interview Local News

“ဗိုလ်ချုပ်တွေဆီရောက်သွားလာဆိုတော့ ခု သယံဇာတကဏ္ဍကို ကြည့်လိုက်မယ် ဆိုရင်လည်း ခုအချိန်အထိပါပဲ၊ ဒီသယံဇာတကဏ္ဍမှာ ဘယ်သူတွေလုပ်နေလဲ၊ လူတစ်စု လက်ထဲမှာပဲရှိနေတယ်”

 

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

မြန်မာနိုင်ငံတွင်းထွက် သယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (MEITI) ညွန့်ပေါင်းအဖွဲ့ မှ ဒေါ်မိုးမိုးထွန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝသော်လည်း လက်ရှိအခြေအနေတွင် ပြည်သူများမှာ ဆင်းရဲမွဲတေလျက်ရှိသည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း စစ်အစိုးရသည် တိုင်းပြည်၏ သယံဇာတများကို ၎င်းတို့နှင့် အဆင်ပြေသူ စီးပွားရေးသမားနှင့် ပူးပေါင်း၍ ဥပဒေမဲ့ ထုတ်ယူသုံးစွဲခဲ့ပြီး လက်ရှိအချိန်အထိလည်း သယံဇာတတူးဖော်မှုများကို ချုပ်ကိုင် နေဆဲဖြစ်သည်။ မြန်မာနိုင်ငံသဘာ၀ သယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (MEITI) ညွန့်ပေါင်းအဖွဲ့မှ ဒေါ်မိုးမိုးထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံ တွင်းထွက်သယံဇာ တူးဖော်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့(MEITI) ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။

ဖြေ ။ ။ ကျမတို့ ၂၀၁၂ ခုနှစ်ကစပြီးတော့ ပြီးခဲ့တဲ့သမ္မတ ဦးသိန်းစိန်က ပေါ့နော်၊ နော်ဝေနိုင်ငံ ကိုသွားခဲ့တယ်။ နော်ဝေနိုင်ငံမှာ သူတို့ အခု တကယ်တော့ EITI ရဲ့ အရှည်ကောက်ကို ကျမတို့ ပြန်ပြောလို့ရှိရင် တွင်းထွက်သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်း စဉ်ပေါ့နော်။ အဲ့ဒီလုပ်ငန်းစဉ်ကို နော်ဝေနိုင်ငံက ပြောလိုက်တဲ့အခါမှာ သမ္မတ ဦးသိန်းစိန် က သူ ဒီအဖွဲ့ဝင် လုပ်ပါ့မယ်ဆိုပြီးတော့ သူကတော့ အဲဒီမှာ တရားဝင် ပြောခဲ့ တယ်ပေါ့နော်။ ပြောခဲ့ပြီးတော့ သူ မြန်မာနိုင်ငံပြန်လာတယ်။ ပြီးတော့ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နော်ဝေနိုင်ငံသွားခဲ့တဲ့အခါမှာလည်း ဒါဟာလည်း EITI လုပ်သင့်တဲ့ ဟာလေးတစ်ခုပါလို့ သူ ပြောခဲ့တယ်။
ပြောခဲ့တဲ့အခါကျတော့ ကျမတို့ ၂၀၁၂ ခုနှစ်ကနေစပြီးတော့ သမ္မတကနေပြီးတော့ EITI လုပ်ပါ့မယ်လို့ တရားဝင် အမိန့်ကြေညာချက် ထုတ်ခဲ့တယ်။ ထုတ်ပြီးတဲ့အခါမှာ EITI မှာကျ တော့ ကျမတို့ ဖြစ်စဉ်က ထူးဆန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါမှ ကျမတို့မြန်မာ နိုင်ငံမှာ မဖြစ်ဖူးတဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရပါမယ်၊ လုပ်ငန်းရှင်ဘက်က ပါမယ်၊ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းဘက်ကပါမယ်ပေါ့။

အရပ်ဘက်အဖွဲ့အစည်းရဲ့ တရားဝင် Space က အဲဒီနေရာလေးမှာပဲ ကျမတို့ရှိနေတယ်။ ရှိနေတဲ့အခါကျတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ စပြီးထိတွေ့ဆက်ဆံ တဲ့အခါမှာ ကျမတို့က ပထမတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်လည်းဖြစ်တာဖြစ်တဲ့အတွက် ကျမတို့ ယုံကြည်မှုနည်းတယ်ပေါ့။ နည်းတော့ ကျမတို့ မပါဘူး၊ ပါမယ် ကျမတို့လုပ်နေရင်းက ကဲ အစိုးရဘာလုပ်နေလဲဆိုတာ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေ သိသင့်တယ်ဆိုပြီးတော့ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ပါခဲ့တယ်ပေါ့၊ အဲဒီ EITI ထဲမှာ။ ၂၀၁၂ ခုနှစ်က စတယ်။ ပြီးတော့ ဘာကြောင့် တခြားနိုင်ငံတွေအဆက်ဆက် ဒီဟာကနေ ကြည့်လိုက် တဲ့အခါမှာ ဘာကြောင့်လုပ်ကြတယ်ဆိုတာ၊ သယံဇာတထွက်တဲ့နိုင်ငံတွေမှာ ပဋိပက္ခ တွေဖြစ်တယ်၊ သယံဇာတကြောင့်ပဲ ပဋိပက္ခတွေဖြစ်တယ်၊ ငြိမ်းချမ်းရေးတွေမရှိဘူး။ နောက်တစ်ခုကကျတော့ သယံဇာတကျိန်စာတွေသင့်နေတယ်ဆိုတဲ့ဟာကို တွေ့ရှိတယ်ပေါ့နော်။ တွေ့ရှိတာကြောင့်မို့လို့ ဒီလို သယံဇာတနဲ့ပတ်သက်လို့ရှိရင် ပွင့်လင်းမြင်သာမှုဖော်ဆောင်ပြီးတော့ တာဝန်ယူ၊ တာဝန်ခံမှုတွေ လုပ်ငန်းရှင် တွေဘက်ကလည်း ရှိလာအောင်ဆိုပြီးတော့ နိုင်ငံတကာက လုပ်ခဲ့ကြတယ်ပေါ့။ လုပ်ခဲ့ကြတာကို ကျမတို့နိုင်ငံကလည်း ဒီပုံစံအတိုင်းပဲ ကျမတို့ ဝင်သင့်တယ်၊ ကျမတို့နိုင်ငံကလည်း သယံဇာတပေါကြွယ်တယ်ဆိုပြီးတော့ ကျမတို့ … အစိုးရကလည်း စခဲ့ပြီးတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အဲဒီဖြစ်စဉ်မှာ လိုက်ပါခဲ့တယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာပဲ ကျမတို့ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်ခဲ့တယ်။

မေး ။ ။ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ဖြစ်တဲ့ EITI မှာပါတဲ့အတွက် ဘယ်လိုအကျိုး ကျေးဇူးတွေများရလဲ ဒီနိုင်ငံတွေအနေနဲ့။

ဖြေ ။ ။ ဘယ်လိုကျေးဇူးတွေရလဲဆိုတော့ ကျမတို့ ပထမဆုံးအနေနဲ့ အစိုးရအတွက် အကျိုးကျေးဇူးတွေပြောရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေကို တစ်ဖက်က ဖိတ်ခေါ်တာနဲ့လည်း တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ သယံဇာတကဏ္ဍနဲ့ပတ်သက်ပြီးတော့ ကျမတို့က ပွင့်လင်းမြင်သာမှုတွေ ဖော်ဆောင်နေတယ်။ အစိုးရနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဘာတွေမှာ ဘယ်လိုလုပ်နေတယ်။ ဥပမာအားဖြင့် စမ်းသပ်တူးဖော်တာကအစ ကျမတို့က စမ်းသပ်လိုက်စင် ချထားပေးပြီ၊ လိုင်စင်ချထားပေးတာကနေစပြီးတော့ ကျမတို့က ဒီငွေတွေဟာ ဘယ်လိုဝင်လာတယ်၊ ဘယ်လိုသုံးစွဲတယ်၊ ဘယ်သူတွေဆီရောက်တယ်ဆိုတာ အထိ သုံးသပ်တဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်တဲ့အခါကျတော့ ကျမတို့နိုင်ငံက ပွင့်လင်းမြင်သာမှု ရှိနေပြီ၊ ရှိနေတဲ့အခါကျတော့ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေပြီးတော့ ဒီနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမှုရမယ်။

နောက်တစ်ခုကကျတော့ အစိုးရအနေနဲ့ ပုံရိပ်ကောင်းရနိုင်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီ ပွင့်လင်းမြင်သာမှုကို အားပေးတဲ့အစိုးရပုံစံမျိုး ဖြစ်လာနိုင်တာဖြစ်တဲ့အတွက် အစိုးရရဲ့ ရလဒ်ကတော့ ပိုများမယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပွင့်လင်းမြင်သာမှုရဲ့ အားသာချက်တွေကို လုပ်နေရင်းနဲ့ ပထမတော့ သူတို့ ငြင်းဆန်ကောင်း ငြင်းဆန်းနိုင်တယ်ပေါ့။ လုပ်နေရင်းနဲ့ ပွင့်လင်းမြင်သာမှုတွေ့မယ်ပေါ့။ သူတို့ကိုယ်နှိုက်ပဲ တာဝန်ယူ တာဝန်ခံမှုတွေ ပိုရှိလာနိုင်တယ်ပေါ့ လုပ်ငန်းရှင်တွေဘက်က။ ပြီးတော့ သူတို့က နိုင်ငံတကာ ဥပမာအားဖြင့် ကိုယ့်နိုင်ငံတင်မဟုတ်ဘဲနဲ့ နိုင်ငံခြားမှာ သွားပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တောင်မှပဲ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ အားလုံးကိုယှဉ်ပြိုင်နိုင်တဲ့ဟာမျိုး လုပ်ငန်းရှင်တွေဘက်က ရနိုင်တယ်။ ကျမတို့ အရပ်ဖက် အဖွဲ့အစည်းတွေဘက်ကလည်း ဒီလိုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အရက်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားပြုပါတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကရလာတဲ့ ရလဒ်တွေကို ကျမတို့က ပြည်သူတွေကို ချပြလို့ရမယ်။

ကျမတို့ အဲဒီမှာက ထူးထူးခြားခြား ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘာ့ကြောင့်ပါခဲ့လဲဆိုတော့ စံနှုန်း ၁ ဒသမ ၃ ကြောင့် ကျမတို့ပါခဲ့တယ်။ ဘာကြောင့်ပါလဲဆိုတော့ အဲဒီ ၁ ဒသမ ၃ မှာ ဘာတွေပါလဲဆိုတော့ ကျမတို့အနေနဲ့ Freedom of Expression လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ လွတ်လပ်စွာဝေဖန်ခွင့်ပေါ့၊ ကျမတို့မှာ အဲဒီအချက်တွေ အများကြီးရတယ်။ ပြီးတော့ ကျမတို့ အဲဒါနဲ့တင်ပြီးလားဆိုတော့ မပြီးသေးဘူး၊ ကျမတို့က ပြည်သူတွေကြားထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ဒါတွေ ထဲထဲဝင်ဝင်ဖြစ်ပြီးတော့ ပြည်သူကြားထဲမှာ သယံဇာတကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့ ရပ်ဝန်းတစ်ခုဖြစ်အောင် ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ဖန်တီးပေးရမှာပေါ့။ ပြည်သူတွေသည် သယံဇာတနဲ့ပတ်သက်ရင် ကိုယ့်ရဲ့ထင်မြင်ချက်၊ ယူဆချက်တွေကို လွတ်လွတ်လပ်လပ်ပြောဆိုဝေန်ပိုင်ခွင့် ကျမတို့ တရားဝင်ပေးပါ့မယ်ဆိုပြီးတော့ အစိုးရကိုယ်နှိုက်က ကတိကဝတ်ပေးထားတဲ့ဟာ ဖြစ်တဲ့အတွက် ပါဖြစ်တာ။

မေး ။ ။ EITI ညွန့်ပေါင်းအဖွဲ့မှာ ညွန့်ပေါင်းလို့ပြောတဲ့အတွက်ကြောင့် ဘယ်သူတွေပါတာလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ ကျမတို့ EITI ကို ညွန့်ပေါင်းလို့ပြောတဲ့အတွက် ကျမတို့ အစိုးရဘက်က ခုနစ်ဦးပါတယ်ပေါ့။ အစိုးရဘက်ကဆိုလို့ရှိရင် ကျမတို့ ဒီ ပြည်ထဲရေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပါတယ်၊ အတွင်းဝန်ဖြစ်တဲ့ ဦးတင်မြင့်ပါတယ်ပေါ့ ကိုယ်စားပြုပြီးတော့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားအနေနဲ့ပါတယ်။ ကျမတို့ နောက်ပြီးတော့ MOGE ခေါ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ကိုယ်စားပြုပြီးတော့ ညွှန်ကြားရေးမှူး အငြိမ်းစားတစ်ယောက်ပါတယ်။ ညွှန်ကြားရေးမှူးအငြိမ်းစားဆိုတာ သူက EITI နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်လာတာဖြစ်တဲ့အတွက် သူ့ကို အကြံပေးအနေနဲ့ ဆက်ခန့်ထားတာဖြစ်တဲ့အတွက် သူက ပါတယ်။

ဒါပေမယ့် သူက Alternative အနေနဲ့ပဲ အရန်အနေနဲ့ပဲပါပြီးတော့ကျတော့ အဲဒီက ညွှန်မှူးတစ်ယောက်ကတော့ ပါနေတယ်။ ဒါပေမယ့် တကယ်တက်တာကတော့ အဲဒီဆရာပဲ တက်နေတယ်ပေါ့နော်၊ အဲဒီဟာပါမယ်။ နောက်ပြီးတော့ကျတော့ သတ္တုတွင်းက ဒုတိယညွှန်ကြားမှူးချုပ်တစ်ယောက်ပါတယ်။ နောက်ပြီးတော့ သစ်တောက လက်ထောက်အထွေထွေမန်နေဂျာတစ်ယောက်ပါတယ်။ နောက် MGO မြန်မာ့ကျောက်မျက်လုပ်ငန်းက ညွှန်မှူးတစ်ယောက်ပါတယ်ပေါ့။ ပြည်တွင်းအခွန်ဦးစီးဌာနက ပါတယ်။ စာရင်းစစ်ချုပ်ရုံးကပါတယ်၊ ကျမတို့ ခုနစ်ယောက်ပါတယ်။ လုပ်ငန်းရှင်တွေဘက်ကတော့ လုပ်ငန်းရှင်တွေမှာ အသင်းအဖွဲ့တွေရှိတယ်။

သတ္တုတွင်းလုပ်ငန်းရှင်များအသင်းကနေပြီးတော့ ဥက္ကဋ္ဌကိုယ်တိုင်ပါတယ်။ နောက်ပြီးတော့ ကျောက်မျက်လုပ်ငန်းရှင်များ ဒုဥက္ကဋ္ဌပါတယ်။ ကျမတို့ ရေနံကုမ္ပဏီတွေဘက်ကတော့ TOTAL နဲ့ MPR က ကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်နှစ်ယောက်ပါတယ်ပေါ့နော်။ အဲဒီလိုပဲ နောက်ထပ် ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း အနေနဲ့ တစ်ဦးပါတယ်။ ကျမတို့ အဲ့ဒီလုပ်ငန်းရှင်က သစ်လုပ်ငန်းရှင်များပါတယ်။ ကျမတို့ လုပ်ငန်းရှင်ဘက်က ခုနစ်ဦးပါပြီးတော့ အရပ်ဘက်အဖွဲ့အစည်း မာဒါလို့ခေါ်တဲ့ အရပ်ဖက်အဖွဲ့အစည်းကနေပြီးတော့ ကိုယ်စားပြုပြီးတော့ ကိုးယောက်ပါတယ်ပေါ့။ အစီရင်ခံစာကို စပြီးတော့ တိုက်ဆိုင်စစ်ဆေးတာကျတော့ ၂၀၁၃၊ ၂၀၁၄ မှ စစ်ဆေးတာပါ။

မေး ။ ။ စစ်အစိုးရတစ်လျှောက်လုံး နှစ်ပေါင်း ၂၀ ကျော်လောက် အတိုင်းအဆမရှိ ထုတ်လာခဲ့တဲ့ သယံဇာတတွေပေါ့နော်၊ နှစ် ၂၀ လောက် အလဟဿဖြစ်သွားတယ်၊ အောက်ဈေးတွေနဲ့လည်း ရောင်းလိုက်ရတယ်ဆိုတော့။ အဲဒီလောက်အထိ နှစ် ၂၀ လောက် ကုန်သွားတဲ့ သယံဇာတတွေအပေါ်မှာရော EITI အနေနဲ့က ဘာလုပ်နိုင်လဲ။

ဖြေ ။ ။ နှစ် ၂၀ လောက် ကုန်သွားတဲ့ သယံဇာတတွေအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျမတို့ ဘာမှမလုပ်နိုင်ဘူး၊ ဒါပေမယ့် ဘာတွေလုပ်သွားလဲ ဆိုတာကိုတော့ ကျမတို့ ဒီကနေကြည့်လို့ရတယ်ပေါ့။ ကျမတို့ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက် မှားယွင်းခဲ့တဲ့၊ စစ်အစိုးရလက်ထက်ကနေ ယနေ့အချိန်ထိဆိုရင် ကျမတို့ လက်ရှိအစိုးရ လက်ထက်မှာလည်း ဒါတွေကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဘူး။ မလုပ်တဲ့အခါမှာ ကျမတို့က ခေတ်အဆက်ဆက် … ဒါကြောင့်မို့လို့ ကျမတို့ စကားပြောရင် ခေတ်အဆက်ဆက် မှားယွင်းနေတဲ့ သယံဇာတစီမံအုပ်ချုပ်မှုလို့ ကျမတို့က အရပ်ဖက်အဖွဲ့အစည်းတွေက ပြောတယ်ပေါ့နော်။ ဘာဖြစ်လို့လဲ၊ ခေတ်အဆက်ဆက်မှားယွင်းခဲ့တဲ့ ဟိုး စစ်အစိုးရလက်ထက်ကနေ တောက်လျှောက်မှားယွင်းခဲ့တယ်၊ ဒီ စီမံအုပ်ချုပ်မှုပေါ့။ သယံဇာတကဏ္ဍမှာ ကျမတို့ တော်တော့်ကိုလစ်ဟာမှုတွေ ရှိတယ်။ ပြီးတော့ စနစ်တကျ စနစ်တကျလို့လည်း ပြောလို့ရတယ်ပေါ့နော်၊ စနစ်တကျကို အကျင့်ပျက်ခြစားလို့ရတဲ့ လစ်ဟာမှုတွေကို ကျမတို့ အများကြီးတွေ့တယ် ဒီကဏ္ဍကနေပြီးတော့ပေါ့။

မေး ။ ။ အဲဒီလိုမျိုးတွေ့ခဲ့တဲ့အခါကျတော့ အခု တကယ်ပဲ အစီရင်ခံစာထုတ်တဲ့အခါကျတော့ ပွင့်လင်းမြင်သာမှုပေါ့၊ အခု ဒီ အစိုးရဘက်က အချက်အလက် ဘယ်လောက်ထုတ်ပေးလဲ၊ ဥပမာ အကြမ်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျောက်စိမ်းကနေ ဘယ်လောက်ရလဲ၊ ရေနံ သဘာဝဓာတ်ငွေ့ကနေ ဘယ်လောက်ရလဲ၊ နောက်ပြီးတော့ သစ်တောက ဘယ်လောက်ရလဲ၊ တခြား တွင်းထွက်ပစ္စည်း ကျနော်တို့မှာ အကြီးဆုံးဆိုလို့ ကျောက်စိမ်းဆို မြင်သာ တယ်ပေါ့နော်။ ရေနံနဲ့ သဘာဝဓာတ်ငွေဆို မြင်သာတယ်။ အဲဒီလိုမျိုးရတဲ့ဟာကို အကြမ်းအားဖြင့် ကျနော်တို့ ဘယ်လောက်လောက်ထိ စစ်လို့ရလဲ။

ဖြေ ။ ။ အကြမ်းမျဉ်း ဘယ်လောက်လောက်ထိ စစ်လို့ရလဲဆိုတော့ ကျမတို့ အစိုးရကပေးတဲ့ ဒေတာပေါ်မှာပဲ အခြေခံပြီးတော့ စစ်တယ်။ ကုမ္ပဏီကပေးတဲ့ဟာနဲ့ အစိုးရကပေးတဲ့ဟာနဲ့ပေါ့။ ဒါတောင်မှ ကျမတို့ ပထမနှစ်တုန်းကဆိုရင် ကျမတို့ ဒီလောက်တောင်မှ ပထမနှစ် အစီရင်ခံစာတုန်းက မစစ်လိုက်နိုင်ဘူး။ အခု ၂၀၁၄/၁၅ ရယ်၊ ၁၅/၁၆ ရယ် အစီရင်ခံစာ မှာတော့ ဟိုးပြီးခဲ့တဲ့ ပထမအစိုးရလက်ထက်ကထက် လက်ရှိအစိုးရလက်ထက်မှာတော့ ကျမတို့ ပိုပြီးတော့ နည်းနည်းပွင့်လင်းမြင်သာလာတယ်ပေါ့။ ပိုပြီးတော့ ထည့်လာနိုင်တယ်။ ထည့်လာနိုင်တဲ့နေရာမှာ အကြမ်းမျဉ်းအားဖြင့် ဒီဟာသည် ဘယ်လောက်ယုံရလဲဆိုတော့ သူတို့ပေးတဲ့အစီရင်ခံစာအပေါ်မှာပဲ ကျမတို့က ကြည့်ရတာ ဖြစ်တဲ့အတွက် သူတို့ပေးတဲ့ ဒေတာပေါ့၊ ဟို မှန်ခြင်း မှားခြင်းသည်လည်း အစိုးရကပဲ တာဝန်ခံရလိမ့်မယ်ပေါ့။

ဒါပေမယ့် အဲဒါသည် စာရင်းစစ်ချုပ်ရုံးကပဲ ဒီစာရင်းတွေသည် စာရင်းစစ်ဆေးပြီးပါပြီဆိုတဲ့ သူတို့ရဲ့ စာရင်းစစ်ချုပ်ရုံးရဲ့လက်မှတ် ပါရတယ်။ လက်မှတ်ပါရတယ်ဆိုတော့ ကျမတို့ ၉၉ ဒသမ ၉ ရာခိုင်နှုန်းလောက်အထိ မှန်တယ်ပေါ့။ ဒါပေမယ့် စာရင်းဇယား အကုန်အပြည့်အစုံ ပေးလား မပေးဘူးလား ဆိုတာတော့ ဒါကတော့ လုပ်နေတဲ့ ဥပမာအားဖြင့် ဒီ ကျမတို့ သယံဇာတကဏ္ဍမှာပါတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကပဲ ပိုသိလိမ့်မယ်။ စာရင်းဇယား အားလုံး ကျမတို့ကို ပေးလား၊ မပေးနေဘူးဆိုတာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းက အရာရှိတွေပဲ သိလိမ့်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကတော့ သယံဇာတနဲ့ပတ်သက်ပြီး ဝင်တဲ့ဝင်ငွေအားလုံးကို ကျမတို့ကိုပေးပါလို့ပြောပေမယ့် တချို့အရာတွေမှာတော့ ကျမတို့ မရသေးတဲ့အရာတွေ ရှိနေသေးတယ်။

မေး ။ ။ ဆိုတော့ ဥပမာဆို ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို သဘာဝသယံဇာတ ကနေပြီးတော့ ကျောက်စိမ်း၊ ရေနံသဘာဝဓာတ်ငွေ့ အဲလိုမျိုး အချိုးချလို့ရှိရင် Amount အားဖြင့် ဘယ်လောက်လောက် ကျနော်တို့က ဝင်ငွေရနေလဲ။

ဖြေ ။ ။ Amount အားဖြင့် ဘယ်လောက်လောက်ဝင်ငွေရနေလဲဆိုတော့ ကျမတို့နိုင်ငံမှာ ကြည့်လိုက်လို့ရှိရင် ရေနံနဲ့ ဒီတိုင်း ရုတ်တရက်ကြည့်လိုက်လို့ရှိရင် GDP ရဲ့ ၇ ရာခိုင်နှုန်းလောက် ဝင်တယ်ပေါ့၊ သယံဇာတကဏ္ဍကနေပြီးတော့။ အဲဒီ သယံဇာတကဏ္ဍကနေ ၇ ရာခိုင်နှုန်းဝင်တယ်။ နောက်ပြီးတော့ ကျမတို့ နိုင်ငံခြားတင်ပို့တဲ့ဟာမှာ သယံဇာတကရတာသည် ၅၃ ရာခိုင်နှုန်းလောက် ကျမတို့ တင်ပို့နေရတယ်ပေါ့။ သယံဇာတကဏ္ဍကနေ ၅၃ ရာခိုင်နှုန်းလောက် တင်ပို့ရတယ်။ နိုင်ငံတော်ဘတ်ဂျက်ထဲကို ၂၀ ဒသမ ၁ ရာခိုင်နှုန်းလောက် ကျမတို့ ထည့်ဝင်နေနိုင်တယ်။ ထည့်ဝင်နေတဲ့အခါကျ အဲဒီသုံးချက်ကိုပဲ ပြန်ကြည့်လို့ရှိရင် ကျမတို့နိုင်ငံသည် သေချာတယ်၊ ငြင်းလို့မရဘူး သယံဇာတကျိန်စာသင့်နေတယ်ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ပို့ကုန်၊ ပို့ကုန်တွေမှာလည်း ကျမတို့ ဒီသယံဇာတအပေါ်မှာ မှီခိုနေရတယ်၊ ဝင်ငွေတွေအပေါ်မှာလည်း မှီခိုနေရတယ် ဆိုတော့ ကျမတို့သည် သယံဇာတကျိန်စာသင့်တယ်လို့ ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ပြောတယ်ပေါ့။

မေး ။ ။ ငွေ Amount အားဖြင့် ပြောမယ်ဆိုရင် ဒေါ်လာ ဘယ်လောက်အထိရှိမလဲ။

ဖြေ ။ ။ ငွေ Amount အားဖြင့်ပြောမယ်ဆိုရင် ကျမတို့က အခု မြန်မာကျပ်ငွေနဲ့ပဲ ပြရတယ်ဆိုတော့ ကျမတို့က မြန်မာကျပ်ငွေ ၃ ထရီလီယံလောက်၊ ရှိမယ်ထင်တယ်၊ ကျမ သေသေချာချာတော့ မတွက်ရသေးဘူးပေါ့နော်။ ကျမတို့က မြန်မာငွေနဲ့ပဲ ဒီအထဲမှာ ဖော်ပြတယ်ဆိုတော့ မြန်မာငွေနဲ့ဆို ၃ ထရီလီယံလောက်ရတယ်ပေါ့။

မေး ။ ။ နှစ်စဉ်ပေါ့နော်။

ဖြေ ။ ။ နှစ်စဉ်ဆိုပေမယ့် ၂၀၁၅/၁၆ လောက်မှာတော့ ၂ ထရီလီယံကျော်ပဲ ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျမတို့က ရေနံဈေးနှုန်းအတက်အကျပေါ်မှာလည်း မူတည်တယ်။ သယံဇာတကျိန်စာအပေါ်မှာ မှီခိုနေရတာဖြစ်တဲ့အတွက် အဲဒီလိုမျိုးလေးတွေတော့ ရှိတယ်။ ဒါပေမယ့် ထူးထူးခြားခြားပဲ ဘာထပ်တွေ့လဲဆိုတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဝင်တဲ့ ဝင်ငွေသည် သယံဇာတကဝင်တဲ့ဝင်ငွေအားလုံးရဲ့ ၈၄ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျန်တဲ့ ကဏ္ဍကဝင်တဲ့ဟာတွေဆိုရင် ဥပမာအားဖြင့် ကျောက်မျက်ကဏ္ဍကဆိုရင် ၁၁ ရာခိုင်နှုန်းပဲ ရှိတယ်။ ပြီးတော့ အခြား သတ္တုဖြစ်တဲ့ ဥပမာအားဖြင့် လက်ပံတောင်းလိုမျိုးဆို ကြေးနီ၊ Copper မိုင်း ဘာညာ အဲဒီကဝင်တဲ့ဟာတွေအားလုံးဟာလည်း ကျမတို့ သယံဇာတကဏ္ဍဝင်တဲ့ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီလိုမျိုးလေးတော့ တွေ့တယ်။

တွေ့တဲ့အခါကျတော့ နောက်တစ်ဆင့်ပြန်ပြောရရင် ကျမတို့က ထူးထူးခြားခြားနဲ့ တွေ့ရတာက ရေနံနဲ့သဘာဝဓာတ်ငွေ့ကဝင်တဲ့ဝင်ငွေအားလုံးသည် ၈၄ ရာခိုင်နှုန်းရှိတယ်ဆို အားလုံးက ဟာ အဲဒါဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့က ဝင်တဲ့ဝင်ငွေက တော်တော်ကိုဝင်နေတာ ပဲလို့လည်း ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝင်နေပေမယ့် အဲဒီငွေတွေသည် ကျမတို့အနေနဲ့ မြတ်နေတာလား၊ ရှုံးနေတာလားဆိုတာ တကယ်တော့ ကျမတို့မသိဘူး။ ဘာလို့မသိလဲဆိုတော့ ကျမတို့နိုင်ငံက ဒီ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကနေပြီးတော့ ကျမတို့သည် ၂၀၁၇ နှစ်ရဲ့ ဘတ်ဂျက်ကို ပြန်ကြည့်လိုက် ချေးငွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေ တရုတ်ကနေ ချေးထားတာဆိုရင် မြန်မာကျပ်ငွေ ဘီလီယံ ၁၆၀၀ ကျော် ကျမတို့ ချေးထားတာရှိတယ်။ အဲဒီ ဘီလီယံ ၁၆၀၀ က ကျမတို့ တရုတ်ယွမ်ငွေနဲ့ ချေးတာလည်းပါတယ်၊ ယူရိုနဲ့ချေးတာလည်း ပါတယ်ပေါ့။ ဒါပေမယ့် တရုတ်ကနေချေးတာသည် ကျမတို့သည် အမြဲတမ်းပဲ သူ့ရဲ့အတိုးနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရတယ်။

အဲဒီတော့ နောက် ဂျပန်က ချေးထားတာပါတယ်။ ဂျပန်က JICA ကနေ တစ်ဆင့်ချေးထားတာက အတိုးနှုန်းသည် နှစ် ၄၀ လည်းချေးတယ်၊ အတိုးနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းပဲရှိတယ်။ အဲ့ဒီလိုပဲ နောက် အိန္ဒိယကလည်းချေးတယ်။ အိန္ဒိယကလည်း ဒီအတိုင်းပါပဲ၊ ၁ ဒသမ ၇၅ ရာခိုင်နှုန်းပဲရှိတယ်။ နှစ်ပေါင်း ၃၀ ပေးတယ်ပေါ့နော်။ အဲဒီတော့ တရုတ်က ၁၅ နှစ်ပဲ ပေးချေးတယ်၊ ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ဆိုတော့ ကျမတို့က နှစ်စဉ် အတိုးနှုန်းပဲ ပြန်ဆပ်နိုင်တယ် ရတဲ့ငွေတွေထဲကနေပေါ့။ သူတို့ရဲ့အရင်းကို ပြန်မဆပ်နိုင်သေးဘူး။ တကယ်ရော ကျမတို့ အမြဲတမ်းမေးခွန်းထုတ်တာက ကြည့်လိုက်ရင်တော့ ရေနံနဲ့သဘာဝဓာတ်ငွေ့က အများကြီးဝင်တယ်ပေါ့။ တကယ်ရော မြတ်နေရဲ့လားဆိုတာတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းက အမြဲတမ်းမေးနေတဲ့ မေးခွန်းပါ။

မေး ။ ။ အဲဒီတော့ နှစ်ပေါင်း ၂၀ လောက် တစ်နှစ်ကို ၂ ထရီလီယံနဲ့ ၃ ထရီလီယံကြား ထဲမှာရှိတဲ့ နှစ်ပေါင်း ၂၀ လောက် အဲ့လောက်ရတဲ့ပိုက်ဆံတွေကို သယံဇာတပေါ်မှာ ကုန်သလောက်လည်းရှိနေပြီလေ၊ ဘယ်ရောက်သွားလဲ့ အဲဒီပိုက်ဆံတွေ။

ဖြေ ။ ။ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတော့ ဒါက ကျမတို့က ၂၀၁၃/၁၄ ကမှ စလုပ်တာ ဆိုတော့ အဲဒီ ၁၃/၁၄ ရဲ့ နောက်ပိုင်းကျမှ ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တွေးတောချက်အရဆိုရင် ဒီ မြန်မာကျပ်ငွေ ၃ ထရီလီယံလောက်ရှိလာတာပေါ့။ ဘာဖြစ်လို့လဲ အဲဒီရဲ့ရှေ့ကိုပြန်ကြည့်လိုက်ရင် ကျမတို့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ငွေလဲလှယ်နှုန်း ကျမတို့သည် ၁၃/၁၄ ကနေစပြီး ကျမတို့ လက်ရှိပြင်ပပေါက်ဈေးနဲ့ ဒေါ်လာ ငွေလဲလှယ်ပြီးတော့ ပြန်ရတာဖြစ်တယ်။ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ရဲ့ရှေ့မှာ ဆိုရင် ၅ ကျပ်ကနေ ၆ ကျပ်ကြားထဲကို ငွေလဲလှယ်နှုန်းနဲ့ ရခဲ့တာဆိုတော့ ဒီ့ထက် Amount ပိုနည်းလိမ့်မယ်။ ကျမတို့သည် တရားဝင် အစိုးရက သတ်မှတ်ထားတဲ့ ၅ ကျပ်နဲ့ ၆ ကျပ်ကြားမှာပဲ ငွေလဲလှယ်နှုန်းရတာဖြစ်တဲ့အတွက် ကျမတို့နိုင်ငံအတွက် ဘယ်လောက် နစ်နာလဲ။ ဆိုတော့ ကျမတို့ ပိုစိတ်ဝင်စားတာက ၂၀၁၂ ခုနှစ်မှာ ၅ ကျပ်နဲ့ ၆ ကျပ်ကြား လဲခဲ့တဲ့ငွေတွေက ဘယ်ရောက် သွားတာလဲဆိုတာက ကျမတို့အတွက် ပိုစိတ်ဝင် စားစရာကောင်းတယ်ပေါ့။

မေး ။ ။ ဗိုလ်ချုပ်တွေဆီ ရောက်သွားတာလား။

ဖြေ ။ ။ ဗိုလ်ချုပ်တွေဆီရောက်သွားလာဆိုတော့ ခု သယံဇာတကဏ္ဍကို ကြည့်လိုက်မယ် ဆိုရင်လည်း ခုအချိန်အထိပါပဲ၊ ဒီသယံဇာတကဏ္ဍမှာ ဘယ်သူတွေလုပ်နေလဲ၊ လူတစ်စု လက်ထဲမှာပဲရှိနေတယ်ဆိုတာ ကျမတို့က ဒီအစီရင်ခံစာကိုထုတ်လိုက်တာနဲ့ ကျမတို့ သိသာပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts