All News Local News

မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအရ မြေသိမ်းလာလျှင် လမ်းပေါ်ထွက် ဆန္ဒပြနည်းနှင့် လက်နက်ကိုင် တော်လှန်နည်းသာ သုံးရန်ရှိဟုဆို

နန့်အိသူ/ရန်ကုန်ခေတ်သစ်

အစိုးရကနေ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေသစ်အရ မြေသိမ်းမှုများ လုပ်ဆောင်လာပါက လမ်းပေါ်ထွက် ဆန္ဒပြလုပ်ဆောင်သွားရန်နှင့် လက်နက်ကိုင် တော်လှန်သွားရန်သာ ရှိနေကြောင်း ကရင်နီမြေအလုပ်ရုံဆွေးနွေးပွဲကနေ ထုတ်ပြန်ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက် မှ ဒီဇင်ဘာ ၅ ရက်အထိ ကယား(ကရင်နီ) ပြည် ၊ ဒီးမောဆိုမြို့တွင် ကရင်နီမြေအလုပ်ရုံဆွေးနွေးပွဲ ( Karennei Land Seminar ) ကို ကျင်းပခဲ့ပြီး ကယား (ကရင်နီ)ပြည်အတွင်းရှိ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ ကိုယ်စားလှယ်များ၊ လူထုအခြေပြု အရပ်ဖက် လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ၊ ဒေသခံ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလနှင့် ပြင်ပလေ့လာသူများ စုစုပေါင်း (၁၇၅) ဦး တက်ရောက်ကြောင်း သိရသည်။

ကရင်နီမြေ အလုပ်ရုံဆွေးနွေးပွဲ ပြောရေးဆိုခွင့် ခွန်းအန်းဂျေလိုပျံ က ဒေသခံတောင်သူများ၊ ဌာနေတိုင်းရင်းသားများ ကြုံတွေ့နေရသော မြေယာအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများ၊ ကရင်နီမြေမူဝါဒဆိုင်ရာအကြောင်းအရာများကို အဓိကထားသုံးသပ်ဆွေးနွေးခဲ့ကြောင်း ပြောဆိုသည်။

“NLD အစိုးရကနေ ဒီမြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို ထုတ်ပြန်သွားမယ်ဆိုရင် ကျနော်တို့ ကရင်နီပြည်သူတွေကတော့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမယ်။ ဒါမှမရရင်တော့ ကျနော်တို့အနေနဲ့ လက်နက်ကိုင်တော်လှန်သွားဖို့ပဲ ရှိတော့တယ်“ ဟု ခွန်းအန်းဂျေလိုပျံက ပြောသည်။

လက်ရှိတွင် ကရင်နီ ဌာနေတိုင်းရင်းသားများ၏ မြေအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် လုံခြုံမှု ရရှိစေရန်အတွက် ကရင်နီမြေမူဝါဒကို ကရင်နီပြည်၏ ဘုံမြေမူဝါဒအဖြစ် အသုံးပြုသွားဖို့ ဆွေးနွေးပွဲကနေ အတည်ပြုဆုံးဖြတ်ကြောင်း သိရှိရသည်။

“သူတို့ သဘောတူလိုက်တယ်၊ အနေအထားမှာလည်း ကျနော်တို့ တကယ်တမ်း ကျနော်တို့ တိုင်းရင်းသားတွေကို ဒီမြေအသုံးချမှုကို အသိအမှတ်ပြုပေးခဲ့မယ်။ နည်းဥပဒေ၊ ဥပဒေထဲ ထည့်သွင်း ပေးခဲ့မယ်ဆိုရင် ကျနော်တို့က ကိုယ်ပြည်နယ်အလိုက်၊ လူမျိုးစုအလိုက် ဒီလိုဥပဒေတွေ ကိုယ်ဘာသာကိုယ် ရေးဆွဲစရာမလိုဘူး။ အခုလက်ရှိမှာတော့ တိုင်းရင်းသားတွေ ရိုးရာဓလေ့တွေကို အသိအမှတ်မပြုတဲ့အပြင် အကာအကွယ်မပေးတဲ့အပြင်၊ ဥပဒေထဲ တည့်သွင်းရေးဆွဲထားတာမရှိတဲ့အတွက် ဒီအတွက်ကြောင့် ကရင်နီ မြေယာမူဝါဒဆိုပြီးတော့ ဒါကိုလုပ်ရခြင်းဖြစ်တယ်”ဟု ကရင်နီမြေ အလုပ်ရုံဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ စောဖိုးဆွိက ပြောဆိုသည် ။

လက်ရှိ မြေလွတ်မြေရိုင်းဥပဒေသစ်ဟာ ကရင်နီမြေမူဝါဒနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် ဌာနေတိုင်းရင်းသားများကိုပါ ရာဇဝတ်သားအဖြစ် တွန်းပို့နေကြောင်း ပြောဆိုသည် ။

“အခုလက်ရှိတော့ ဒီမြေလွတ်မြေရိုင်းနဲ့ပတ်သက်ရင် ကျနော်တို့ ပြည်နယ်မှာက မြေလွတ်မြေလပ် မြေရိုင်း မရှိဘူး။ ကျနော်တို့ ဒေသခံတွေကလည်း သူဟာနဲ့သူ အသိအမှတ်ပြုကာကွယ် ထိန်းသိမ်းကြတဲ့ အရာတွေ ရှိတယ်ဆိုတော့ ဒီအပေါ်မှာ ဘာစိန်ခေါ်မှုတွေ ရှိလဲဆိုတော့ ကျနော်တို့ တောင်ပေါ်တိုင်းရင်းသားတွေကို ရာဇဝတ်သားကောင် ဖြစ်အောင်လုပ်နေတဲ့ ဥပဒေတစ်ခုဖြစ်တယ်” ဟု စောဖိုးဆွိက သုံးသပ်ပြောဆိုသည်။

လက်ရှိ ကရင်နီ ဌာနေတိုင်းရင်းသားတွေအနေဖြင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ မြေယာကို ကျင့်သုံးရာတွင် မိသားစု တစ်စုနှင့်တစ်စု၊ ဆွေမျိုးစု တစ်စုနှင့်တစ်စု၊ မျိုးနွယ်စု တစ်စုနှင့်တစ်စု ပိုင်မြေများကို အချင်းချင်းလေးစားအသိအမှတ်ပြုပြီး ကျင့်သုံးလာခဲ့ကြောင်း၊ မိသားစုအလိုက်၊ ဆွေမျိုးစုအလိုက်၊ မျိုးနွယ်စုအလိုက် နေထိုင်သည့် မြေယာနယ်နိမိတ်သည် အထင်အရှားရှိနေပြီးသားဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အစဉ်အဆက် ဘိုးဘွားပိုင်မြေယာများသာ ရှိခဲ့ပြီး လက်ရှိအစိုးရ သတ်မှတ်ထားသည့် ဥပဒေပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းသည် ကရင်နီဌာနတိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေများနှင့် ကိုက်ညီမှု မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ဘက်မှာက သူတို့ဘာသာသူတို့ အချင်းချင်းအသိအမှတ်ပြုတဲ့ စနစ်နဲ့ သွားကြတယ်။ အချင်းချင်း နားလည်မှုတွေနဲ့ သွားကြတယ်။ တစ်သွေးတစ်သံ တစ်မိန့် သူတို့ရဲ့ ကိုယ်ပိုင်၊ ဘယ်လိုပြောရမလဲ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့တဲ့ပုံစံတွေနဲ့ အချင်းချင်းအသိအမှတ်ပြုပြီး ကိုယ့်ဘာသာကိုယ် ဒီမြေပေါ်မှာ စီမံခန့်ခွဲတဲ့စနစ်နဲ့ သွားတယ်။ ဘယ်တော့မှ မြေလုတဲ့စနစ် မရှိဘူး။ မှတ်ပုံတင်လည်း တင်စရာမလိုဘူး။ အချင်းချင်းနားလည်မှုတွေနဲ့ နေလာခဲ့တာ ဒီအချိန်အထိပါပဲ။ ပြီးတော့ ကျနော်တို့ဘက်မှာက များတာက ဓလေ့ထုံးတမ်းနဲ့ ထိန်းထားတယ်။ မြေတွေက အများကြီးပဲ။ ကျနော်တို့ဆီမှာ ပူဇော်ပသ မြေ ၊ အမျိုးစုံလည်း ခေါ်ကြတယ်။ သူဟာသူတော့ ရှိကြတာပေါ့။ လက်ရှိ ဥပဒေနဲ့တော့ မတူဘူး။ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေနဲ့ မကိုက်ဘူး ။ လက်ရှိဥပဒေကလည်း မြေကို ရောင်းကုန်အဖြစ် သတ်မှတ်နေတယ်။ ပြီးတော့ လက်ရှိအရှိတရားကို ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာအသုံးပြုမှုကို အသိအမှတ်ပြုဥပဒေထဲ မထည့်ပေးသည့်အပြင် ကြည့်လိုက်မယ်ဆိုရင် သေချာတာတော့ ကျနော်တို့ တိုင်းရင်းသားဘက်က မြေတွေအပြင် အောက်မြေ ၊ အောက်မှရှိတဲ့ သယဇာတတွေပါ လုယူချင်တဲ့အနေအထားတစ်ရပ်နဲ့ ဒီဥပဒေတွေကို ပြဌာန်းတယ်လို့ ဒီလိုပဲ မြင်မိတယ်“ ဟု စောဖိုးဆွိက ပြောဆိုသည်။

အစိုးရ၏ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာ ၃၀ ရက်စွဲပါ ထုတ်ပြန်ကြေညာချက်အရ လက်ရှိမြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေထဲတွင် ပါရှိသော ဥပဒေပုဒ်မ (၂၂) ပုဒ်မခွဲ (ခ) အရ ဥပဒေအတည်ပြုပြဌာန်းပြီး ခြောက်လအတွင်း သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်တွင် ၂၀၁၇ ခုနှစ်က အစိုးရသိမ်းဆည်းထားသော မြေယာများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts