All News Business Local News

မြန်မာကုန်သည်များ သိန်းသောင်းချီ အရှုံးပေါ်နေ၍ ကျင့်ဆန်းကျော့ နယ်စပ်ဂိတ်ပြန်ဖွင့်ပေးရေး တောင်းဆို

နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရှမ်းပြည်၊ မြောက်ပိုင်း ၊ မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ် ဖြစ်သည့် ကျင့်ဆန်းကျော့ နယ်စပ်ဂိတ်ကို ပိတ်ပင်ထားမှုကြောင် မြန်မာကုန်သည်များ သိန်းသောင်းချီ အရှုံးပေါ်နေပြီး ယင်းဂိတ်ကို ပြန်လည်ဖွင့်ပေးရန်အတွက် ၁၀၅မိုင် ၊ ကုန်သွယ်ရေးဇုန် ၊ သစ်သီးဝလံ ကုန်စည်ဒိုင်များက တောင်းဆိုလိုက်သည်။

အရှေ့မြောက်တံခါးအ များနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိ ချုပ် ဦးအောင်ကျော်မိုး က “အခုအခြေအနေတွေကို ညှိနှိုင်းလိုက်တာက ပန်ဆိုင်းကနေ ဝင်လို့ရတယ်။ ဒါပေမဲ့ တကယ် ကားတွေဝင်တော့ အဆင်မပြေဘူး။ ဘာဖြစ်လဲဆိုတော့ လမ်းလည်း မကောင်းဘူး။ အဝင်အထွက်လည်း ကြန့်ကြာတယ်။ ကြန့်ကြာတယ်ဆိုတော့ ၂ရက်ပေါင်း ပထမလမ်းပေါ်မှာပိတ်နေတဲ့အစီးရေ ၆၀၀ ကျော်မှ ၂၀၀ ကျော်လောက်ပဲ ဝင်လို့ရတယ်။ ကျန်တဲ့ကားအများစုကတော့ လမ်းပေါ်မှာပဲ ထပ်ပြီး ကျန်သေးတယ်။ အဲဒီအပြင် ကွင်းထဲမှာ တောက်လျှောက်ဝင်နေတဲ့ကားတွေနဲ့ဆိုရင် အရောင်းဝင်းထဲမှာရှိနေတဲ့ကားက ၁၀၀၀ ထောင် ကျော်သွားပြီ ။ နဂိုသွားနေကျ ကျင့်စန်းကျော့ဂိတ်ကို ဖွင့်ပေးမှ အဆင်ပြေမှာ ” ဟု ပြောဆိုသည်။

လက်ရှိအခြေအနေတွင် ကျင့်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးရန် အာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်သဖြင့် အချိန်အတိုင်းအတာအရ မည်သည့်အချိန် ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိနိုင်ကြောင်း ဦးအောင်ကျော်မိုး ကပြောဆိုသည်။

လတ်တလော ပိတ်မိနေသော ကားများပေါ်ရှိ သစ်သီးဝလံများ၏ အရည်အသွေးမှာ ကျဆင်းနေပြီး ပျက်စီးဆုံးရှုံးမှုများလည်းရှိနေကြောင်း သိရှိရသည်။

“ အခုလိုမျိုး လမ်းပိတ်သွားတာအတွက်ကြောင့် ကုန်စိမ်းဆိုတာ အတက်နိုင်ဆုံး သူက ဈေးကွက် ထဲ အချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန် လတ်လတ်ဆတ်ဆတ် ရောက်မှာ ရတာ။ အဲဒါကြောင့်မို အခုပိတ်မိနေတဲ့ အသီးတွေက ဘာဖြစ်လဲဆိုတော့ တောင်သူတွေက ရောင်းလိုက်တယ်။ ရောင်းပြီး ထွက်သွားတယ်။ ရောင်းတယ်ဟေ့ ဆိုတာနဲ့ သူက အစိုးရကို ဝင်ငွေခွန် သူပိုက်ဆံဆောင်ခဲ့ရတာ။ ဆောင်ခဲ့ပြီးမှ ဒါတွေက တစ်ဖက်နိုင်ငံ တရုတ်ကို ရောက်မှာ သူပိုက်ဆံ ပြန်ရတာ ။ မရောက်ဘဲ အခုလို့ Block ဖြစ်သွားတဲ့အချိန်မှာ အသီးဈေးကျပြီးတော့ အနည်းဆုံး ၃ ၊ ၄ တန် ကနေ ကားတစ်စီးရဲ့ တန်ချိန် တစ်ဝက်လောက် ၊ ၇ တန် ၈ တန်လောက် အသီးတွေ အရည်အသွေးမမှီတာတွေ ဖြစ်သွားတယ်။ ပုပ်သွားတယ်။ ကျန်တဲ့ တစ်ဝက်လောက်ကလည်း အရည်အသွေးက ကျသွားတယ်။ ကျသွားတဲ့ အခါ ဒီမှာ ရောင်းလိုက်တဲ့ ဈေးအတိုင်း တစ်ဖက်မှာ ပြန်မရတော့ဘူး ။ ပြန်မရတဲ့အတွက်ကြောင့် တောင်သူတွေဘက်က ကားခတောင်အနိုင်နိုင်ဖြစ်သွားတယ်။ သူတို့ တင်လာတဲ့ ကားခတောင် အနိုင်နိုင် ဖြစ်သွားတယ်။ တောင်သူတွေ ဆုံးရှုံးတာသည့် နိုင်ငံတော် ဆုံးရှုံးတာ အတူတူပါပဲ။ အဲ့တာကြောင့် ဒီတစ်ပတ်လောက်မှ ဖြစ်ပွားတဲ့ ပြဿနာက တောင်သူတွေအတွက် အများကြီး ထိခိုက်နစ်နာ ဆုံးရှူံးဖြစ်သွားပါတယ်” ဟု ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်၍ နယ်စပ်ဂိတ်ပိတ်လိုက်မှုကြောင့် သစ်သီး ကုန်စည်ဒိုင်များ ဘက်နေ သိန်းသောင်းချီ ဆုံးရှူံးမှု ပမာဏာ ကြီးမားခဲ့ကြောင်း ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပိုရောင်းချနေသော သစ်သီးကားများ ဝမ်တိန်ကုန်ချကွင်းသို့ ဝင်ရောက်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းရှိ စစ်ဆေးရေးဌာနများတွင် စစ်ဆေးနေမှုများ နှေးကွေးခြင်း ၊ ဝင်ရောက်သော ကားအစီးရေနှင့် လူအင်အား များပြားသလောက် တရုတ်ဘက်ခြမ်းက မျှတသော ဝန်ထမ်းအင်အား တိုးချဲ့ ပေးခြင်း မရှိမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

မူဆယ်မြို့ ၊ သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်က “ ဆုံးရှုံးနစ်နာမှု ပမာဏကတော့ သိန်းသောင်းချီပြီး ဆုံးရှုံးမှု ရှိပါတယ်။ လက်ရှိမှာ ကုန်စည်တွေက အခု ကြူကုတ်- ပန်ဆိုင်း လမ်းကနေ သွားနေတယ် “ ဟု ပြောဆိုသည်။

မြန်မာ- တရုတ် နှစ်နိုင်ငံ ညှိနှိုင်းမှု အခြေအနေအရ သစ်သီးကားများအား ပန်ဆိုင်းဂိတ်မှ ဝင်ခွင့်ပေးထားပြီး ယခုလက်ရှိ လမ်းပေါ် တွင် ပိတ်မိလျှက်ရှိနေသည့် သစ်သီးကားများ နှင့် သစ်သီးရောင်းကွင်းအတွင်းရှိ ရပ်ဆိုင်းနေသော သစ်သီးကားများကို ရှင်းလင်းပြီးမှသာ အရောင်းအဝယ် ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အရှေ့မြောက်တံခါးအ များနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိ ချုပ် ဦးအောင်ကျော်မိုး က ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com