All News Local News

မိတ္တီလာအရေးအခင်းမှာ မွတ်စလင်တွေ အစုလိုက် အပြုံလိုက် သတ်ခံရချိန် အာဏာပိုင်တွေ လက်ပိုက်ကြည့်နေခဲ့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်း၊ မိတ္တီလာမှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မိတ္တီလာအရေးအခင်းမှာ မွတ်စလင်တွေ အစုလိုက် အပြုံလိုက် သတ်ခံခဲ့ရချိန်မှာ ရဲတပ်ဖွဲ့၊ လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့ ဘာမှ ဝင်ရောက်ဟန့်တားခြင်းမရှိဘဲ ဒီအတိုင်း လက်ပိုက်ကြည့်နေသလို နေခဲ့ကြကြောင်း ဦးဝင်းထိန်ရေးသားတဲ့ သံသရာတကွေ့ စာအုပ်မှာ ဖော်ပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မိတ္တီလာဈေးအတွင်းက ရွှေဆိုင်တစ်ခုမှာ လာရောင်းတဲ့ မွတ်စလင် မိသားစုနဲ့ ဆိုင်ရှင်မိသားစုတို့ အငြင်းပွားရာက စတင်ခဲ့ပြီး ဘုန်းတော်ကြီးတစ်ဦး မွတ်စလင်တွေ ဝိုင်းရိုက်လို့ ပျံလွန်တော်မူချိန်မှာ အရှိန်အဟုန်မြင့်သွားခဲ့တဲ့ မိတ္တီလာအရေးအခင်းမှာ မွတ်စလင်များစွာ သေဆုံးခဲ့ပါတယ်။

ဦးဝင်းထိန်က မိတ္တီလာအရေးအခင်းနဲ့ပတ်သက်ပြီး အဲဒီအချိန်က အဲဒီဒေသရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်လို့ အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြရေးသားခဲ့ပါတယ်။

သံသရာတကွေ့ စာအုပ်ရဲ့ စာမျက်နှာ ၆၂၇ မှ စာမျက်နှာ ၆၃၂ အထိ စာမျက်နှာ ၅ မျက်နှာတိတိ မိတ္တီလာအရေးအခင်းအကြောင်း ဦးဝင်းထိန်က ရေးသားခဲ့ပြီး မိတ္တီလာမြို့သားလို့ ပြောရတာ ရှက်တယ်လို့ ဖော်ပြရေးသားထားပါတယ်။

“ကျနော်ရောက်သွားချိန်မှာ မွတ်စလင်တွေပေါ်မှာ မကျေမနပ်နဲ့ အော်ဟစ် ကြွေးကြော်သံတွေ ညံနေပါတယ်။ မလှမကမ်းက အိမ်တွေကို လူတချို့ မီးရှိုးနေတာလည်း မြင်နေရပါတယ်။ ရဲလက်နက်ကိုင် တပ်ဖွဲ့တွေ ရှိပါလျက်နဲ့ ဘယ်သူကမှ ဘာအမိန့်မှ မပေးပါ။ ဒါကြောင့်လူတချို့က ဖျက်လိုဖျက်ဆီး လုပ်နေတာကိုလည်း တာမြစ်မယ့် သူ ဘယ်သူမှ မရှိပါ။ တာဝန်ရှိသူအားလုံးရပ်ကြည့်နေကြတဲ့ သဘောဖြစ်နေပါတယ်။ ကျနော်က နယ်/လုံဝန်ကြီး၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်များနဲ့ ခရိုင်ရဲမှူးကြီးတွေဆီသွားပြီး အကျိုးအကြောင်း မေးတော့လည်း သူတို့ဆီ ဘာမှ ရေရာတဲ့ တုံ့ပြန်မှု မရပါ” လို့ စာမျက်နှာ ၆၂၈ မှာ ဦးဝင်းထိန်က ရေးသားထားပါတယ်။

အလားတူပါပဲ စာမျက်နှာ ၆၃၀ မှာလည်း “အော်နေတဲ့လူတွေထဲက သုံး-လေးယောက်လောက်က တန်းစီရပ်နေတဲ့ ရဲတွေကြားက ပြေးဝင်သွားပြီး မလှမ်းမကမ်းမှာရှိနေတဲ့ မွတ်စလင် လူအုပ်ထဲက လူငယ်တစ်ယောက်ကို ဆွဲခေါ်လာပါတယ်။ ကောင်လေးက ၁၄-၅ နှစ်လောက်ရှိဦးမှာပါ။ အဲဒီကလေးကို ၁၄-၅ ယောက်လောက်ရှိတဲ့ လူအုပ်က ဝိုင်းရိုက်လိုက်ကြတာ ပုံလဲကျသွားပါလေရော။ ရဲတွေ တန်းစီရပ်ထားပုံက တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သုံး-လေးပေလောက် ခြားနေတော့ ရဲက ဘာမှ မလုပ်မှန်းသိလေ၊ သူတို့က အတင့်ရဲလာလေပါပဲ။ ဒီလိုနဲ့ ကျနော် အဲဒီမှာ နာရီဝက်လောက် အချိန်အတွင်း လူငယ် လေး-ငါးယောက်လောက်ကို ဆွဲခေါ်ပြီး ရိုက်နှက်ပြီးပါပြီ။ သေကုန်ကြလောက်ပါပြီ” လို့ ဦးဝင်းထိန်က ရေးပါတယ်။

စာမျက်နှာ ၆၃၁ မှာတော့ “ကျနော်လည်း ဝန်ကြီးချုပ်နဲ့ ငြင်းရ၊ ခုန်ရတာ စိတ်ပျက်ပြီး အခင်းဖြစ်ပွားတဲ့နေရာကို ပြန်သွားပါတယ်။ အဲဒီနေရာရောက်တော့ သတ်ထား၊ ဖြတ်ထားတဲ့ သူတွေရဲ့ အရေအတွက်က ပိုများလာပြီး အပုံလိုက်တွေ့ရပါတယ်။ ခန့်မှန်းချေ ၄၀ လောက်ရှိမယ်ထင်ပါတယ်။ အရေအတွက်နဲ့ပတ်သက်လို့ သတင်းမီဒီယာများကလည်း အမျိုးမျိုးရေးသားခဲ့ပါတယ်။ လူအုပ်ကြီးက အစုလိုက်အပြုံလိုက် သေနေတဲ့ အလောင်းတွေပေါ်ကို ဓာတ်ဆီဖျန်းပြီး မီးရှို့နေကြပါတယ်။

ကန်ဘောင်အောက်က တစ်နေရာမှာ လူသတ်ပွဲဖြစ်နေတဲ့အချိန်နဲ့ တစ်ပြိုင်နက် လူအုပ်ကြီးတွေကလည်း မြို့လယ်ကောင်က မွတ်စလင်ပိုင်တဲ့ ဆိုင်တွေ၊ အိမ်တွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို ဖျက်ဆီးနေကြပါပြီ၊ မီးရှို့နေကြပါပြီ။ ဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းတွေကိုလည်း လုယက်နေကြပါပြီ။ ဘယ်လောက်များ အတင့်ရဲကြသလဲ ဆိုရင် ဆိုင်တစ်ဆိုင်က ရေခဲသေတ္တာကြီးကို မော်တော်ဆိုင်ကယ်ပေါ် မနိုင်မနင်းနဲ့ တင်ပြီး သယ်သွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြာင့် လူ ၄၀ ဦး ကျော် သေဆုံးပြီး အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရတရားဝင်သတင်းထုတ်ပြန်ပြီး အဲဒီအချိန်က သမ္မတဦးသိန်းစိန်အစိုးရက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ- ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိတ္တီလာ ပဋိပက္ခ (Photo Credit- Les Films du Losange)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com