All News Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်အမွေခွဲလိုမှု တရားသူကြီးချုပ်ထံ အယူခံတင်မည်ဟု ဦးအောင်ဆန်းဦးပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့အကြား နေအိမ်အမွေခွဲရန် တင်ပြသည့် ဦးအောင်ဆန်း၏ အထူးအယူခံမှုကို ပြည်ထောင်စုတရားလွှတ်တော်က ပလပ် လိုက်ပြီးနောက် တရားသူကြီးချုပ်ထံ အယူခံတင်ပြမည်ဖြစ်ကြောင်း ဦးအောင်ဆန်းဦးက ဘီဘီစီ(မြန်မာပိုင်း)သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ဥပဒေလမ်းကြောင်းအတိုင်း ကျနော့်ရှေ့နေပြောတာကတော့ ပုဒ်မ ၂၀ ဆိုတာရှိတယ်၊ အဲဒါက နိုင်ငံတော်ရဲ့ တရားသူကြီးချုပ် ထွန်းထွန်းဦး၊ သူ့ဆီကို အယူခံဆက်တင်လို့ ရတယ်။ ဒါပေမယ့် ထွန်းထွန်းဦးအနေနဲ့က အဲဒီအယူခံကို ပြီးခဲ့တဲ့ ပလပ်လိုက်သလိုပဲ ပလပ်လိုက်ချင်လည်း ရတယ်။ သူ့ကို ခုန မပြီးဆုံးသေးတဲ့အချက်တွေကို ရှင်းလင်းသွားအောင် သူ့အနေနဲ့ နောက်ဆုံးရှင်းလင်းဖို့ တရားရုံးဘက်က ရှင်းလင်းရမယ့်ကိစ္စပါ။ ကျနော်ကတော့ ဥပဒေအတိုင်းပဲ ဆက်လုပ်သွားမယ်ဆိုတော့ ဒီနိုင်ငံမှာ အမြင့်ဆုံး တရားသူကြီးချုပ်ကနေပြီးတော့ ဒါကို မျှမျှတတ မှန်မှန်ကန်ကန်၊ အရင်တုန်းက မမျှမတ မမှန်ကန်တာတွေ ဘေးချိတ်လိုက်၊ ဒါတွေ ကျနော် သိပ်ဂရုမစိုက်ဘူး၊ အခု ဆုံးဖြတ်ရမယ့်အဆင့်မှာ မျှမျှတတ မှန်မှန်ကန်ကန် ပြည်သူလူထုကလည်း စဉ်းစားနိုင်တဲ့ အဆင့်အတန်းလူတွေ လက်ခံနိုင်တဲ့အတိုင်း ဥပဒေကို ဆုံးဖြတ်ပေးဖို့ ကျနော်တို့က ကြိုးစားကြည့်မှာပါ” ဟု ဦးအောင်ဆန်းဦးက ဘီဘီစီမြန်မာပိုင်းသို့ ပြောသည်။

ဦးအောင်ဆန်းဦးက တရားသူကြီးချုပ်ထံ အယူခံတင်ပြခြင်းမဟုတ်ကြောင်း၊ တရားသူကြီးချုပ်ထံ အယူခံတင်ပြခြင်းသည် နောက်ဆုံးအဆင့်ဖြစ်ပြီး လက်ရှိတွင် အမှုအတွက် ရွေးချယ်စရာ Option မရှိသလောက် ဖြစ်လာနေကြောင်း ပြောဆိုသည်။

ဒါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေသည့် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်နှင့် ခြံဝင်းကို လေလံပစ်ပြီး ရရှိသည့်ငွေကြေးကို တစ်ယောက်တစ်ဝက်စီ ခွဲဝေယူရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အောက်တိုဘာ ၁၇ ရက်နေ့ အထူးအယူခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား နေအိမ်အမွေမှုမှာ စစ်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်ကတည်းက စတင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်က နှစ်ပုံတစ်ပုံစီခွဲဝေပေးပြီးဖြစ်ကြောင်း၊ သို့ရာတွင် နှစ်ထပ်အိမ်မကြီးပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိပြီး ဦးအောင်ဆန်းဦးက ပြိုနေသည့် တစ်ထပ်တိုက် ရရှိသည့်အခြမ်းကိုသာ ရရှိသည့်အတွက် ခြံဝင်းတစ်ခုလုံးကို လေလံပစ်ပြီး ရရှိသည့်ငွေကြေးကို တစ်ယောက်တစ်ဝက် ခွဲဝေယူရန် ဦးအောင်ဆန်းဦးက ကြိုးစားနေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts