကသိုလ်ကျောင်းသား ခေါင်းဆောင် ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၅ ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်စောက ပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းခေါင်းဆောင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေတို့ကို ပုဒ်မ ၅၀၅ (ခ) ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ ၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ၊ မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၅ တို့ဖြင့် အမှုဖွင့်လိုက်ပြီး မန္တလေး အိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

“ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားပြီလို့ သိရပါတယ်။ အခု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကိုလည်း ချိတ်ပိတ်လိုက်ပြီ။ အခြားကျောင်းသားတွေလည်း ရှောင်နေရတယ်” ဟု ကိုမျိုးချစ်စောက ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် အမရပူရမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် ၁၀ ရဲစခန်းတို့ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

ယနေ့နေ့လယ် ၁ နာရီတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပပြီးနောက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်များတွင် လုံခြုံရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန် ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံခဲ့ရရာ ယင်းသို့ ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပခဲ့ပြီး ယင်းအသုဘအခမ်းအနားသည် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၏ဓာတ်ပုံများကို မီးရှို့၍ အသုဘအခမ်းအနားကျင်းပ သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com