All News Local News

နေပြည်တော်တွင် အစာငတ်ခံဆန္ဒပြရင်း မူးလဲသည့် လားရှိုးကျောင်းသားခေါင်းဆောင် ဆေးရုံတွင်လည်း အစာမစား၊ ပညာရေးဝန်ကြီးဌာနက ဖြစ်စဉ်ကို စုံစမ်းရန် အထူးစုံခုံဖွဲ့စည်းပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရှေ့အထိ လာရောက် သပိတ်မှောက်ခဲ့သော လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်ဇောဟန်သည် အစာငတ်ခံ ဆန္ဒပြရင်း မူးလဲကျခဲ့သဖြင့် နေပြည်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော်လည်း အစားမစားဘဲ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရှိရသည်။

“ဆေးစစ်ချက်တွေအရတော့ ကောင်းတယ်။ ဒါပေမယ့်လည်း အစာတော့ မစားဘူး။ ဆေးရုံက အတင်းဆင်းမယ်လုပ်နေတယ်။ သူက အခု အစာငတ်ခံ ဆန္ဒပြနေတာ ၈ ရက်မြောက်ပါ” ဟု ကိုစိုင်းကျော်ဇောဟန်ကို အနီးကပ်ကူညီနေသူ ကျောင်းသားတစ်ဦးက ပြောသည်။

လားရှိုး နည်းပညာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ဆေးနားခွင့်၊ ကျောင်းပြောင်းသင်ယူခွင့် ခက်ခဲနေခြင်း ၊ကျောင်းသားသမဂ္ဂ ရုံးခန်းသော့ ချိုးဖျက်ခံရပြီး သမဂ္ဂအလံ ဖြုတ်ချ ဖျောက်ဖျက်ခံရခြင်း၊ ကျောင်းရန်ပုံငွေအတွက် ကျောင်းအာဏာပိုင်များက ပစ္စည်းရောင်းချခြင်း အပါအဝင် တောင်းဆိုချက် ၇ ချက် ရရှိရန် ကိုစိုင်းကျော်ဇောဟန်က ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေတာဖြစ်ပြီး အာဏာပိုင်များက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် နှစ်ကြိမ်တိုင်တိုင် အမှုဖွင့် အရေးယူထားသည်။

ပညာရေးဝန်ကြီးဌာနက ကိုစိုင်းကျော်ဇောဟန်၏ တောင်းဆိုချက်ကြောင့် လားရှိုး နည်းပညာတက္ကသိုလ်ဖြစ်ပွားနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်(တာဝန်) ဒေါက်တာကျော်ထွန်းက ဥက္ကဋ္ဌ၊ လားရှိုး ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနန်းစိုးစိုးအောင်က အဖွဲ့ဝင် ၁ ၊ လားရှိုးပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ရီရီမြင့်က အဖွဲ့ဝင် ၂ အဖြစ် ပါဝင်ကြောင်း၊ ယင်းစုံစမ်းစစ်ဆေးရေးများ ဆောင်ရွက်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နောက်မကျစေဘဲ ပညာရေးဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ပြရန် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက လက်မှတ်ရေးထိုး၍ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“တကယ်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာလည်း လားရှိုးက လူတွေဆိုတော့ လားရှိုးနည်းပညာတက္ကသိုလ်က သူတွေကို မျက်နှာနာစရာဖြစ်နေတော့ အမှန်အတိုင်းဖြစ်လာပါ့မလားလို့ သံသယရှိတယ်” ဟု ကိုစိုင်းကျော်ဇောဟန်ကို အနီးကပ်ကူညီနေသူက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com