All News Business interview

“ဒီခေတ်မှာ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အိမ်တစ်လုံးပိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၂

စစ်အစိုးရလက်ထက်က ငွေမည်းခဝါချသည့် နေရာအဖြစ် အသွင်ပုံသဏ္ဍန်ပေါ်ခဲ့သော မြန်မာ့အိမ်ခြံမြေဈေးကွက်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှစတင်၍ ဈေးနှုန်း နှင့်အရောင်းအဝယ်ကျဆင်းခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင်လည်း ဆက်လက် ကျဆင်းလျက်ရှိသည်။ အိမ်ခြံမြေဈေးကွက်အလားအလာနှင့် ဖြစ်ပေါ်လာနိုင်ခြေများကို မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ အပေါင်ခံထားတဲ့ အိမ်ခြံမြေတွေက ဘဏ်က လက်ခံတုန်းက ဈေးထက် အခု အရမ်းကျနေတော့ နောက်ဆက်တွဲ ဘဏ်တွေကို ထိခိုက်နိုင်လား။

ဖြေ ။ ။ ဖြစ်နိုင်တာပေါ့၊ တကယ်လို့သာ အိမ်ခြံမြေဈေးကွက်ကို စက်မနိုးဘူးဆိုရင်တော့ ရေရှည်မှာက အဲဒီပြဿနာတွေ ဝင်လာနိုင်တယ်။ အခုဆိုလို့ရှိရင် တကယ်လို့ ဗဟိုဘဏ်က ဝင်မခုထားပေးလို့ရှိရင် ဒီပြဿနာဝင်တာ ကြာပြီ။ ပြီးခဲ့တဲ့နှစ်လောက်ကတည်းက ဝင်ပြီ။ တော်တော်များများက မဆပ်နိုင်ကြတော့ဘူး ဖြစ်နေတာပေါ့လေ။ တချို့လုပ်ငန်းရှင်တွေဆို တော်တော်စိတ်ဓာတ်ကျတဲ့စကားတွေပြောလာတယ်၊ သိမ်းချင်လည်းသိမ်းတော့ပေါ့၊ မတတ်နိုင်ဘူး။ တကယ်လည်းမတတ်နိုင်တဲ့အခြေအနေမို့ ဒီစကားပြောတာပေါ့လေ။ ဒါကြောင့်မို့လို့တစ်ချက်လောက် ကောက်နိုးပေးလို့ရှိရင်တော့ အများအသက်ရှူချောင်မယ်လို့ ယူဆပါတယ်။

မေး ။ ။ ဘဏ်တွေရဲ့လက်ထဲမှာ အပေါင်ခံထားတဲ့ အိမ်ခြံမြေအကွက်ပေါင်း ဘယ်လောက်လောက်ရှိတယ်လို့ ကြားမိလဲ။

ဖြေ ။ ။ အရေအတွက်တော့ အတိအကျမပြောတတ်ဘူး၊ တော်တော်များများတော့ ပိုက်မိနေတယ်လို့တော့ ကြားရတာပေါ့လေ။

မေး ။ ။ ဒလ- ရန်ကုန်မြစ်ကူးတံတား၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ လှည်းကူး မြို့သစ်စီမံကိန်းတွေ ထပ်လုပ်တယ်ဆိုတော့ ဒီဟာတွေကရော အိမ်ခြံမြေဈေးကွက်ပြန်ဖွံ့ဖြိုးဖို့ အထောက်အကူဖြစ်လား။

ဖြေ ။ ။ Infrastructure ပြုပြင်တာက ခုန ကျနော်ပြောပြီးပြီ။ ဘယ်လိုပဲ ပြုပြင်ပြုပြင် Infrastructure က လူနေမှုအဆင့်အတန်းမြင့်အောင် လုပ်လေ အိမ်ခြံမြေအတွက် အထောက်အကူပြုလေပဲ နော်၊ တစ်ပြိုင်တည်းလုပ်ရမှာပေါ့။ ခုန အခွန်လျှော့တဲ့ဟာလည်း လုပ်ရမယ်၊ Infrastructure ပြင်တဲ့ဟာလည်း လုပ်ရမယ်။ ကျနော်တို့တိုင်းပြည်က Infrastructure နဲ့ ပတ်သက်လို့ရှိရင် အများကြီးနောက်ကျကျန်ခဲ့ပြီ။ လိုအပ်ချက်တွေ အရမ်းကြီးတယ်၊ ခုလည်း လိုအပ်နေဆဲပဲ။ ခု နိုင်ငံတကာကလူတွေ လာတယ်၊ လာပြီးလို့ရှိရင် ဒီ စက်မှုဇုန်တွေသွားလို့ရှိရင် သူတို့စိတ်ညစ်တာက တချို့စက်မှုဇုန်တွေက ဒီ လျှပ်စစ်မီးတွေ အချိန်ပြည့်မရတာတို့ ဘာတို့ပေါ့နော်၊ လျှပ်စစ်မီးလိုအပ်ချက်လည်း ဒီ Infrastructure ထဲမှာ ပါတာပဲလေ။ ဒီဟာတွေဖြည့်ဆည်းနိုင်မယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် တစ်ဆင့်မြှင့်လေ အိမ်ခြံမြေလောကသားတွေအတွက် ကောင်းလေ၊ လူနေမှုဘ၀ အဆင့်မြင့်လေ အိမ်ခြံမြေလောကသားတွေအတွက် ကောင်းလေပါပဲ။ ဒါကြောင့်မို့ မြန်မြန်လုပ်ဖို့၊ တစ်ပြေးညီလုပ်ဖို့ လိုတာပေါ့လေ။

မေး ။ ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အိမ်ပိုင်ဆိုင်နိုင်ဖို့ အခုခေတ်အခြေအနေမှာ ဖြစ်နိုင်မလား။

ဖြေ ။ ။ ဒီခေတ်မှာ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အိမ်တစ်လုံးပိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးပေါ့နော်။ နောက်ပိုင်း ကျနော်ပြောတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ များများဖော်ပေးမယ်၊ နိုင်ငံခြား Investor တွေ များများလာမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့လူတွေလည်း အလုပ်အကိုင် အခွင့်အလမ်း အများကြီးရမယ်၊ အလုပ်အကိုင်အခွင့်အလမ်း ရတဲ့အခါကျမှ လိုချင်တဲ့၊ အိပ်မက်မက်နေတဲ့လူတွေလည်း ကိုယ့်ဘာသာကိုယ်လည်း ကြိုးစားရမှာပေါ့လေ၊ ကျနော်တို့မြင်တာက ကျနော့်ဝန်ထမ်းတွေလည်း အပါအဝင်ပါ၊ ကျနော်အမြဲဆုံးမတယ်၊ သူတို့ ငွေတွေစုရမှာ အားနည်းကြတာပေါ့နော်၊ ငွေစုတဲ့ဟာ တော်တော်အားနည်းတယ်။ သူတို့ ရရင်ရသလို သုံးလိုက်မယ်၊ တစ်ခုခုဝယ်လိုက်မယ်၊ ဖုန်းတွေကအစ၊ ဟန်းဆက်တွေကအစ အမြင့်ကြီးတွေဝယ်ကိုင်ချင်တယ်၊ ခုန အိမ်ပိုင်ချင်တယ်ဆိုတဲ့ အိပ်မက်ကို မက်မယ့်သူတွေက ငွေစုဖို့လိုတယ်လို့လည်း တစ်ဖက်ကနေ အကြံပြုချင်တာပေါ့လေ။ ဒါ အစိုးရကိုချည်းပဲ အားကိုးပြီးတော့ အိမ်ပိုင်ချင်တယ်လို့ အော်နေလို့မရဘူးပေါ့နော်။ ကျနော်တို့လည်း အောက်ခြေကနေ ဒီလိုပဲ စုပြီးတော့မှ၊ ဒီ အအေးတစ်ဘူးတောင်မှ လွယ်လွယ်နဲ့ ဝယ်မသောက်တဲ့အခြေအနေမျိုးမှာ ကျနော် နေခဲ့ရပြီး စုခဲ့ရတာပေါ့လေ။ အိမ်ပိုင်ချင်တဲ့ အိပ်မက်ရှိတဲ့လူက မက်ခွင့်ရှိတယ်၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လည်း ကြိုးစားဖို့လိုတယ်၊ ကိုယ်ကိုယ်တိုင်လည်း မဖြုန်းမိဖို့လိုတယ်။ ကျနော့်ဝန်ထမ်းတွေ ကျနော် အမြဲတမ်းဆုံးမတယ်။ သူတို့တွေက ကျနော်ကြည့်နေတာလေ၊ သိပ်မစုကြဘူး။ အဲဒီတော့ အဲဒီအိပ်မက်က ဖြစ်လာဖို့က ဝေးတာပေါ့လေ။

မေး ။ ။ အရစ်ကျငွေချေစနစ်မျိုးနဲ့ နှစ်ရှည် ပြန်ဆပ်ပုံစံနဲ့ လူတိုင်း အိမ်ဝယ်နိုင်မယ့် အခြေအနေ ဘယ်တော့ ဖြစ်လာမလဲ။
ဖြေ ။ ။ အဓိကကတော့ stable ဖြစ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်၊ ဒီ ပြည်သူလူထုတွေကြားမှာ အဲဒီအခွင့်အလမ်းက နည်းနေသေးတယ်။ နိုင်ငံတကာမှာက လူတော်တော်များများက အလုပ်အကိုင်အခွင့်အလမ်းမှာ stable ဖြစ်ကြတယ်။ ဒီမှာက အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့အခါကျတော့ ဒီ ဘဏ်တွေကမယုံဘူးဆိုတဲ့ဟာကလည်း သဘာဝကျတာပေါ့။ အလုပ်ပြုတ်သွားလို့ရှိရင် နောက်အလုပ်တစ်ခုရှာဖို့ ခက်တာတို့ဘာတို့ပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ဘဏ်ကလည်း ယုံကြည်မှုအားနည်းတာပေါ့။ အဲဒီနောက်မှာ ဘာလိုနေလဲဆိုတော့ အဓိက ခုနပြောတဲ့ တိုင်းပြည်တိုးတက်ဖို့လိုတယ်။ တိုးတက်လာလို့ အလုပ်အကိုင်အခွင့်အလမ်းများလာလို့ရှိရင် ဒီအလုပ်ပြုတ်သွားဦး၊ နောက်အလုပ်ကို သူကူးလို့လွယ်တာပေါ့လေ။ ဒီလိုအခြေအနေမှာဆို နှစ်ဦးနှစ်ဖက်က ယုံကြည်မှုရလာမယ်လို့ ယုံကြည်တယ်။ Main လိုတာကတော့ အလုပ်အကိုင်အခွင့်အလမ်းများများရှိဖို့လိုတယ်၊ တိုင်းသူပြည်သားတွေ လူနေမှုအဆင့်အတန်း တစ်ဆင့်မြင့်သွားဖို့လိုတယ်၊ အဲဒီကျလို့ရှိရင် ယုံကြည်မှုရသွားမယ်လို့ မျှော်လင့်တာပေါ့လေ။

မေး ။ ။ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကြောင့် အိမ်ခြံမြေဈေးကွက်အတွက် ထိခိုက်မှုရှိလာနိုင်လားဆရာ။

ဖြေ ။ ။ လောလောဆယ် ဒီ မြေလွတ်မြေရိုင်းနဲ့ ပတ်သက်လို့တော့ ချက်ချင်းလက်ငင်း တိုက်ရိုက်တော့ မသက်ရောက်သေးဘူးပေါ့နော်။ နောက်ပိုင်း ဒီ ရင်းနှီးမြှုပ်နှံမယ့်လူတွေ တဖြည်းဖြည်းများလာလို့ရှိရင် မြေကရှားလာမယ်လေ၊ အဲဒီကျရင်တော့ သက်ရောက်လာလိမ့်မယ်။ ဒီ မြေလွတ်မြေရိုင်းဥပဒေကလည်း ကျနော် ပွင့်ပွင့်လင်းလင်း ဝေဖန်ရလို့ရှိရင်တော့ သူက အရမ်းကို ပြည်သူလူထုဘက်ကို ငဲ့ပြီး လုပ်ပေးထားတာ မဟုတ်ဘူးပေါ့နော်။ တောက်လျှောက်ကြီးကလည်း ဒီ လယ်မြေပဲဖြစ်ဖြစ်၊ ယာမြေပဲဖြစ်ဖြစ် သူတို့ ဥပဒေပြဋ္ဌာန်းတဲ့ဟာတွေက ပြည်သူလူထုတွေကို Squeed လုပ်ချင်တဲ့ဟာမျိုးပေါ့နော်၊ ဒီဟာမျိုးကို သွားတွေ့ရတဲ့အခါကျ အများစုက ဥပဒေပြုပြင်ဖို့တယ်၊ ခုလည်း ကြိုးစားနေတဲ့ ပညာရှင်တွေ အများကြီးရှိတယ်၊အတိုက်အခံလုပ်ပြီး ပြောနေတာပေါ့နော်။ ပြောနေတာတွေက ဘာလဲဆိုတော့ ပြည်သူလူထုဘက်ကို လှည့်ဖို့လိုပြီ၊ ဒီ ယာမြေ၊ လယ်မြေကိစ္စတွေ၊ မြေလွတ်မြေရိုင်းကိစ္စတွေက ပြည်သူတွေအကျိုးပြုမယ့်ဥပဒေမျိုးကို ပြုစုဖို့လိုပြီလို့ ပြောနေကြတာပေါ့နော်။ ကျနော့်အနေနဲ့ အဲဒါပြုစုဖို့လိုပြီလို့ ပြောချင်ပါတယ်။ တောက်လျှောက်ကြီးက ဖြစ်လာတဲ့ဟာ ပြည်သူလူထုပဲ နစ်နာတာပေါ့။ လယ်မြေပဲဖြစ်ဖြစ်၊ ယာမြေပဲဖြစ်ဖြစ် ဒီ စီမံခန့်ခွဲရေး ကော်မတီက ဆုံးဖြတ်တဲ့ဟာတွေ၊ သူတို့ဥပဒေထဲမှာရှိနေတဲ့ဟာတွေက အားနည်းချက် အများကြီးရှိတယ်၊ ပြည်သူလူထုအတွက် အားနည်းတာပေါ့လေ။

မေး ။ ။ အစိုးရအနေနဲ့တန်ဖိုးနည်းအိမ်ရာတွေဆိုတာက အခြေခံပြည်သူလူထုကို အထောက်အပံ့ဖြစ်လား။

ဖြေ ။ ။ မှန်ပါတယ်၊ ဒီဟာကလည်း အများသိတာပေါ့လေ။ ကျနော်ကိုယ်တိုင်လည်း ဒီဈေးကွက်ထဲမှာရှိနေတဲ့အခါကျတော့ ပထမတော့ တန်းဖိုးနည်းအိမ်ရာအနေနဲ့ တည်တာပေါ့နော်၊ ဆောက်ရင်းနဲ့ တန်ဖိုးမနည်းဘဲနဲ့ တန်ဖိုးမြင့်နေတဲ့အခါကျတော့ တန်ဖိုးမျှအိမ်ရာလို့ ပြောင်းလိုက်တာပေါ့လေ။ အဲဒီ တန်ဖိုးမျှအိမ်ရာမှာ ခုန သုံးသပ်သွားသလိုပဲ အမှန်တကယ်လိုအပ်တဲ့လူတွေလက်ထဲ မရောက်ဘဲနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဝယ်ရောင်းလက်ထဲတွေ ရောက်ကုန်တာ။ တစ်ယောက်တည်း ၁၀ ခန်း၊ တစ်ယောက်တည်း ၅ ခန်း တို့ ဦးပြီး ပြန်ရောင်းကြတာပေါ့လေ။ ဒီအခြေအနေမျိုး ပပျောက်အောင်ဆိုလို့ရှိရင် အမှန်တကယ် လိုအပ်နေတဲ့လူတွေကို စိစစ်ပြီးတော့မှ ပေးနိုင်ဖို့လိုတယ်။ မဟုတ်ဘူးဆိုရင်တော့ ဒါ အဂတိပါသွားမှာပေါ့နော်။ ဒီ ဝယ်ရောင်းတွေလက်ထဲရောက်တဲ့အကြောင်းတရားလည်း ရှိမှာပေါ့လေ။ ဒီအကြောင်းတရားလေးတွေကို ဖော်ထုတ်ပြီးတော့မှ တကယ်လိုအပ်နေတဲ့လူတွေလက်ထဲကို ထည့်ပေးနိုင်မယ်ဆိုလို့ရှိရင် များများလည်း ဆောက်ရမယ်၊ တကယ့်တကယ် ကျနော်တို့တိုင်းပြည်မှာ အခြေခံလူတန်းစာတွေရဲ့ အိမ်ရာလိုအပ်ချက်က အရမ်းကြီးတယ်၊ တော့်တော့်ကိုကြီးတာ နော်။ အိမ်မပိုင်တဲ့လူတွေလည်း အများကြီးပဲ။ တစ်ချိန်တုန်းက ကျနော်တို့လည်း ဒီ ၁၉၈၈ နောက်ပိုင်း ကျနော်တို့လည်း ရန်ကုန်မှာ စပြောင်းလာတုန်းက အဲဒီလို ၁၅ ပေ၊ ၄၅ ပေ လောက်ကိုပဲ မိသားစု ၂ စုလုံး နေခဲ့ရတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ နေခဲ့ဖူးတော့ လက်ရှိအခြေအနေမှာ ဒီအခြေအနေပျောက်သွားပြီလားဆိုတော့ မဟုတ်ဘူး၊ အခုချိန်ထိလည်း ပိုပိုဆိုးလာတယ်နော်၊ ပိုပိုဆိုးလာပြီးတော့မှ အခန်းကျဉ်းလေးထဲမှာ မိသားစု သုံးလေးစုနေရတဲ့အခြေအနေက ရှိနေတုန်းပဲပေါ့နော်။ ဒါတွေ ပပျောက်ဖို့ဆိုရင် ခုန ညီလေးပြောသလိုပဲ တန်ဖိုးနည်းအိမ်ရာကို အမှန်တကယ်ဖော်ဆောင်ပြီးတော့မှ အမှန်တကယ်လိုအပ်နေတဲ့လူလက်ထဲကို ထည့်ပေးနိုင်မှ အဆင်ပြေမှာ။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက် အစိုးရသစ်မပေါ်ခင် အိမ်ခြံမြေဈေးကွက် ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ခဲ့လဲ။

ဖြေ ။ ။ ကျနော့်အနေနဲ့ကတော့ အခု အစိုးရကို အရမ်းအပြစ်မတင်ဘူး။ တစ်လျှောက် ကျနော်တို့လည်း နိုင်သလောက်၊ဉာဏ်မီသလောက် လေ့လာတဲ့အခါ၊ ဖတ်တဲ့အခါကျတော့ တက်လာတဲ့အစိုးရမှာလည်း အခက်အခဲတွေ၊ အကျပ်အတည်းတွေအများကြီးနဲ့ ရင်ဆိုင်နေရတဲ့အခါကျတော့ ချက်ချင်းလက်ငင်းကြီး ကျနော်တို့ကို စီးပွားရေးကောင်းအောင် မလုပ်ပေးနိုင်တာ ကျနော် အပြစ်မမြင်ဘူး။ အခုလည်း နိုင်ငံတကာဖိအားတွေ အများကြီးရင်ဆိုင်နေရတာပဲလေ။ ကျနော်ထင်တယ်၊ အခု ဒီနောက်ပိုင်းသာ လက်ရှိ ပြည်သူ့အစိုးရသာ ထပ်ပြီးတော့ ၂၀၂၀ နောက်ပိုင်းလည်း နိုင်ဦးမယ်ဆိုရင်တော့ ကောင်းအောင်လုပ်ပေးနိုင်တဲ့ အားသာချက်တွေ အများကြီး ကျနော်မြင်နေရပြီပေါ့နော်။ အခုလည်း မြင်နေရပြီပေါ့လေ။ အခု ကျန်တဲ့နှစ်တွေမှာ အခု ပြီးခဲ့တဲ့လလောက်စပြီးတော့ စီးပွားရေးကို ဇောင်းပေးပြီးလုပ်လာတာ ဒါ အများပြည်သူ မြင်တာပေါ့လေ။ ဒါ ရေရှည် သူတို့ Plan ချပြီး လုပ်နေတာတွေကို ပြည်သူတွေမြင်ဖို့လိုတယ်။ တချို့ကတော့ အပြစ်ပြောတာပေါ့လေ။ ကျနော်တစ်ဦးတစ်ယောက်တည်းအမြင်ကတော့ အပြစ် ကျနော်မမြင်ဘူး။ တော်တော်လေး ရုန်းကန်နေရတဲ့အခြေအနေမှာ၊ တော်တော်လေး အကျပ်အတည်းနဲ့ သွားနေရတဲ့အခြေအနေကို ကျနော်မြင်တယ်၊ ကိုယ်ချင်းလည်းစာတယ်။ အများစုကတော့ ကောင်းဖို့လုပ်နေတာကို မြင်နေတာပေါ့လေ။ ဒါကြောင့်မို့လို့ ကျနော်ကတော့ ထောက်ခံပါတယ်။

မေး ။ ။ အိမ်ခြံမြေလောကအတွက် အစိုးရကို ဘာသတင်းစကား ပါးချင်လဲ။

ဖြေ ။ ။ နောက်ဆုံး ကျနော် လက်ရှိအစိုးရကို အကြံဉာဏ်ပြုချင်တာကတော့ ကျန်ခဲ့တဲ့ အချိန်လေးကို ကျနော်တို့ အိမ်ခြံမြေဈေးကွက်ကို ပြန်လည် လည်ပတ်လာအောင် အမြန်ဆုံးလုပ်ပေးဖို့သင့်ပြီလို့ ကျနော်ပြောချင်တယ်။ အခွန်နှုန်းထားလျှော့တာတို့၊ ဘဏ်တိုးနှုန်းလျှော့ပေးတာတို့၊ တခြားသော Infrastructure နည်းနဲ့ ဆောက်လုပ်ပြီးတော့မှ ဖော်ထုတ်ပေးတာတို့ဆိုရင် ဒီ အိမ်ခြံမြေ ပြန်လည်ကေကာင်းလာမယ့်အချက်တွေ အများကြီးရှိတယ်။ အစိုးရက ကျနော်တို့ထက် ပိုသိပါတယ်။ အမြန်ဆုံးလုပ်ပေးချိန်တန်ပြီလို့ ကျနော် အကြံပြုချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com