All News Local News

ရခိုင်တွင် မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်လွှတ်တော်အတည်ပြုမှု ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး လက်တွေ့မကျဟု NLD တုံ့ပြန်

အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ခြင်းသည် နိုင်ငံကို ဦးဆောင်နေသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး လက်တွေ့မကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

အမေရိကန်အောက်လွှတ်တော်က မွတ်စလင်များအပေါ် အစိုးရ စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းမှုခဲ့မှု ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်ချက်အမှတ် ၁၀၉၁ ကို ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ ကျနော်တို့မြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဦးဆောင်ခေါင်းဆောင်ပြုတဲ့သူမှာတော့ ဂုဏ်သိက္ခာညှိုးနွမ်းတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ ခေါင်းဆောင်တစ်ဦးတည်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဒါကတော့ အမေရိကန်က သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကျနော်တို့ နိုင်ငံကို အကဲခတ်တာကိုး။ ကျနော်တို့နိုင်ငံရဲ့ ပကတိအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရင်တော့ ပိုပြီး လက်တွေ့ကျမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ကိုက်ညီခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလို မကောင်းတဲ့ ဆုံးဖြတ်ချက်၊ ကျနော်တို့နိုင်ငံအတွက်က ဒီလို ဆုံးဖြတ်ချက် ချခံလိုက်ရတော့ မကောင်းတဲ့အနေအထားတစ်ခုပါပဲ။ သို့သော်လည်း ဒါ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတဲ့လူတွေဆိုတော့ သူတို့ အင်အားသုံးပြီး လုပ်သွားတာပေါ့။ လက်တွေ့နဲ့ ကိုက်ညီခြင်းမရှိဘူး။ အဲဒီလိုလုပ်တဲ့အတွက် စိတ်မကောင်းဘူး။ ကျနော်တို့က အဖြစ်မှန်ကိုသိအောင် ဆက်လက်ပြီး ရှင်းပြသွားမယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

အမေရိကန်အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအပေါ်လည်း သက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံအတွက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမှာ ယုတ်လျော့သွားနိုင်ပါတယ်။ ဒီအခက်အခဲတွေရှိပါတယ်။ နိုင်ငံရေးအရတော့ ရခိုင်အရေးက ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးလို့ သူတို့လက်ခံမယ်ဆိုရင်တော့ ဒီမှာ ပြဿနာမရှိပါဘူး။ သို့သော် သူတို့နိုင်ငံတွေမှာ ရခိုင်ပြည်မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီးတော့ သူတို့နိုင်ငံတွေရဲ့ဝါဒဖြန့်မှု အတိုင်းပဲ ဆောင်ရွက်နေမယ်ဆိုရင်တော့ နိုင်ငံရေးမှာတော့ အကြိတ်အခဲ အခက်အခဲတွေရှိနေမယ်။” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

လတ်တလော အမေရိကန်အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မြန်မာအစိုးရက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com