interview political news

“ပြည်ထဲရေးက ဘယ်သူ့လက်အောက်မှာရှိတုန်းဆိုတော့ ကာချုပ်ရဲ့ လက်အောက်မှာပဲ ဖြစ်နေတယ်။ အဲဒီတော့ ကာချုပ်တို့လုပ်ပုံတွေက ဘယ်လိုပြော ရမလဲဆိုတော့ ဘုန်းကြီး တို့တော့ လုံးဝကို မနှစ်မြို့ဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယဝံသာဘိဝံသနှင့်တွေ့ဆုံခြင်း အပိုင်း ၂

မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်လူမျိုးရေးအဓိကရုဏ်များကြောင့် မကြာခဏဆိုသလို စိုးရိမ် ထိတ် လန့်မှုများ ကြုံတွေ့နေရလေ့ရှိပြီး လတ်တလော ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မတည် မငြိမ်မှု များဖြစ်မည်ကို စိုးရိမ်နေကြရသည်။ နိုင်ငံရေးနှင့်ဘာသာရေး ရောယှက်မှု၏ ဒဏ်ကို မကြာခဏ ခံစားနေရသည့် မြန်မာနိုင်ငံတွင် စစ်မှန်သော သာသနာတော်ဖြစ်ပေါ်လာ ရေး မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသကို ရန်ကုန်ခေတ်သစ်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး ။ ။ ဒီအစိုးရလက်ထက်မှာ ဒီသံဃနာယကကို ပြောင်းလဲမယ်လို့ အရှင်ဘုရားက မျှော်လင့် ခဲ့တာပေါ့။

ဖြေ ။ ။ မျှော်လင့်ပါတယ်၊ မျှော်လင့်တယ်ဆိုတာ ဒီလိုပါ။ အရင်လောက်တော့ ဆိုးလို့ မရတော့ဘူး၊ ဒါကတော့ အနည်းဆုံးမျှော်လင့်ခဲ့တာ။ တကယ် အရင်လောက်တော့ ဆိုးလို့မရတော့ဘူး၊ အဲဒါတော့မှန်တယ်။ ဆိုးတဲ့လူတွေလည်း နည်းနည်းလေးငြိမ်နေရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နာမည်ထွက်သွားရင် မလွယ်ဘူးလေ။ ဘာလို့ဆို မီဒီယာပွင့်လင်းမှုတွေက ရှိလာပြီ။

မေး ။ ။ အဲဒီတော့ သံဃနာကကအဖွဲ့ကို ရွေးကောက်ပွဲနဲ့ မလုပ်သင့်တယ်လို့ ပြောဆိုဝေဖန်မှု တွေအပေါ်မှာရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ ဟာ၊ တကယ်ကိုလုပ်သင့်တာပေါ့။ အခုဟာက မနှစ်သက်တဲ့လူတွေ တက်နေကြတာ။ သူတို့နှစ်သက်တဲ့သူပဲ ထားတာ။

မေး ။ ။ သူတို့နှစ်သက်တဲ့သူဆိုတာ ဘယ်သူလဲဘုရား။

ဖြေ ။ ။ သူတို့ဆိုတာ အာဏာရှင်တွေ၊ အဲ့ဒီတုန်းက အုပ်ချုပ်တုန်းက ဒီ နှစ်သက်တဲ့သူပဲ ထား တာ၊ သူတို့အချင်းချင်းလည်း ချိတ်ထားတာ၊ သူတို့အချင်းချင်းလည်း အာဏာ လက်လွှတ် မဆုံးရှုံးအောင်၊ ကိုယ့်လူကိုယ်တင်၊ နေရာတောင်မှ သားစဉ်မြေးဆက် နေရာပေးတာ၊ အဲ့ဒီလိုလုပ်တာ၊ ဒီသံဃနာယက၊ အဲ့ဒီလိုလုပ်နေတာ။

မေး ။ ။ NLD အစိုးရလက်ထက်မှာ အဲဒီဟာကို ဘာကြောင့်မမြင်တာလဲဘုရား။

ဖြေ ။ ။ NLD အစိုးရက ဒီထက်အရေးကြီးတဲ့ဟာတွေကို အများကြီးလုပ်နေရတာ။ အခု ဒေါ်အောင်ဆန်းစုကြည် စစချင်း အမှိုက်ကောက်ပြတာ တွေ့လိုက်တယ်မလား။ အဲဒါ အရိပ် နိမိတ်ပြတာ၊ တိုင်းပြည်မှာ အကုန်လုံးပျက်စီးပြီးတော့ အကုန်လုံးအမှိုက်တွေချည်းဖြစ်နေပြီ။ သူတို့ကောက်ရတော့မယ်ဆိုတာကို ပြည်သူကို Message ပေးလိုက်တာ။ အဲဒီတော့ အကုန်ပြင်ကြရမှာဆိုတာကို Message ပေးတာ၊ အဲဒီတော့ အဲဒါတွေပြင်နေရတဲ့ အချိန်အတွင်း မှာ ဘာသာရေးကိုကိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဘုန်းကြီးတို့လည်း နားလည်တယ်၊ သူကိုင်ဖို့မလွယ်ဘူး။ ဒီဖြစ်တဲ့ပြဿနာတွေကိုလည်း သိပ်ထိန်းဖို့မလွယ်ဘူး။ ကြည့်ပါလား၊ သာသနာရေးဝန်ကြီး သွားကိုင်လိုက်တယ်၊ ရသလား၊ မရဘူး၊ ဘယ်ရမှာတုန်း၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုက ဘယ်လိုပြောမလဲ၊ သူတို့ကို အာဏာမပေးဘဲနဲ့ မင်းအောင်လှိုင်ကို အာဏာပေးထားတာ ဖြစ်နေတယ်။ အဲဒီတော့ ဒါကြီးက ဘယ်လိုနည်းနဲ့မှ တိုင်းပြည်မကောင်းနိုင်တော့ဘူး ဖြစ်နေတယ်။

မေး ။ ။ အရှင်ဘုရား ခု ဒီ တပည့်တော်တို့တိုင်းပြည်မှာ အစွန်းရောက်တဲ့ ဘာသာရေး အဖွဲ့တွေရှိနေတာ၊ ဘာသာအားလုံးမှာပေါ့လေ၊ အဲဒီတော့ တပည့်တော်တို့က လူများစုကိုးကွယ်တဲ့ဘာသာမှာလည်း အစွန်းရောက်တဲ့အဖွဲ့တွေ ရှိတယ်ပေါ့၊ ဆိုတော့ အဲဒီလိုမျိုး အစွန်းရောက်သူတွေကို့ ဘာကြောင့်မို့ ထိထိရောက်ရောက် အရေးမယူနိုင်တာလဲ။

ဖြေ ။ ။ အဲဒါ အရေးမယူတာက ပြည်ထဲရေးက ဘယ်သူ့လက်အောက်မှာရှိတုန်းဆိုတော့ ကာချုပ်ရဲ့ လက်အောက်မှာပဲ ဖြစ်နေတယ်။ အဲဒီတော့ ကာချုပ်တို့လုပ်ပုံတွေက ဘယ်လိုပြော ရမလဲဆိုတော့ ဘုန်းကြီးတို့တော့ လုံးဝကို မနှစ်မြို့ဘူး၊ သူတို့ကို တိုင်းပြည်ကို ချစ်တယ်လို့ လည်း လုံးဝမယုံကြည်ဘူး။ သူတို့လုပ်နေပုံတွေက သူတို့အကျိုးအမြတ်အတွက်ပဲ လုပ်နေ တယ်လို့ပဲ မြင်နေတယ်။ နောက်ပြီးတော့ အခုဟာက တိုင်းပြည်ကို မတည်ငြိမ်ဘူး ဆိုတာ သူတို့ ဒါ အလိုချင်ဆုံးပဲလေ။ မတည်ငြိမ်အောင် သူတို့မှာ လက်တံတွေ အများကြီးရှိတယ်၊ လုပ်လို့ရတယ်။ သူတို့လုပ်နေတာလည်း ပြည်သူတွေလည်း အကုန်သိနေတာပဲ။

ဒါ မီဒီယာအားကောင်းနေတော့ သူတို့ ဖုံးလို့ဖိလို့မလွယ်ဘူး၊ အဲဒီလို ဖြစ်နေတယ်၊ ဒါမျက်မြင်တွေပဲနော်။ အဲဒီတော့ သူတို့မလုပ်လို့ ဘယ်သူလုပ်မှာတုန်း၊ ဒါတွေက သူတို့အရေးယူရမယ့်ကိစ္စတွေ၊ သာသနာရေးက အမိန့်ပေးလိုက်ရင် သူတို့ အရေးယူရမယ်၊ သာသနာ့အရိပ်အောက်မှာ သူတို့မနေဘူးလေ၊ မနေတော့ ဘယ်လိုလုပ်ဖြစ်မှာလဲ။ အဲဒီတော့ ဘယ်သူ့ကိုသွားအပြစ်တင်မှာလဲ။ အဲဒီလိုဖြစ်နေတယ်။

မေး ။ ။ ပြီးတော့ MRTV-4 ဆရာတော်ဆိုပြီးတော့၊ ဘုန်းကြီးဝတ်နဲ့ မိန်းမယူ၊ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ဖျက်ချ၊ တရားဟောရင်းနဲ့ ပိုက်ဆံရှာမယ်၊ ပြီးရင် လူထွက်လာပြီးတော့ ယူမယ်၊ ဒီလိုမျိုးတွေဖြစ်တဲ့ဟာတွေ အရှင်ဘုရားတို့လည်း သိပြီးသားပါ။ နောက်ကတစ်ခါ ယောဂီဝတ်နဲ့ ငွေလိမ်တယ်ဆိုတဲ့ဟာမျိုးတွေလည်း ထွက်လာတယ်။ တပည့်တော်တို့သာသနာကိုက တပည့်တော်တို့ရဲ့ လူတွေကိုယ်တိုင်က ပြန်ပြီးတော့ ဖျက်နေတာလားဘုရား၊ ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဘုရား။

ဖြေ ။ ။ သူက ဒီလိုရှိတယ်၊ ဒီ အတွင်းထဲမှာ မကောင်းတဲ့ဟာတွေရှိတယ်။ သာသနာဖျက်တာတော့ အမှန်တော့ အခုမှဖျက်တယ်လို့ မြင်နေတာ၊ မဟုတ်ပါဘူး၊ နဂိုကတည်းကလည်း ပျက်နေတာ။ ရောဂါဆိုတာ သိမှရောဂါမဟုတ်ဘဲနဲ့ မသိဘဲနဲ့လည်း ခံစားနေရတာပဲ၊ ပျက်စီးနေတာပဲ။ ဒီ သာသနာပျက်စီးနေတဲ့အထဲမှာ ဒီနိုင်ငံရေးစနစ် မကောင်းမှုက အကြီးမားဆုံး၊ အဆိုးဝါးဆုံးပဲ။ ဒါကြောင့် ဘုန်းကြီးတို့ကလည်းပဲ သာသနာအရေးထက် နိုင်ငံရေးမလုပ်ရင် မဖြစ်တော့လို့ ဘုန်းကြီးတို့က နိုင်ငံရေးထိ လုပ်ရတာ၊ အဲဒီလိုလုပ်ရတာ။ နိုင်ငံရေးတည်ငြိမ်မှ၊ ဘယ်လိုပြောရမတုန်း ကောင်းမွန်တဲ့ အစိုးရသစ်တစ်ရပ်၊ ဒီလိုပေါ်ထွက်မှသာလျှင် တိုင်းပြည်အတွက်၊ သာသနာအတွက်၊ အကုန်လုံးအတွက် ကောင်းအောင်လုပ်လို့ရမယ်။

ဒီ စနစ်မကောင်းလို့ကတော့ အစိုးရမကောင်းတာပဲ ထွက်လာမယ်၊ အုပ်ချုပ်သူမကောင်း တာတွေနဲ့ပဲ အုပ်ချုပ်ကြတော့မှာ။ မကောင်းတာအုပ်ချုပ်ကြရင်တော့ မကောင်းတဲ့ တိုင်းပြည်ပဲဖြစ်မှာ။ သာသနာရော ဘယ်လိုလုပ်လွတ်မှာလဲ။ အဲဒီတော့ ဘုန်းကြီးတို့ကတော့၊ ဒါကတော့ လူတွေက အခုမှ အထိတ်တလန့်ဖြစ်နေတာ၊ မဆန်းဘူးလို့ ဘုန်းကြီးတို့ ကမြင်တယ်၊ ဆက်သွားရမယ်၊ နိုင်ငံရေးကောင်းဖို့ပဲ အရေးကြီးတယ်လို့ပဲ ဘုန်းကြီး ပြောချင်တာ။

မေး ။ ။ အရင်ခေတ်တွေမှာ သာသနာတော်သန့်ရှင်းဆိုတာမျိုးကြားဖူးပါတယ် အရှင်ဘုရား။ လက်ရှိမှာရော ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ ။ ။ လုပ်သင့်တာမှန်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့မဟုတ်ဘူး။ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ သံဃနာယက တာဝန်အရှိဆုံးပဲ။ သူတို့ကမလုပ်တော့ ဘယ်လိုလုပ်မှာတုန်း။ ဒီနေရာမှာထိုင်ပြီးတော့ ဒါတွေမလုပ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမှာတုန်း။ အဲဒီပြဿနာ ရှိတယ်။ ဒါကြောင့် ဒီ အခုလည်း ကဲ လူတွေလည်းကြည့်ပါလားနော်၊ အကျင့်ပျက်အဖွဲ့အစည်းတွေကို အတော်ကိုပြင်နေရတာ မဟုတ်ဘူးလား။ အဲဒီတော့ အာဏာရှင် လက်အောက်က အဖွဲ့အစည်းမှန်သမျှ၊ ဒီသင်္ကန်းဝတ်အဖွဲ့အစည်းရော ဘာထူးမှာမို့လို့တုန်း၊ နော်၊ အတူတူပဲ ဒီသံဃနာယကလည်း ပျက်စီးခဲ့တာပဲ။ အဲဒီတော့ ပျက်စီးတာတွေကို ဘုန်းကြီးတို့က တဖြည်းဖြည်းချင်းပြင်ရမှာ။ ဒါ သံဃနာယက တွင်းထဲကလည်း ကိုယ်တိုင်ပြင်ချင်စိတ်ရှိကြမှ၊ တိုင်းပြည်ချစ်တဲ့၊ သာသနာချစ်တဲ့သူတွေ များများပေါ်ထွက်ပြီးတော့ အတွင်းကလည်း လှုပ်ရှားမှ၊ ဘုန်းကြီးတို့လည်း အပြင်ကနေပြီးတော့ ဒီ ဝေဖန်ပေးနေမှ၊ မီဒီယာတွေကလည်း ဒါတွေကို ဖော်ထုတ်ပေးနေမှ၊ ဒါမှ ပြည်သူတွေကလည်း ရှုတ်ချမှ၊ ဒါမှသာလျှင် ပြောင်းလဲမှုက ဖြစ်လာမှာပဲ။

မေး ။ ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သာသနာရေးဝန်ကြီး အပေါ် ထင်မြင်ချက် သိချင်ပါတယ်ဘုရား။

ဖြေ ။ ။ ဘုန်းကြီးတို့တော့ ဟိုလိုမြင်တယ်ပေါ့လေ၊ အခု ဒီကိစ္စတွေမှာ ပွက်လောညံနေတာ၊ ကိစ္စတွေမှာ ပြောမှားဆိုမှားတွေ ဖြစ်ခဲ့တာတွေ ဒါတွေရှိခဲ့တယ်။ ဒါတွေကျတော့ အရည်အချင်း မရှိတာ ခေါ်မှာပေါ့ဗျာ ပြောရရင်တော့။ အရည်အချင်းမရှိဘူးဆိုတာ ဒါကတော့ သူ စေတနာ ရှိတယ်လို့ ယုံကြည်တယ်၊ စေတနာရှိတယ် သို့သော် အရည်အချင်းကျတော့ နေရာဌာနန္တရနဲ့ ဒီကိစ္စက တော်တော်လေးရှိတယ် နော်။ နောက်ပြီးတော့ ဒီ ပြည်ခိုင်းဖြိုးပေါ့နော်၊ ဒီ စစ်တပ်ဘက်ကဟာတွေ အသုံးပြုတယ်ဆိုတာ ဒါကလည်းပဲ နိုင်ငံတော်မှာ ဘယ်ဘက်က ကောင်းတဲ့သူပေါ်ထွက်ပေါ်ထွက် ကောင်းတဲ့သူတော့ သုံးရမှာပဲ။ နောက်ပြီးတော့ တပ်ဘက်က သုံးရတယ်ဆိုတာ တချို့အရာတွေလည်း လိုအပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တော်ကြာ တပ်ကိုမသုံးဘူးဆိုပြန်တော့လည်း ဘုန်းကြီးတို့ မကောင်းဘူးလေ၊ ဟာ စစ်သားမို့လို့ မသုံးဘူး၊ ဒီလိုဆို ဘုန်းကြီးတို့က ခွဲခြားတဲ့ သဘောဖြစ်နေမှာ၊ ဟာ ပြည်ခိုင်းဖြိုးမို့လို့ မသုံးဘူး၊ ဒါလည်း မကောင်းဘူး။ ဟာ ခရစ်ယာန်မို့လို့ ဒုတိယသမ္မတမပေးဘူး၊ ဘယ်ကောင်းပါ့မလဲ၊ ပေးရမှာပဲ၊ တော်တဲ့သူမှန်သမျှ ပေးရမှာပဲ။ ကြည့်ပါလား ဘုန်းကြီးတို့ အခု ဦးတီခွန်မြတ်တို့လည်း ကြည့်၊ သူတို့ဆိုလည်း ပြည်ခိုင်းဖြိုးဘက်ကလေ၊ ပေးလေ၊ တော်ရင် ပေးသာပေး။ ဒီလိုလေးသွားမှ ထိန်းညှိမှုသဘောလည်း ဖြစ်နိုင်မယ်လို့ ဘုန်းကြီးမြင်တယ်။ တစ်ဖက်သတ်ချည်း၊ NLD တွေချည်း လုပ်တယ်ဆိုလို့ရှိရင် တော်ကြာ တစ်ဖက်စောင်းလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ပြောစရာလည်း ဖြစ်နိုင်တယ်။ ဗုဒ္ဓဘာသာတွေချည်းပဲဆိုလည်း မကောင်းဘူးလေ၊ အဲ့လိုရှိတာကို။

မေး ။ ။ အရှင်ဘုရား၊ ခု သာသနာမှာ စာသင်သားသံဃာ တော်တော်နည်း၊ စာသင်တိုက်ကြီးတွေလည်း စာသင်သံဃာနည်းလာတယ်လို့ သိရပါတယ်ဘုရား။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အဲဒီအပိုင်းက ဘုန်းကြီးတို့က ဒီ ပြောရလို့ရှိရင် မီဒီယာလည်း သက်ရောက်မှုလည်း ရှိနိုင်တယ် နော်။ မီဒီယာသက်ရောက်မှုရှိတော့ သံဃာ ဒီပိုင်းမှာလည်း အားနည်းချက် ရှိလာတာနဲ့ ပေါင်းစပ်လိုက်တော့ ဒီနေ့အချိန် ဒီလိုဖြစ်လာတဲ့သဘောလည်း ဖြစ်နိုင်တယ်။ သံဃာတွေအပိုင်းမှာ အားနည်းချက်က ဒီ ဘုန်းကြီးတို့သာသနာက ဗုဒ္ဓဘာသာလို့ ပြောသော်လည်း ဘုန်းကြီးတို့မှာ ဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးတောင် ပြောင်းရရင် ပြောင်းချင်သေးတယ်။

ဗုဒ္ဓဘာသာလို့ မပြောဘဲနဲ့ ဓမ္မဘာသာလို့များ ပြောမယ်ဆိုရင် ပိုပြီးတော့ကြိုက်တယ်။ ဘာဖြစ်လို့လဲတော့ ဓမ္မကိုဦးစားပေးတယ်၊ ဓမ္မကိုယုံကြည်တယ်၊ ဒီလိုဘာသာမျိုးလို့ ဘုန်းကြီးကပြောချင်တာ။ ဘုရားကလည်း အဲဒီဟာကို ပြခဲ့တာ။ သူ့ကို ကိုးကွယ်တိုင်း ပယ်ပယ်ချတာ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ခေါ်တာပေါ့ဗျာ နိုင်ငံရေးမှာ။ နိုင်ငံရေးမှာလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို လက်မခံဘူးမို့လား၊ ဒါ လမ်းမှားတစ်ခုလို့ သတ်မှတ်တာပဲလေ။

သူ ကောင်းတာ မကောင်းတာ သူ့ရဲ့ဆောင်ရွက်ချက်ပဲ။ ပုဂ္ဂိုလ်ကို အစွဲအလမ်းထားလို့ မဖြစ်ဘူး၊ ဒီပြင်လူကောင်းရင်လည်း ဒီ့ပြင်လူ လက်ခံရမှာပဲ၊ ဒီလိုသွားရတာ။ အဲဒီတော့ ဘုန်းကြီးတို့မှာလည်း ဘာသာရေးမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့သဘောက ရှိတယ်ဗျ။ အဲဒါတွေက နက်ရှိုင်းတယ်။ ဘာသာရေး တော်တော်ဝေဖန်ရမယ့်ကိစ္စတွေဖြစ်နေတယ်။ ဘာဖြစ်လို့တုန်း၊ ဟို ခရစ်ယာန်တို့ကျတော့လည်း သူတို့ ထာသရဘုရားသခင်တို့၊ အစ္စလမ်ကျတော့ အလ္လာအရှင်မြတ်တို့ ဒီလိုတွေ သူတို့ကသွားတာ။

ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာ ဘုန်းကြီးထင်တယ် ရောယောင်ပြီးတော့ ဒီလိုတွေးဖြစ်ကုန်ပြီ။ ဒါ ဘုရားလက်ထက်ကတည်းကိုက ဘုရားကို သူတို့ အရမ်းကိုးကွယ်ခဲ့တယ်။ ဒါပေမယ့် ဘုရား ပယ်ချတယ်။ စောစောကလည်းပြောတယ်၊ ငါ့ခေါင်းပေါ်မှာ ဓမ္မကို ကိုးကွယ်တယ်၊ ငါ့မှာ သရဏဂုံရှိတယ်၊ အဲဒီသရဏဂုံဟာ ဓမ္မပဲလို့ ဘုရားပြောခဲ့တယ်၊ အတိအလင်း။ ဒါပေမယ့် ဒီဟာကို နက်ရှိုင်းမှုကို နားမလည်ခဲ့ဘူး၊ ဗုဒ္ဓဘာသာတွေ၊ တော်တော်များများက ပြောရရင် ဆရာတော်တွေ တချို့ဟာတွေက ဒီနက်ရှိုင်းမှုကို မသုံးသပ်မိဘူးလားလို့ ဘုန်းကြီးကတော့ မေးခွန်းထုတ်ချင်တယ်ပေါ့နော်။ ဓမ္မကို အဓိကထားတာ၊ ဘုန်းကြီးတို့ဘာသာက။ ဘယ်သူ့ကိုမှမထားဘူး၊ ဓမ္မကို အဓိကထားတာ၊ ဓမ္မကို ကိုးကွယ်တာ၊ ဘုန်းကြီးတို့ယုံကြည်တာ ဓမ္မကြောင့် ဘုန်းကြီးတို့ ကောင်းစားကြတယ်၊ ဓမ္မက ကောင်းပေးနေလို့ ဘုန်းကြီးတို့ရဲ့ဘဝတွေဟာ ကောင်းမွန်မှုတွေဖြစ်နေတယ်လို့ ဘုန်းကြီးတို့ ဒါ ယုံကြည်တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက သာသနာကိုစောင့်ရှောက်နေတာ ဓမ္မပဲလို့ အတိအလင်း ကြေညာခဲ့တာ။ အဲဒီတော့ ပြောမယ်ဆိုရင် ဘုန်းကြီးတို့ Creater သဘောနဲ့ပြောရင် ဘုန်းကြီးတို့ဘာသာကျတော့ ကိုယ်သည်ပင်လျှင်ပဲ Creater ပဲ။ ကိုယ်ဆိုတာ ကိုယ့်ထဲက ဓမ္မပေါ့။

ကိုယ့်မှာ ဓမ္မရှိတယ်ဆိုရင် ကိုယ့်ဘ၀ မပူနဲ့လို့ ပြောချင်တာ။ ဒါကြောင့် ရှေးလူကြီးတွေက ဒါတွေသိလွယ်အောင် ကံနဲ့လူ မပူနဲ့လို့ ပြောတာ။ တစ်ခါတစ်ရံ ကျတော့ တရားပျက်ရင် တစ်ရက်ပြားလိမ့်မယ်လို့ ပြောတာ။ ကံလို့ပြောပြော၊ တရားလို့ပြောပြော အတူတူချည်းပဲ။ ကိုယ်ကောင်းရင် ဒါကြောင့် ခေါင်းဘယ်ရွေ့မလဲ ပြောပြန်တယ်။ ကိုယ်ကောင်းဖို့ပဲ အရေးကြီးတယ်။ ကောင်းတဲ့စိတ်ထားတွေ မွေးကြဖို့၊ ဗုဒ္ဓဘာသာရဲ့ ခံယူချက်က ဒါပဲ။ ကောင်းတဲ့စိတ်ထားတွေ မွေးရမယ်၊ မကောင်းတဲ့စိတ်ထား အကုန်ရှင်းပစ်ရမယ်၊ တတ်နိုင်သမျှ ဖယ်ချရမယ်၊ ရှင်းရမယ်၊ ဖယ်ချရမယ်၊ ရှင်းရမယ်။

အဲဒီ မကောင်းတဲ့စိတ်ထားရဲ့ အခြေခံဖြစ်တဲ့ အတ္တတွေကို လျှော့ရမယ်၊ အနတ္တဝါဒ ဒါ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပဲ။ ဒါပေမယ့် ဒီကနေ့ အဲဒီဟာတွေ လမ်းကြောင်းတွေ သေဖည်ပြီးတော့ ဘုရားကိုးကွယ်ဝါဒပဲ၊ ရုပ်တုကိုးကွယ်ဝါဒကို ရောက်တဲ့အထိကို ဖြစ်လာပြီ။ ဝမ်းနည်းစရာ အင်မတန်ကောင်းတယ်။ ကြည့်လိုက် တရားပျက်နေကြတယ်။ ယနေ့ ကမ္ဘာမှာ အကဲ့ရဲ့ခံရတာဖြစ်နေတယ်။ ကနေ့ ဘုန်းကြီးတို့ စိတ်ထားတွေကောင်းကြည့်ပါလား ကမ္ဘာက ဘယ်လောက်ချီးကျူးလိုက်မလဲ။

မေး ။ ။ အရှင်ဘုရား၊ တပည့်တော်တို့ရဲ့ ဘာသာရေး ပွဲလမ်းသဘင်တွေဆိုရင် လော်စပီကာ တွေ တအားဖွင့်ပြီးတော့ ဆူညံပြီးတော့ပေါ့လေ၊ ကထိန်ဆိုလို့ရှိရင်လည်း တအားပေါ့လေ၊ တပည့်တော်တို့ဘာသာရဲ့ တကယ့်အစစ်က အဲဒီသဘောတရားလား။

ဖြေ ။ ။ လွဲနေတာပါ၊ သူတို့ဟာ ဘုရားရဲ့အဆုံးအမ၊ ဘုရားချီးမွမ်းတာကိုတော့ မလိုက်ဘဲနဲ့ ဘုရားမနှစ်မြို့တာတွေ လုပ်နေကြတာ ဖြစ်နေတယ်။ အဲဒီတော့ ပြောရမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့က ဗုဒ္ဓဘာသာအမည်ခံပြီးတော့ ဘုရားအဆုံးအမ မလိုက်နာတဲ့အုပ်စုတောင် ဖြစ်နေတယ်။ ဒါ ဘုန်းကြီးတို့ ပြန်စဉ်းစားရတော့မယ်။ ဒါကို ဆရာတော်ဘုရားကြီးက၊ ဘုန်းကြီး ကောလင်းရောက်တုန်းက အဲဒီဆရာတော်ဘုရားကြီးကို ဓာတ်ပုံကိုကြည့်ခဲ့ရတယ်၊ မရှိတော့ မရှိတော့ဘူး။ အဲဒီမှာရောက်တော့ သူတို့ ပြောပြလို့သိရတာ။ ဆရာတော်ကြီးကတော့ ပြောတယ်တဲ့ ဒကာ ဒကာမတွေကို။ ပရိသတ်တို့တဲ့ ဘာတဲ့ အယူက မိစ္ဆာတဲ့၊ အကျင့်က သမ္မာတဲ့ သိကြလားတဲ့။ မသိပါဘုရားတဲ့။ သိချင်ရင် သူများနိုင်ငံက တိုးတက်နေတာတွေ သွားကြည့်။ ဘယ်လောက် စိတ်ထားကောင်းတုန်းဆိုတာ၊ ကြည့်။ အယူကမိစ္ဆာ၊ အကျင့်က သမ္မာ၊ အကျင့်က ကောင်းနေတယ်တဲ့။ အယူက သမ္မာ၊ အကျင့်က မိစ္ဆာ သိကြလားတဲ့၊ မသိပါဘုရားတဲ့။ အဲဒါ နင်တို့ တို့နိုင်ငံကဟာတွေပြောတာတဲ့။ အဲဒီလိုကို ဆရာတော်ကြီး ပြောတယ်၊ သိပ်ဝမ်းနည်းစရာကောင်းတယ်၊ ဘုန်းကြီးတို့လည်း ဒီအတိုင်းမြင်တယ်။ စဉ်းစားသင့်ပြီလို့ ဘုန်းကြီးပြောချင်တယ်။ ဗုဒ္ဓဘာသာတွေလည်း message ပေးချင်တယ်။

ဓမ္မကို အဓိကမထားဘဲနဲ့ ဘုရားကိုကိုးကွယ်ရင် ပြီးရောဆိုပြီး လုပ်ခဲ့ကြတာ ကနေ့ ဓမ္မပျက်တဲ့နိုင်ငံကြီးအဖြစ်ကို ဆိုက်ရောက်ကုန်ပြီ။ ခေါင်းဆောင်တွေကစပြီးတော့ ဓမ္မပျက်ကြတာ။ အဲဒီတော့ တိုင်းပြည်ပါ အကုန်ပျက်ကုန်တယ်။ အဲဒီတော့ ဘုန်းကြီးတို့ ပြန်ပြီးတော့ တိုင်းပြည်ကောင်းစေချင်ရင် ဓမ္မပြန်တည်ဆောက်ရပါလိမ့်မယ်လို့ ဘုန်းကြီးပြောချင်တာပဲ။

မေး ။ ။ တပည့်တော်တို့ သာသနာတော်ကို တကယ်စစ်မှန်တဲ့၊ အရှင်ဘုရား ခုနပြောတဲ့ ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရကို ဖြည့်ဆည်းနိုင်တဲ့ သာသနာအဖြစ် ပြန်ပြီးတော့ ကူးပြောင်းဖို့ဆိုလို့ရှိရင် တပည့်တော်တို့ အရေးအကြီးဆုံးနဲ့၊ အစိုးရအနေနဲ့၊ သနာသနာရေးဝန်ကြီးဌာနအနေနဲ့ ဘာလုပ်သင့်လဲ။

ဖြေ ။ ။ သာသနာရေးဝန်ကြီးဌာနအနေနဲ့က ဘာလုပ်သင့်သလဲလို့ဆိုတော့ အခု ဘုန်းကြီးတို့ ဒိုင်ယာလော့ခ်တွေ လုပ်ကြတယ်။ တော်တော်ကောင်းတယ်။ ဘုန်းကြီးတို့တွေလည်း အဲ့ဒီလို ဒိုင်ယာလော့ခ်တွေ၊ အဲဒီလိုတွေ အချင်းချင်းပြောပြီးတော့ ဒီလိုသာတိုင်ပင်ကြမယ်ဆိုရင် ဘုန်းကြီးတို့ အများကြီး တိုးတက်ဖို့ရှိတယ်။ ဒါပေမယ့် လာခဲ့ရတဲ့စနစ်က ငါးယောက်မစုရ ဥပဒေအောက်မှာ ပြားပြားဝပ်ခဲ့ရတာဖြစ်တော့ အကျင့်ကကိုက အဲဒီလို စုစည်း၊ စုစုံပြောတာ၊ ဆွေးနွေးတာတို့ အင်အတန်နည်းတယ်။ အဲဒီနည်းခြင်းဟာ သာသနာပျက်စီးခြင်းရဲ့ အကြောင်းရင်းပဲ။
ဘုန်းကြီးတို့တတွေဟာ အခု လွတ်လပ်ခွင့် အတန်အသင့်ပဏာမ ရလာပြီ၊ ဒါကိုအသုံးချပြီး တော့ ဘုန်းကြီးတို့ ဆွေးနွေးကြရင်တော့ ဒါ ပြန်တိုးတက်မယ်၊ ဒါတွေကို သာသနာရေးက ကြောင့်ကြစိုက်ပြီး ဖော်ကျူးပေးရင် ကောင်းမယ်၊ အဲ့လိုဖြစ်တယ်လို့ ဘုန်းကြီးမြင်တယ်။

ဒါပေမယ့် ဘုန်းကြီး အများကြီးတော့ မျှော်လင့်လို့မရပါဘူး၊ ဘာဖြစ်လို့လဲဆို သာသနာရေး ခဏထားဦး၊ တိုင်းပြည်လေး ငြိမ်ငြိမ်သက်သက်လေးနေဖို့ကို ကသိကအောက်တွေ လုပ်တဲ့အုပ်စုတွေ၊ လှေပြောင်းပြန်လှော်တဲ့အုပ်စုတွေ အများကြီး ရှိနေတာ ဖြစ်နေတယ်။ ဘုန်းကြီးဝတ်နဲ့လည်းရှိနေတယ်၊ လူဝတ်နဲ့လည်းရှိနေတယ်၊ စစ်သားဝတ်နဲ့လည်း ရှိနေတယ်။ အဲဒီတော့ တိုင်းပြည်ကြီးက ဒီဟာတွေက အရင်လုပ်ကြရမှာ ဖြစ်နေတယ်။ တစ်ဖက်က သာသနာစိတ် ရှိတဲ့လူတွေကလည်း ကြိုးစားကြဖို့၊ တိုင်းပြည်ချစ်တဲ့စိတ်ရှိတဲ့လူတွေကလည်း ကြိုးစားကြဖို့တော့ အများကြီးလို့တယ်လို့တော့ ပြောချင်တာပဲနော်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts