All News Local News

ပုဂံသရပါလုပ်သားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျောင်းသား ၃ ဦး အပါအဝင် ၁၃ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေးမှ တစ်ဆင့် နေပြည်တော်သို့ ချီတက်ရန် ပုဂံညောင်ဦးမှ ထွက်ခွာလာသော ပုဂံသရပါ အလုပ်သမားသပိတ်စစ်ကြောင်းသည် ညောင်းဦးမြို့အထွက်တွင် အကြမ်းဖက်ဖြိုးခွင်းခံလိုက်ရပြီး ၁၃ ဦး ဖမ်းဆီးခံထားရကာ ဖမ်းဆီးခံရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်မှ ကျောင်းသား ၃ ဦးပါဝင်ကြောင်း သိရှိရသည်။

ပုဂံသရပါ အလုပ်သမားသပိတ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ဖြင့် ညောင်ဦးမြို့မှ ထွက်ခွာလာစဉ် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်က လမ်းပိတ်ဆို့ အကြမ်းဖက်ဖြိုခွင်းခြင်းဖြစ်ကြောင်း၊ ဖြိုခွင်းမှုကြောင့် ပွန်းပဲ့ဒဏ်ရာရရှိမှုများရှိသော်လည်း ဆေးရုံတင်ပို့ကုရသူမရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် “အဓိက ကျနော်တို့ ဒီကနေ့မနက်မှာ ပုဂံသရပါ သပိတ်ကို ဖြိုခွင်းခံရတယ်။ ဖြိုခွဲခံရသော အလုပ်သမားတွေက နေပြည်တော်ကို ချီတက်မယ်လို့ ဆုံးဖြတ်ကြတယ်။ နေပြည်တော်ကို ချီတက်ဖို့လုပ်တယ်။ ဒီကနေ့ မနက် ၆ နာရီခွဲမှာ ပုဂံသရပါဟိုတယ်ရှေ့မှာပဲ ချီတက်ဖို့ လုပ်တယ်။ ချီတက်ဖို့လုပ်ရင်း ညောင်ဦး မြို့အထက်မှာ ရဲအင်အား ၁၀၀ ခန့်လောက် သုံးပြီး ဖြိုခွင်းသွားတာပါ။ ကျနော်တို့က အင်အား ၁၀၀ ကျော် သွားတာ။ လောလောဆယ် အဖမ်းခံရတာက ၁၃ ယောက်ဖြစ်တယ်လို့ သိထားရတယ်။ အဖမ်းခံရတဲ့သူတွေထဲ ကျောင်းသားတွေထဲက ဗကသ ကျောင်းသား ၃ ယောက်လောက်ပါတယ်။ ကျန်တာတော့ ကျနော်တို့ အလုပ်သမားတွေချည်းပါပဲ” ဟု ရန်ကုန်ခေတ်သစ်သတင်းသို့ ပြောသည်။

လတ်တလော ဖမ်းဆီးခံထားရသူ ၁၃ ဦးကို မည်သည့်ပုဒ်မနှင့် အရေးယူထားသည်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ပုဂံသရပါ အလုပ်သမားသပိတ်စခန်းကို အာဏာပိုင်များ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ချီတက်လာသော သပိတ်စစ်ကြောင်းကို ဖြိုခွင်းခြင်းဖြစ်ရာ အလုပ်သမားများ၏ သပိတ်မှောက်ပိုင်ခွင့်အခွင့်အရေးကို တားမြစ်ချိုးဖောက်ခြင်းဖြစ်ကြောင်း ဦးသက်နှင်းအောင်က ပြောသည်။

“အစိုးရက သပိတ်ကိုဖြိုခွင်းတာတွေ၊ သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းတာတွေ လုပ်လာတယ်အခါကျတော့ ကျနော်တို့အနေနဲ့ နည်းနည်းလေး အလုပ်သမားတွေအတွက်က ဆုံးရှုံးတဲ့အခွင့်အရေးတွေ များလာပြီ။ ဒီလိုပဲ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ နဂိုကတည်းက အလုပ်သမားတွေမှ သပိတ်မှောက်ပိုင်ခွင့် အခွင့်အရေး ရှိတယ်” ဟု ဦးသက်နှင်းအောင်ဟု ဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်း ပုဂံမှ နေပြည်တော်သို့ ချီတက်လာသည့် အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲအင်အားဖြင့် အကြမ်းဖက်ဖြိုခွင်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ဖမ်းဆီးခံရထားသူ ၁၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ဖမ်းဆီးခံထားရသူများတွင် ပါဝင်သော ကျောင်းသား ကိုမျိုးထက်ဇော်၊ ကိုအောင်မင်းပိုင်၊ ကိုကောင်းသူရတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပုဂံသရပါ အလုပ်သမားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရစဉ်။ (Photo Credit- မြန်မာသံတော်ဆင့်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts