All News Local News

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဆုပေးအပ်မှု ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး ထိခိုက်နိုင်ဟု ဇိုမီး/ချင်းအဖွဲ ၂၁ ဖွဲ့ ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့တာနဲ့ပတ်သက်လို့ အလွန် အံ့သြစိတ်မချမ်းသာဖြစ်ရတယ်လို့ ချင်းအဖွဲ့အစည်း ၂၁ ဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

တီးတိန် (ဇိုမီး) အသင်းက ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဇက်ထန်နင့်ဇိုမုန် ဦးဆောင်တဲ့အဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြောက်ပိုင်း ချင်းတိုင်းရင်းသားတွေရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ ချင်းသူရဲကောင်းဘွဲ့ဂုဏ်ပြုလွှာနဲ့ ချင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ပုံစံတူ ဓားရှည်တစ်လက်ကို နေပြည်တော်မှာ ဘုရင့်နောင်ရိပ်သာမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပါတယ်။

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုထူထောင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဘက်ဘက်က ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်နေချိန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်အကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင် ပြည်သူတွေ ကြမ်းတမ်း အေးစက်လှတဲ့ တောတောင်တွေထဲမှာ ပင်ပန်းဆင်းရဲစွာ ဒုက္ခကြုံတွေ့နေရချိန် ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းမှာ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားတွေ ထောင်ချခံနေရပြီး မြေလွတ်၊ မြေလပ် မြေရိုင်း၊ စီမံခန့်ခွဲဥပဒေနဲ့ အခြားဥပဒေတွေကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ဘိုးဘွားပိုင် မြေယာတွေ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်တာမို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆုပေးအပ်မှုဟာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ထိခိုက်နိုင်တယ်လို့ ရှုမြင်ပြီး ဆုပေးအပ်မှုဟာ ချင်းအဖွဲ့အစည်း ၂၁ ဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts