All News Local News

ရခိုင်နိုင်ငံရေးသမား ဦးခင်သန်းမောင်ကို သေနတ်နဲ့ ဘယ်သူပစ်သတ်သွားလဲ (သို့မဟုတ်) အကြမ်းဖက် သတ်ဖြတ် လုပ်ကြံတဲ့ဓလေ့ ရခိုင်မှာ ထွန်းကားလာတော့မလား

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ နေထိုင်တဲ့ ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးခင်သန်းမောင်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ညပိုင်းက သေနတ်နဲ့ပစ်သတ်သွားခဲ့တာ အခုဆိုရင် ၄ ရက်မြောက်ပြီဖြစ်ပေမယ့် အခုအချိန်အထိတော့ ဘယ်သူက လက်သည်တရားခံဆိုတာ မဖော်ထုတ်သေးနိုင်တဲ့အပြင် သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားမှုကလည်း တိုးတက်မှု တစ်စုံတစ်ရာမရှိသေးပါဘူး။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သလို ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးခင်သန်းမောင် ပစ်သတ်ခံလိုက်ရခြင်းဟာ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်း ကို ဂယက်ရိုက်သွားသလို နိုင်ငံရေးသမားတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာပြီလား၊ ရခိုင်မှာ လုံခြုံမှု ကင်းမဲ့နေပြီလား၊ သေနတ်နဲ့ ပစ်သတ်တဲ့ဓလေ့ ထွန်းကားလာပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ စိုးရိမ်မှုတွေက မြင့်တက်လာနေပါတယ်။

ဦးခင်သန်းမောင်မတိုင်ခင် စစ်တွေမှာ ဖိုးလုံး သေနတ်ဖြင့် ပစ်သတ်ခံရခြင်း

ဦးခင်သန်းမောင် သေနတ်နဲ့ပစ်သတ်ခံရသလိုမျိုး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ စစ်တွေမြို့ ဝင်္ကဘာ ကွင်းမှာ ဈေးပွဲတော် ကျင်းပနေတုန်း စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေး တပ်(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံး ဟာ ဇနီးသည်နဲ့အတူ စစ်တွေ ဈေးပွဲတော်မှာ ဆိုင်ကယ်နဲ့ သွားနေတုန်း အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်သူကမှ တာဝန်ခံ ခြင်းမရှိသလို ဘယ်သူသတ်တယ်ဆိုတာလဲ အခုအချိန် လက်သည်တရားခံ မဖော်နိုင်သေးပါဘူး။ ဖမ်းဆီး စစ်ဆေးမှု တွေရှိနေပမယ့် ဘယ်သူသတ်ပါတယ်ဆိုတဲ့ လက်သည်တရားခံကတော့ ပျောက်ဆုံးနေပါပဲ။

ထွေ/အုပ် ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားမြို့နယ်၊ သရက်ချိုကျေးရွာနဲ့ ယိုးငူအကြားမှာ ရခိုင်ပြည်နယ်အစိုးရရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်နေတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရလိုက်ပါတယ်။ ဒီလုပ်ကြံမှုဟာ ရခိုင်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ပွဲကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းလိုက်မှုကြောင့် သေဆုံးထိခိုက်မှုတွေနဲ့ ဆက်စပ်မလားဆိုတဲ့ ယူဆချက်တွေရှိခဲ့ပါသေးတယ်။ နိုင်ငံရေးကြောင့် ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရသလား၊ ဘယ်လိုအညှိုးကြောင့် လုပ်ကြံခံခဲ့ရသလဲဆိုတာ အခုအချိန်အထိတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

သေချာတာတစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဘယ်လို ရန်ညှိုးကြောင့်ပဲဖြစ်ဖြစ် သေနတ်နဲ့ဖြစ်စေ၊ ပုံစံမျိုးစုံနဲ့ ဖြစ်စေ သာမန် အရပ်သားအရပ်သူကို မဆိုထားဘိ၊ အစိုးရအမှုထမ်းတွေတောင် ပုံစံမျိုးစုံနဲ့ သတ်ဖြတ်ခံရတာတွေ ရှိလာတာပါ။ တစ်နည်းအားဖြင့် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လာ နေပြီဆိုတာ ထင်ရှားပါတယ်။

ဦးခင်သန်းမောင် ဘယ်လိုလူစားလဲ

ဦးခင်သန်းမောင်ဟာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှာ အမှုထမ်းခဲ့သူလည်းဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက အငြိမ်းစား လာသူဖြစ်တာမို့ ကလေးတွေရဲ့ ပညာရေးနဲ့ ရပ်ရေးရွာရေးမှာ အင်မတန်မှ တက်တက်ကြွကြွ ပါဝင်သူလည်းဖြစ်ပါတယ်။ ရပ်ရေးရွာရေးမှာလည်း တက်ကြွလွန်းလို့ အများကလည်း ချစ်ခင်လေးစားသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်သူဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ထူထောင်ရာမှာလည်း ထူထောင်သူတစ်ဦးအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ဗဟိုကော်မတီဝင်အဖြစ်လည်း တာဝန်ထမ်း ဆောင်နေသူလည်းဖြစ်ပါတယ်။

သေချာတာက ဦးခင်သန်းမောင်ဟာ အရပ်ငြိုးရန်စကြောင့်တော့ ဒီလို သတ်ခံရတာမျိုးမဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

“နိုင်ငံရေး အရ လုပ်ကြံရလောက်အထိ ရခိုင်ပြည် နိုင်ငံရေးရေချိန် မြင့်နေပြီလား။ ဒီလောက် အထိ သတ်ပစ်လိုက်ရအောင်အထိ ဘာတွေ များ အမှားတွေကျူးလွန်လဲ။ ကျနော်တို့က အဲဒီလို တွက်ပါတယ်။ နောက် ဒီအချိန်အမတ်လောင်း၊ ကိုယ်စားလှယ်လောင်း လုနေရတဲ့အချိန်လည်းမဟုတ်ဘူး။ နောက်တစ်ခုက ဒီပုဂ္ဂိုလ်က အဲဒီဒေသမှာ ရပ်ရေးရွာရေးမှာ တော်တော်လေး တက်တက်ကြွကြွရှိတယ်။ ကျောင်းဆရာ အငြိမ်းစားတစ်ယောက် ။ အဲဒီဒေသမှာ ပညာရေးလိုင်းကလာတဲ့အတွက်ကလေးတွေ ပညာရေး အတွက်လည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်တာရှိတယ်။ နိုင်ငံရေးထဲမှာလည်း ၂၀၁၇ ပါတီပြန်ထောင်တဲ့အခါမှာ ပါတီ ထူထောင်သူထဲမှာ တစ်ဦးပါအဝင်ဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်လည်း ယှဉ်ပြိုင်ခဲ့သေးတယ်” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ထိုက်ထိုက်ထွန်း အကောင့်က ဦးခင်သန်းမောင်ကို ခြိမ်းခြောက်ခြင်း

လူမှုကွန်ရက် စာမျက်နှာမှာ ထိုက်ထိုက်ထွန်း ဆိုတဲ့ အကောင့်တစ်ခုရှိနေပြီး အဲဒီအကောင့်မှာ သူငယ်ချင်း ၄၉၉၆ ဦးရှိကာ Follower ၄၆၂၁ ဦး ရှိပါတယ်။ များသောအားဖြင့် ဒီအကောင့်မှာ မြန်မာအစိုးရစစ်တပ်ကို ဦးတည် တိုက်ခိုက်မှုတွေကို ရေးသားဖော်ပြပြီး ရခိုင်တပ်မတော် လို့ ခေါ်တဲ့ AA ကို ထောက်ခံတဲ့ စာသားတွေ မြောက်မြားစွာ ရေးသားဖော်ပြထားတဲ့ အကောင့်လည်းဖြစ်ပါတယ်။ ထိုက်ထိုက်ထွန်းအကောင့်ဟာ ရခိုင်လူငယ်တွေကြားမှာ ရေပန်းစားတဲ့အပြင် ထောက်ခံတဲ့ Comment များစွာ ကိုလည်း တွေ့မြင်ရပါတယ်။

ပြောက်ကျားဝတ်စုံဝတ် သေနတ်ကိုင်ထားတဲ့ Profile ပုံရှိတဲ့ ထိုက်ထိုက်ထွန်း အကောင့် ( https://www.facebook.com/profile.php?id=100028996081400) မှာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတေးတပ် တစ်ခုတင်ခဲ့ပါတယ်။

အဲဒီစတေးတပ်ကတော့ “မြေပုံမြို့နယ် ကြာအင်းတောင်ရွာက ကျောင်းဆရာခင်သန်းမောင် ဗမာအစိုးရကို သတင်းပေးနေသည်” ဆိုတဲ့ စတေးတပ်တင်ထားပြီး ရှယ်သူ ၆၄၇ ဦးကျော်နဲ့ Comment ၁၀၀ ကျော်ရှိပါတယ်။

Comment မှာ ထိုက်ထိုက်ထွန်းအကောင့်ပိုင်ရှင်က ဘိုဘိုမင်းသိုက်လို ဖြစ်မယ်ဆိုပြီး Comment ပေးထားပါသေးတယ်။ အဲဒီစတေးတပ်ကို တင်ပြီး တစ်လ အကြာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ဦးခင်သန်းမောင် ပစ်သတ်ခံလိုက်ရတာပါ။

ဦးခင်သန်းမောင်ပစ်သတ်ခံရမှုမှာ AA ကိုအားပေးတဲ့ ထိုက်ထိုက်ထွန်းအကောင့်နဲ့ပတ်သက်နေသလား၊ ဒါမှမဟုတ် AA နဲ့ပတ်သက်နေသလား ဆိုတဲ့ မေးခွန်းတွေက ထွက်ပေါ်လာပါတယ်။

ဦးခင်သန်းမောင် ပစ်သတ်ခံရမှု AA နဲ့မပတ်သက်ဘူးလို့ဆို

ရခိုင်တပ်မတော်(AA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မြေပုံမြို့နယ်က ဦးခင်သန်းမောင် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စမှာ AA က ပါဝင်ပတ်သက်မှုမရှိဘဲ မြန်မာစစ်တပ်နဲ့ အဆက်အဆံရှိလို့ စစ်တပ်က နှုတ်ပိတ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ ဖြစ်နိုင်တာကတော့ သူက ဗမာစစ်တပ်နဲ့ အမြဲတမ်းကို ဟိုဥစ္စာဖြစ်တဲ့၊ ဗမာစစ်တပ်ကနေပြီးတော့ တစ်ခုခုကိစ္စကြောင့် နှုတ်ပိတ်တာဖြစ်နိုင်တယ်။ ကျနော်တို့နဲ့ဘာမှ မပတ်သက်ဘူးဗျ အဲဒီကိစ္စက” လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်လင်းထွန်းကို ရန်ကုန်ခေတ်သစ်က အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါဘူး။

မိသားစုနဲ့ ရခိုင်အမတ်ရဲ့ အမြင်

ဦးခင်သန်းမောင် သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ မိသားစုက မြေပုံမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့်လည်း အခုအချိန်အထိတော့ တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးလို့ မိသားစုဝင်တွေက ပြောပါတယ်။

” ကျမတို့ အမှုဖွင့်ထားပါတယ်။ ဒါပေမယ့် ရဲစခန်းက ပြောတာက စုံစမ်းဆဲလို့ပြောတယ်။ဘာမှ တိုးတက်မှုတော့မရှိသေးဘူး” လို့ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကတော့ ဦးခင်သန်းမောင်ကို လုပ်ကြံသတ်ဖြတ်မှုဟာ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေ ပြနေပြီး သေနတ်တွေ အလွယ်တကူ ရနေပြီလားလို့ လည်း မေးခွန်းထုတ်ပါတယ်။

“တရားဥပဒေစိုးမိုးမှုကတော့ အားနည်းနေတာ အမှန်ပဲ။ ဒါကတော့ လက်ခံရမယ်။ ကျနော်တို့ကြားတာကတော့ ပုဂ္ဂိုလ်ရေးလား၊ နိုင်ငံရေးလား ဒါတွေက အလှမ်းကွာတော့ သိပ်မသိဘူး။ ဒါပေမယ့် ဥပဒေစိုးမိုးမှုကတော့ အတော်ကို နည်းနေတယ်” လို့ ဦးထွန်းသာစိန်က ဆိုပါတယ်။

ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ရခိုင်လူထုတွေကြားမှာတော့ ဦးဘိုဘိုမင်းသိုက်၊ ဖိုးလုံးနဲ့ ဦးခင်သန်းမောင်တို့လို့ ဖြစ်ရပ်တွေ ထပ်ပြီး ဖြစ်လာမှာကို စိုးရိမ်နေမှုတွေက မြင့်တက်နေဆဲဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts