Local News political news

နိုင်ငံဆင်းရဲ၍ မျက်နှာငယ် အပင်ပန်းခံ လုပ်နေရ၊ အိမ်နီးချင်းများ အနိုင်ကျင့်ချင်ကြဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဆင်းရဲ၍ မျက်နှာငယ် အပင်ပန်းခံ အလုပ်လုပ်နေပြီး အိမ်နီးချင်းများကလည်း အနိုင်ကျင့်ချင်ကြကြောင်း ယမန်နေ့ စာရေးဆရာများနှင့်ညစာစားပွဲတွင် ပြောဆိုလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိသည့် စာရေးဆရာများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော စာရေးဆရာတင်ညွှန့်က ဒေါ်အောင်ဆန်းစုကြည် ထိုသို့ ပြောဆိုကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့် “သဇင်တွေဝေတဲ့ည” ခေါင်းစဉ်ဖြင့် မိတ်ဆုံစားပွဲ အတွေ့အကြုံတွင် ဖော်ပြထားသည်။

“ကျမတို့က ဆင်းရဲတယ်လေ။ ဆင်းရဲတော့ မျက်နှာငယ်ရတာပေါ့။ ဆင်းဆင်းရဲရဲနဲ့ လှုပ်ရှားနေရတာပဲ။ အပင်ပန်းခံပြီး လုပ်ကြရတော့မှာပဲ။ အားလုံးကောင်းဖို့ပေါ့။ ကျမတို့က အားနည်းတော့ အိမ်နီးချင်းတွေကလည်း အနိုင်ကျင့်ချင် ကြတယ်။ အားကြီးသူက အားနည်း သူတွေ အနိုင်ကျင့်တာ သဘာဝပဲ။ ဒါပေမဲ့ ကျမက အဲသည်လို အနိုင်ကျင့်တာ ဘယ်တော့မှ ငုံ့မခံဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစ်နိုင်ငံလုံးမှ စာရေးဆရာ ၆၅ ဦးကို နေပြည်တော်သို့ ဖိတ်ခေါ်၍ ညစာစားပွဲကျင်းပ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် “စာတတ်သူတိုင်းစာဖတ်ရေး ”ဆိုသည့် လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော် MICC2 ခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts