All News Local News

ဖမ်းဆီးသွားသော ပအိုးဝ် ရွာသားများကို လိုက်ရှာရင်း အမည်မသိလက်နက်ကိုင်အဖွဲ့ နှင့်တိုက်ပွဲဖြစ်၊ ရွာသား ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ဆိုင်းငွန်းရွာ ခေါ် ပအိုးဝ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေး ၁ ဦးကို အမည်မသိလက်နက်ကိုင်တစ်စု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဟုဆို) က ဖမ်းဆီးခေါ်သွား၍ အစိုးရစစ်တပ်နှင့်ရွာသားများက လိုက်လံရှာဖွေရင်း တိုက်ပွဲဖြစ်ပွားကာ ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နေ့လယ် ၂ နာရီကျော်ခန့်က ပအိုးဝ်ကျေးရွာဖြစ်သည့် ဆိုင်းငွန်းရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်စာရေးတို့ကို အဆိုပါ လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးခေါ်သွားကြောင်း၊ အစိုးရစစ်တပ်နှင့် ရွာသားများက လိုက်လံ ရှာဖွေရင်း ထိတွေ့မှုဖြစ်ပွားကာ ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ နေ့လယ် ၂ နာရီ ၄၀ မှာ အုပ်ချုပ်ရေးမှူး၊စာရေး အပါအဝင် ရွာကနေပြီးတော့မှ ဖမ်းသွားတာ။ အဲဒီရွာသားတွေကို ဖမ်းသွားတယ်ကြားတော့ တပ်မတော်နဲ့ ရွာသားတွေကလည်း လိုက်ရှာရမယ့် အနေအထားရှိတယ်။လိုက်ရှာရင်းနဲ့ ထိပ်တိုက်တွေ့ကြတော့ တိုက်ပွဲဖြစ်ကြတယ်။ လိုက်ရှာရင်းနဲ့ ထိပ်တိုက်တွေ့ရင်း တပ်မတော်စစ်ကြောင်း ထိပ်တိုက်ဖြစ်ကြတာ။ ရွာသား ၅ ဦးသေတယ်။ အဖမ်းခံရတဲ့အထဲမှာပါသွားတဲ့ အစိုးရကိုယ်စားလှယ် ရေပေးဝေရေးအရာရှိကတော့ ပြန်လွတ်လာတယ်။ ၅ ဦးသေတယ်။ ခွန်သက်ဝင်းဆိုတာက အဲဒီရွာမှာ လယ်လယ်ဝယ်ဝယ်ရှိတယ်။ ရွာရဲ့ အရေး တွေကို တက်တက်ကြွကြွလှုပ်ရှားတယ်။ အားလုံးနဲ့ သဟဇာဖြစ်တဲ့သူဆုံးသွားတယ်။ ၅ ဦးသေတဲ့အထဲမှာ ဖမ်းသွားတဲ့သူလား၊ ဘယ်သူတွေလဲဆိုတာ ကျမတို့ မသိသေးဘူး။ ဒဏ်ရာရတဲ့ ၃ ဦးမှာ ၂ ဦးက တောင်ကြီးကို ခေါ်လာပြီ။ အဲဒီအထဲမှာ စာရေး ဇော်အောင်ပါတယ်” ဟု ဒေသခံ ကျေးရွာတစ်ဦးက ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က အာဏာပိုင်များထံမှ အတည်ပြု ချက်ရယူရန် ကြိုးစားနေဆဲပင်ဖြစ်သည်။

Tai Freedom သတင်းတွင်မူ အင်အား ၂၀ ခန့်ရှိသော ပအိုးဝ်ကိုရင်လေးအဖွဲ့က RCSS/SSA တပ်ဖွဲ့ကို အလစ်အငိုက်ဝင်တိုက်ပြီး သေနတ်လုယူသဖြင့် RCSS/SSA တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ပအိုးဝ် ကိုရင်လေးအဖွဲ့မှ ၄ ဦး သေဆုံးသွားကြောင်း သတင်းရေးသား ဖော်ပြသည်။

ဓာတ်ပုံ-The People Voice

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts