Local News political news

မြစ်ကြီးနားတွင် အင်အား ၆၀၀၀ တက်ရောက်မည့် ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးအတွက် လူထုဆန္ဒဖော်ထုတ်ပွဲ အာဏာပိုင်များ တားဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးကို ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ၅ သိန်း ချမှတ်ခံထားရမှုကို ကန့်ကွက်သည့်အနေဖြင့် မြစ်ကြီးနားတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သည့် လူထုဆန္ဒဖော်ထုတ်ပွဲကို အာဏာပိုင်များက တားဆီးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် အင်အား ၆၀၀၀ တက်ရောက်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒပြပွဲအတွက် သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီးဖြစ်သော်လည်း အာဏာပိုင်များက တားဆီးလျက်ရှိကြောင်း Kachin Youth Movement မှ ကိုဝန်ဇွန်းက ပြောသည်။

“ဥပဒေအတိုင်း ကျနော်တို့ အားလုံးကို အကြောင်းကြားထားပြီးပြီ။ ဥပဒေအတိုင်း မျှတမှုလိုချင်တယ်။ အားလုံးတိုင်ပင်ပြီး ညှိနှိုင်းဆက်လုပ်သွားမယ်” ဟု ကိုဝန်ဇွန်းက ပြောသည်။

လတ်တလော အာဏာပိုင်များက လူထုဆန္ဒပြပွဲကြီးအတွက် အံတော်ရှင်နှင့် အထက (၁) လမ်းကြောင်းကို အသုံးပြုခွင့်မပေးနိုင်ကြောင်း မြစ်ကြီးနားမြို့နယ် မြို့မရဲစခန်းမှူးမြင့်မိုးက အကြောင်းကြားလာပြီး ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း Kachin Youth Movement ထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts